Japan

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရသည် COVID-19 အကျပ်အတည်းကို တုန့်ပြန်နိုင်ရေးအတွက် ယန်း ၁၁၇ ထလီလီယံ ထပ်မံ၍ အတည်ပြုခဲ့ခြင်း

Last Updated:

ကိုရိုနာကပ်ရောဂါကြောင့် ကျဆင်းနေသည့် နိုင်ငံ၏စီးပွားရေးကို အင်အားဖြည့်တင်းရန် ယန်း ၁၀၀ ထလီရီယံကျော်တန်ဖိုးရှိသည့် အရေးပေါ်ရန်ပုံငွေကို ပံ့ပိုးနိုင်ရန် ဂျပန်အစိုးရသည် ဒုတိယအကြိမ် ထပ်ဆောင်းဘတ်ဂျက်အဖြစ် မေလ ၂၇ ရက်နေ့က အတည်ပြုခဲ့ပါသည်။

အဆိုပါ ရန်ပုံငွေအစီအစဉ်သစ်သည် ကပ်ရောဂါဂယက်ရိုက်မှုကြောင့် စီးပွားရေးထိခိုက်မှုဒဏ် ခံစားကြရသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို ပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ဗဟိုအစိုးရ၊ ခရိုင်အစိုးရများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ၊ ပုဂ္ဂလိကကဏ္ဍ နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများအပါအဝင် စီမန်ခန့်ခွဲသုံးစွဲမည့် အဆိုပါ ရန်ပုံငွေသည် ယန်း ၁၁၇.၁ ထလီရီယံရှိကြောင်းသိရပါသည်။ ယခုအကြိမ်ပံ့ပိုးငွေပမာဏသည် လွန်ခဲ့သည့် တစ်လကျော်ခန့်က လွှတ်တော်က ခွင့်ပြုခဲ့သည့် ပထမအကြိမ်အရေးပေါ် တုံ့ပြန်မှု အစီအမံများ၏ ပမာဏနှင့်ပမာဏတူညီပြီး ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အများပြားဆုံး ပမာဏဖြစ်ပါသည်။

အဆိုပါ အရေးပေါ်တုန့်ပြန်မှုအစီအမံများအတွက် ဘတ်ဂျက်အပိုဆောင်းငွေ (ပထမ နှင့် ဒုတိယအကြိမ်အတွက် စုစုပေါင်းတန်ဖိုး ယန်း ၂၀၀ ထလီရီယံခန့်)ကို နိုင်ငံသားများ၏ အလုပ်အကိုင်များ၊ စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးရန်အတွက် အသုံးချသွားရန် ဝန်ကြီးချုပ်က မေလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် နိုင်ငံတစ်ဝှမ်းအား အရေးအပေါ် အခြေအနေမှ ရုတ်သိမ်းကြောင်း ကြေငြာသည့် အစည်းအဝေးတွင် ကတိပြုပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယအကြိမ်အရေးပေါ်အစီအမံအတွက် ဘတ်ဂျက်အပိုဆောင်းငွေကို အကောင်အထည်ဖော်ရာတွင် ကိုရိုနာကပ်ရောဂါကြောင့် လုပ်ငန်းထိခိုက်ခဲ့ရသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ၁၀၀ % ပံ့ပိုးပေးရန် ပြင်ဆင်နေပါကြောင်း၊ အလုပ်အကိုင်ထိခိုက်ခဲ့ရသည့် ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် အများဆုံး ပမာဏယန်း ၈၃၃၀ ခန့်ကို ပံ့ပိုးပေးရန် ပြင်ဆင်ထားပါကြောင်းသိရပါသည်။

ပထမအကြိမ်ပံ့ပိုးခဲ့သည့် အရေးပေါ်ရန်ပုံငွေ ဘတ်ဂျက်အစီအစဉ်သည် ကုမ္ပဏီများ အားလုံးအတွက် လုံလောက်မှုမရှိပါကြောင်း၊ အဆိုပါကုမ္ပဏီများသည် ပြီးခဲ့သည့် တစ်လကျော်ခန့်ကပင် အခြေအနေ ပိုမိုဆိုးရွားလာကြပါကြောင်း၊ နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရမှုများနှင့် ပြည်သူများ၏ အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်မားလာနိုင်ပါကြောင်း၊ သို့ဖြစ်ရာ ဂျပန်အစိုးရအနေဖြင့် ရန်ပုံငွေအစီအစဉ်ကို ထပ်မံတိုးမြှင့်သင့်ပါကြောင်းဟု Citigroup Global Markets Japan Inc. မှ အကြီးတန်းစီးပွားရေးပညာရှင်ဖြစ်သူ Kiichi Murashima က ပြောကြားခဲ့ပါသည်။

အဆိုပါ ဒုတိယအကြိမ် အရေးပေါ်ရန်ပုံငွေအစီအစဉ်တွင် ကျူရှင်ခနှင့် ကျောင်းလခများ ပေးချေရန် အကျပ်အတည်းဖြစ်နေသည့် ကျောင်းသားများအတွက်လည်း ပါဝင်မည်ဖြစ်ကြောင်း၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် အားကစားနယ်ပယ်များမှ ကျောင်းသားများအတွက်လည်း အကျုံးဝင်မည်ဖြစ်ပါကြောင်း သိရပါသည်။ ထို့အပြင် ကိုရိုနာကပ်ရောဂါ ပြန့်ပွားနေချိန်တွင် ရှေ့တန်းမှ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည့် ဆေးဝန်ထမ်းများအတွက် ယန်း နှစ်သိန်း ဆုကြေးပေးမည့် အစီအစဉ်လည်း ပါဝင်ပါသည်။

ဂျပန်အစိုးရအနေဖြင့် ကပ်ရောဂါဂယက်ရိုက်မှုအကျပ်အတည်းမှ လျော့ပါးစေရေး မူဝါဒများချမှတ်ပံ့ပိုးဆောင်ရွက်နေသော်လည်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အရှိန် နှေးကွေးသည်ဟူသည့် ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရပါသည်။ ဥပမာအားဖြင့် အစိုးရ၏ ပထမအကြိိမ် အရေးပေါ်ကုစားမှုအစီအမံများအနက် တစ်ခုဖြစ်သည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအား ယန်း တစ်သိန်းထောက်ပံ့ပေးသည့် ဆောင်ရွက်ချက်နှင့်ပတ်သက်၍ နိုင်ငံတစ်ဝှမ်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးများတွင် ဖြေရှင်းဆောင်ရွက်နေရသည့် အခက်အခဲများကို ဂျပန်မီဒီယာများတွင် ဝေဖန်ချက်များ ရေးသားထုတ်ပြန်နေကြကြောင်း သိရပါသည်။

 

 

ရင်းမြစ်။ The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan, The Japan Times, The Japan News, The Yomiuri Shimbun, The NHK World.

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan