Japan

ဂျပန်၏ ပြည်ပပို့ကုန်တင်ပို့မှု ဇွန်လအတွင်း ဆက်လက်ကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုအပိုင်း ကျဆင်းနေမှုသည် ကိုရိုနာကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကာလအတွင်း ပိုမိုဆိုးရွားလာကြောင်း သိရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းမှ အစပြု၍ ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွားနေသည့်အတွက် ကမ္ဘာ့နိုင်ငံများအကြား ကူးလူးဆက်သွယ်မှုများ ယာယီရပ်ဆိုင်းထားခဲ့ခြင်းနှင့် စီးပွားရေးလုပ်ငန်းများကိုလည်း ယာယီပိတ်သိမ်းထားခဲ့ရခြင်းများကြောင့် ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသို့ မော်တော်ကား များနှင့် မော်တော်ကားအစိတ်အပိုင်း တင်ပို့မှုများသည် ရပ်တန့် နေခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုများသည်လည်း ကျဆင်းခဲ့ကြောင်းဆိုပါသည်။

လက်ရှိ၌ ကမ္ဘာ့နိုင်ငံအတော်များများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နေကြ သော်လည်း မူလအခြေနေသို့ ပြန်လည်ရောက်ရှိရန်  မလွယ်ကူသေးသည့် အတွက် ပို့ကုန်ဦးစား ပေးသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ နာလန်ထူရန် အလှမ်းကွာ နေဆဲဖြစ်ပါကြောင်း သိရပါသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ဇွန်လအ တွက် ပို့ကုန်တင်ပို့မှုအခြေအနေသည် အမေရိကန်ဒေါ်လာ ၄၅.၃ ဘီလီယံခန့် ရှိပါကြောင်း၊ ပို့ကုန် တင်ပို့မှုအပိုင်းသည် ဇွန်လအတွင်း  ၂၆.၂ % ကျဆင်းခဲ့ပြီး အဆိုပါ ကျဆင်းမှုသည် ယခင်နှစ်က အခြေအနေဖြစ်သည့် ၂၄. ၉ % နှင့် နှိုင်းယှဉ်ပါက ပိုမိုကျဆင်းနေပါကြောင်း စီးပွားရေး သုံးသပ်သူ များက ပြောကြားခဲ့ပါသည်။

ဂျပန်၏ အဓိကပို့ကုန်စျေးကွက်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ ပို့ကုန်များတင်ပို့မှုသည်  ၄၆.၆ % ကျဆင်းခဲ့ပြီး မော်တော်ကားတင်ပို့မှု ၆၃.၃%၊ လေယာဉ်စက်ပစ္စည်း တင်ပို့မှု ၅၆ %နှင့် မော်တော်ကားအစိတ်အပိုင်းတင်ပို့မှု ၅၈.၃ % အသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဂျပန်၏ အကြီးမားဆုံးသော ပို့ကုန်စျေးကွက်ဖြစ်ခဲ့ပြီး ဒုတိယ အကြီးဆုံးမှာ တရုတ်နိုင်ငံဖြစ်ကာ မော်တော်ကားများ၊ မော်တော်ကားအစိတ်အပိုင်းများနှင့် စက်ပစ္စည်းအစိတ် အပိုင်းများ အများဆုံး တင်ပို့ခဲ့ပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့မှုများအနေဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇွန်လအတွင်း chip-making machinery ပိုင်းနှင့် အခြားဓာတုပစ္စည်းများ တင်ပို့မှု လျော့ကျခဲ့သည့်အတွက် ၀.၂ % ကျဆင်းခဲ့ပါသည်။ ဂျပန်၏ ပြည်ပပို့ကုန်အားလုံး၏ ထက်ဝက်ခန့်ပမာဏရှိသည့် အာရှတိုက်သို့ တင်ပို့မှုများအနေဖြင့် ၁၅.၃ %ကျဆင်းခဲ့ပြီး ဥရောပသမဂ္ဂသို့ တင်ပို့မှုများမှာ ၂၈.၄ % အသီးသီး ကျဆင်းခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့ရေနံစျေးနှုန်းများကျဆင်းခြင်းနှင့် ဝယ်လိုအား ကျဆင်းခြင်းများ၏ သက်ရောက်မှုကြောင့် ဇွန်လအတွင်း ဂျပန်၏ သွင်းကုန်များသည်လည်း ၁၄.၄% ကျဆင်း ခဲ့ပါသည်။  ဂျပန်ဗဟိုဘဏ်ကမူ နိုင်ငံ၏စီးပွားရေးသည် လက်ရှိကျဆင်းနေသည့်အခြေအနေမှ ပြန်လည်ထူမတ်လာနိုင်မည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု အလား အလာမှလည်း ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း   ထုတ်ဖော်ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

 

Category: Japan