Japan

ဂျပန်အစိုးရက ယန်းငွေတစ်သိန်း ထောက်ပံ့မည့် အစီအစဉ်နှင့်ပတ်သက်သည့် အချက်အလက်အကျဉ်းချုပ်ကို ထုတ်ပြန်ကြေငြာခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကိုင်တွယ်ဖြေရှင်းမှုများမှ စီးပွားရေးဆိုင်ရာ ပံ့ပိုးဆောင်ရွက်မှု၏အစိတ်အပိုင်းတစ်ခုအဖြစ် ဂျပန်အစိုးရသည် နိုင်ငံအတွင်း နေထိုင်သူအားလုံးအတွက် ယန်းငွေတစ်သိန်းစီ ထောက်ပံ့ပေးမည့် အစီအစဉ်အသေးစိတ်နှင့် ပတ်သက်သည့် အချက်အလက် အကျဉ်းချုပ်ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

မည်သည့်နိုင်ငံသားဖြစ်စေ ဂျပန်နိုင်ငံ၏ နေထိုင်သူအခြေခံမှတ်ပုံတင်စာရင်းတွင် ပါဝင်သူတိုင်းကို ယန်းငွေတစ်သိန်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး Mr. TakaichiSanae က အဆိုပါ အစီအစဉ် အကျဉ်းချုပ်ကို ကြေငြာခဲ့ပါသည်။

ဧပြီလ ၂၇ ရက် တွင် ဂျပန်နိုင်ငံ၌ နေထိုင်သူအခြေခံမှတ်ပုံတင်စာရင်းတွင် ပါဝင်သူတိုင်း အကျုံးဝင်မည်ဖြစ်ပါကြောင်း၊ ဆိုလိုသည်မှာ ဂျပန်နိုင်ငံတွင် နေထိုင်သူအဖြစ် မှတ်ပုံတင်ထားပြီး ဗီဇာသက်တမ်း ၃ လ အထက်ရှိသည့် နိုင်ငံခြားသားများ အပါအဝင် ယခုအစီအစဉ်နှင့် အကျုံးဝင်သည်ဟူသည့် အဓိပ္ပါယ်ဖြစ်ပါကြောင်း ဆိုပါသည်။

မြို့ရွာအုပ်ချုပ်ရေးရုံးများမှ အိမ်ထောင်ဦးစီးများထံ လျှောက်လွှာများ ပေးပို့သွားမည်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် ကိုယ်ရေးသက်သေခံအထောက်အထားနှင့် ဘဏ်စာရင်းဆိုင်ရာ အချက်အလက်မိတ္တူများကိုပူးတွဲ၍ ဘဏ်စာရင်းနံပါတ်တစ်ခုကိုပါ တင်ပြပေးရမည်ဖြစ်ပါကြောင်း၊ အိမ်ထောင်စုအတွက် ပေးအပ်မည့်ငွေစုစုပေါင်းကို ဘဏ်စာရင်းတွင် လွှဲပြောင်းပေးပို့သွားမည် ဖြစ်ပါကြောင်း၊ အွန်လိုင်းမှ တစ်ဆင့်လျှောက်ထားရန် "My Number Card" အမည်ရသည့် တစ်ဦးချင်းသက်သေခံစနစ်ကိုလည်း အသုံးပြုလျှောက်ထားနိုင်ပါကြောင်း၊ အစောဆုံးအနေဖြင့် မေလတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး အုပ်ချုပ်ရေးရုံးများမှ တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan