Japan

ဂျပန်၏ ပထမ သုံးလပတ်ကာလ GDP ကျဆင်းခဲ့ကြောင်း အစိုးရအဖွဲ့ပြောကြား

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြန့်ပွားနေမှုဂယက်သည် ဂျပန်နိုင်ငံ၏ စီးပွားရေးအပေါ် ကြီးမားသည့် ထိခိုက်မှု ဆက်လက်ဖြစ်ပွားနေပြီး ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ကာလအတွက် GDP သည်လည်း ကျဆင်းခဲ့ကြောင်းသိရပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး GDP သည်လေးပုံနှစ်ပုံခန့် ဆက်တိုက်ကျဆင်းသွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ဂယက်ရိုက်မှုကြောင့် နိုင်ငံ၏ စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဂျပန်နိုင်ငံ၊ စီးပွားရေးပြန်လည် အားကောင်းလာစေရေးဆိုင်ရာ ဝန်ကြီး Mr. Nishimura Yasutoshi က မေလ ၁၈ ရက်နေ့ က ခန့်မှန်းပြောကြားလိုက်ပါသည်။

အဆိုပါ သုံးလပတ်ကာလအတွက် GDP သည် လွန်ခဲ့သည့်နှစ်၏ သုံးလပတ်ကာလနှင့် နှိုင်းယှဉ်ကြည့်ပါက  တစ်နှစ်စာပျမ်းမျှတန်ဖိုး၏ ၃.၄ % ခန့် ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏  GDP ၏ ထက်ဝက်ကျော် ပမာဏအထိရှိသည့် တစ်ဦးချင်းသုံးစွဲမှု ပမာဏသည် လည်း ၀.၇ %  ကျဆင်းခဲ့ကြောင်း သိရပါသည်။ အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထားသဖြင့် ပြည်သူများနေအိမ်ပြင်ပတွင် စားသောက်ခြင်းများ၊ အလည်အပတ်သွားရောက်ခြင်းများ လျော့ကျလာခဲ့ခြင်းဖြစ်ပြီး အလားတူ မော်တော်ကား အရောင်းသည်လည်း သိသိသာသာကျဆင်းလာခဲ့ကြောင်း ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းကြောင့် စီးပွားရေး‌လုပ်ငန်းပိုင်း လုပ်ကိုင်ဆောင်ရွက်မှုများကို အကန့်အသတ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နေရသည့်အတွက် သက်ရောက်မှုများကြီးမားနိုင် ကြောင်း၊ နိုင်ငံတွင်း အရေးပေါ်အခြေအနေ ကြေငြာပြီးနောက်ပိုင်း ဧပြီလနှင့် မေလတို့၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများ ကျဆင်းနိုင်ခြေရှိပါကြောင်း ၎င်းကဆိုပါသည်။

ကမ္ဘာနိုင်ငံအများစုတွင် စီးပွားရေးလုပ်ငန်းများ ထိုင်းမှိုင်းနေခြင်းကြောင့် ပြည်ပပို့ကုန်ကဏ္ဍသည်လည်း ၆ % ကျဆင်းသွားခဲ့ပါကြောင်း၊  အိမ်ရာဝယ်ယူရင်းနှီးမြှုပ်နှံမှု သည် ၄.၅ % ကျဆင်းခဲ့ပြီး ကုမ္ပဏီများတွင်ရင်းနှီးမြှုပ်နှံမှုသည်လည်း ၀.၅ % ကျဆင်းခဲ့ ကြောင်းသိရပါသည်။ ဧပြီလကနေ ဇွန်လအထိ နောက်သုံးလပတ် ကာလတွင် လည်း ကပ်ရောဂါသက်ရောက်မှုကြောင့် စီးပွားရေး ဆက်လက်ထိခိုက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြပါသည်။

အခြားသောကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း ကိုရိုနာကူးစက်ရောဂါဒဏ်ကို ဆက်လက်ခံစားနေကြရသည့်အတွက် စီးပွားရေးများ ဆက်တိုက်ကျဆင်းလာနိုင်မည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်လည်း ဒုတိယအကြိိမ်ထပ်ဆောင်းဘတ်ဂျက်တွင် စီပွားရေးနာ လန်ထူရေးအရန်စီမံချက်များ ထည့်သွင်းစီစဉ်ထားပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ၊ အလုပ်အကိုင်များ၊ ပြည်သူများ၏ လူနေမှုဘဝများကို အကာအကွယ်ပေးမည့် မူဘောင်တစ်ရပ်ကို ဖော်ဆောင်လိုပါကြောင်း၊ ကပ်ရောဂါသက်ရောက်မှုကြောင့် စီးပွားရေး ဆက်လက်ကျဆင်းနိုင်မည်ဟု သုံးသပ်ရသဖြင့် ပြည်သူများကလည်း စိုးရိမ်ပူပန်နေကြသည့်အတွက်  ဂျပန်နိုင်ငံ၏စီးပွားရေးကို ကယ်တင်နိုင်မည့် ဆောင်ရွက်ချက်များကို အလေးထားဆောင်ရွက်သင့်ပါကြောင်း ဝန်ကြီး Mr. Nishimura ကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan