Japan

ဂျပန်လေကြောင်းလိုင်း (JAL) က ၂၀၂၀ ဘဏ္ဍာနှစ်တွင် အမြတ် ၄၀ %ကျော် လျော့ကျနိုင်ကြောင်း ခန့်မှန်းခဲ့

Last Updated:

ဂျပန်လေကြောင်းလိုင်း (JAL) သည် လက်ရှိ ကိုရိုနာကပ်ရောဂါပြန့်ပွားနေသည့်အတွက် ၎င်းတို့၏ ယခုနှစ်အတွက် အသားတင်အမြတ်ငွေကို ၄၃ % ခန့်ထိ လျော့ကျနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုခဲ့ပါသည်။

ကိုရိုနာကပ်ရောဂါပြန့်ပွားမှုသည် (JAL) ၏ ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းခရီးစဉ် များကို ဆိုးဆိုးရွားရွားသက်ရောက်စေခဲ့ပြီး လာမည့်ဘဏ္ဍာနှစ်အကုန်တွင် ရရှိမည့် အသားတင် အမြတ်ငွေသည် မူလရည်မှန်းထားသည့် ယန်း ၉၃ ဘီလီယံထက် ပိုမိုလျော့ကျကာ ယန်း ၅၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၅၀၀) ခန့်သာ လျော့ကျရရှိမည်ဖြစ်ကြောင်း သုံးသပ်ပြောဆို လိုက်ပါသည်။

ဗိုင်းရပ်စ်ပြန့်ပွားနေမှု တားဆီးရန် ကမ္ဘာတစ်ဝှမ်း နိုင်ငံများအကြား လေယာဉ်ဝင်/ထွက်မှုများ ပိတ်ပင်တားမြစ်ထားခြင်း၊ ဂျပန်တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေငြာထားပြီး အာဏာပိုင်များက ပြည်သူပြည်သားများအား ခရီးသွားလာခြင်းမပြုရန် တောင်းဆိုထားခြင်းကြောင့် အဓိကပြည်တွင်းခရီးစဉ်များ ဖျက်သိမ်းလိုက်ရသည့်အတွက် ဝင်ငွေ သိသိသာသာ ကျဆင်းလာရခြင်းဖြစ်ကြောင်း (JAL) က ဆိုပါသည်။

(JAL) အနေဖြင့် လေကြောင်းခရီးစဉ်များ လျော့ချြခင်း၊ လေယာဉ်အရွယ်အစား လျော့ချပျံသန်းခြင်းများ ဆောင်ရွက်နေသော်လည်း အဆိုပါကြိုးပမ်းချက်များသည် ဆုံးရှုံးမှုကို ကာမိခြင်း မရှိပါကြောင်း၊ ယခင်နှစ်ကရရှိခဲ့သည့် အသားတင်အမြတ်ငွေ ယန်း ၁၅၀ ဘီလီယံ ရရှိခဲ့ပြီး အရောင်းငွေမှာလည်း ၁.၄၈ ထရီလီယံရရှိခဲ့ပါကြောင်း ဆိုပါသည်။

ယခုဧပြီလအတွင်း သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် Virgin Australia သည် ကိုရိုနာကပ်ရောဂါ ဂယက်ကြောင့် ဒေဝါလီခံလိုက်ရသည့်ကိစ္စသည် ကမ္ဘာ့ လေကြောင်းကဏ္ဍကို ဒဏ်ချက်တစ်ခုသဖွယ်ဖြစ်စေပါသည်။ ထို့အပြင် ယခု သီတင်းပတ်အတွင်း နော်ဝေးနိုင်ငံလေကြောင်းလိုင်းက ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံများရှိ ၎င်း၏ လက်အောက်ခံ လေကြောင်းကုမ္ပဏီ ၄ ခုကို ဒေဝါလီခံမည့်ကိစ္စ ထုတ်ပြန်လိုက်ပါသည်။ ဂျပန်နိုင်ငံ၏ ANA လေကြောင်းလိုင်းကလည်း ၎င်း၏ နှစ်စဉ် အသားတင်အမြတ်ငွေကို ၇၁ % လျော့ကျသွားမည်ဖြစ်ကြောင်း ခန့်မှန်းပြောဆိုလိုက်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan