Japan

ဂျပန်ပြည်သူအများစုက စီးပွားရေးထက် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအပေါ် ပိုမိုအလေးပေးကြောင်း စစ်တမ်းအရ သိရှိရ

Last Updated:

ဂျပန်ပြည်သူများအားလုံး၏ ၇၀ % နီးပါးက အစိုးရအနေဖြင့် စီးပွားရေးထက် ကိုရိုနာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအပေါ် ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုလားနေကြောင်း NHK သတင်း ဌာနမှ ကောက်ယူခဲ့သည့် စစ်တမ်းတွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

အဆိုပါစစ်တမ်းကို ဇူလိုင်လ ၁၁ရက်နေ့နှင့် ၁၂ ရက်နေ့ (ရုံးပိတ်ရက်များ)တွင် တယ်လီဖုန်း မှတဆင့် လူပေါင်း ၁၂၀၀ ကျော်ခန့်ကို ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ စစ်တမ်းအရ ကိုရိုနာကူးစက်ပြန့်ပွားမှု တားဆီးရေးလုပ်ငန်းစဉ်နှင့် စီးပွားရေးပိုင်းဆောင်ရွက်ချက်များအနက် မည်သည့်အချက်အပေါ်  အစိုးရအနေဖြင့်  ပိုပြီး ဦးစားပေးသင့်သည် ဟူသည့် မေးခွန်းကို မေးမြန်း ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ရောဂါကူးစက်မှုတားဆီးရေးကိုသာ အလေးထားဆောင်ရွက်သင့် သည်ဟု ဖြေကြားသူများ ၆၇ % နှင့် စီးပွားရေးပိုင်း ဆောင်ရွက်ချက်များကိုသာ ဦးစားပေး သင့်သည်ဟု ဖြေကြားသူများ ၂၅ % ကျော်ရှိပါသည်။

ထို့အပြင် ကျူးရှူး၊ ဂီဖုနှင့် နာဂါနိုစီရင်စုဒေသများ အပါအဝင် ဂျပန်နိုင်ငံ၏ ဒေသအတော်များများတွင် မိုးသည်းထန်မှုကြောင့် ရေကြီးခြင်း၊ ရေလျှံခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ရမှုများနှင့်ပတ်သက်၍ ကိုရိုနာ ဗိုင်းရပ်စ်နှင့် ထိတွေ့မှုအန္တရာယ်အပေါ် မည်မျှ စိုးရိမ်မှုရှိ/မရှိကို စစ်တမ်းကောက်ယူခဲ့ရာ စိုးရိမ်မှု ရှိသူ ၈၂ % နှင့် လုံးဝမစိုးရိမ်သူ ၁၂ %ရှိကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan