Japan

ဂျပန်အစိုးရက ခရိုင်ဒေသ ၃၀ ကျော်တွင် အရေးပေါ်အခြေအနေ ရုတ်သိမ်းနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန် ဂျပန်အစိုးရက တစ်နိုင်ငံလုံးအား မေလ ၃၁ ရက်နေ့အထိ အရေးပေါ်အခြေအနေ ကြေငြာထားသော်လည်း ကူးစက်မှုနှင့် ပတ်သက်၍ အထူးသတိပေးထားသည့် နေရာမဟုတ်သည့် ခရိုင်ဒေသ ၃၄ ခုကို သတ်မှတ်သက်တမ်းမစေ့မီ ရုတ်သိမ်းနိုင်ဖွယ်ရှိကြောင်း ပြောကြားလိုက်ပါသည်။

ဂျပန်နိုင်ငံ၊ စီးပွားရေးပြန်လည်အားကောင်းလာစေရေးဆိုင်ရာဝန်ကြီး Mr. Nishimura Yasutoshi က ကျွမ်းကျင်ပညာရှင်များအဖွဲ့ထံမှ အကြံဉာဏ်များ ရယူကာ တစ်ပတ်အတွင်း ကူးစက်သူအရေအတွက် ကျဆင်းမှုအခြေအနေ၊ သက်ဆိုင်ရာဒေသရှိ နေထိုင်သူလူဦးရေနှင့် ကူးစက်သူဦးရေ အချိုးအစားများကို ချင့်တွက်ကာ အစိုးရအနေဖြင့် ကူးစက်မှုအသစ် မတွေ့ရှိရသည့် ခရိုင်ဒေသအချို့တွင် အရေးပေါ်အခြေအနေ ရုတ်သိမ်းမည့်ကိစ္စကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မေလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါသည်။

ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr. Kato Katsunobu က ရောင်းအား ကျဆင်းနေသော်လည်း ဝန်ထမ်းများကို အလုပ်ဆက်လက်ခန့်ထားသည့် စီးပွားရေး လုပ်ငန်းများကို အစိုးရက အလုပ်အကိုင်ဆိုင်ရာ ထောက်ပံ့ကြေးများပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ လျှောက်ထားရမည့်နည်းလမ်းများ၊ အစိုးရက လည်း ထိုထောက်ပံ့ကြေးကို လျှောက်ထားပြီး နှစ်ပတ်အတွင်း ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ပြောကြားခဲ့ပါသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကြောင့် အလုပ်မှအနားယူနေရသည့် ဝန်ထမ်းတစ်ဦးအတွက် အများဆုံး အမေရိကန်ဒေါ်လာ ၈၀ ခန့် ပံ့ပိုးပေးသွားမည့်အစီအစဉ်ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၊ ကုန်သည်နှင့်စက်မှုအသင်းချုပ် (JCCI) ၏ ဥက္ကဌ Mr. Mimura Akio က အဆိုပါအစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ပြီး ကုမ္ပဏီများ ဒေဝါလီခံရခြင်း၊ စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းခြင်းများက လူ့အဖွဲ့အစည်းအပေါ် ကြီးမားသည့် ဝန်ထုတ်ဝန်ပိုးများ ကျရောက်စေခဲ့ ကြောင်းနှင့် ထောက်ပံ့ကြေးများကို အမြန်ဆုံး ထုတ်ပေးရန် အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan