Japan

ဂျပန်၏ အရေးပေါ်အခြေအနေကြေငြာလိုက်ခြင်းကြောင့် နောက်ဆက်တွဲ သက်ရောက်မှု ဂယက်များ

Last Updated:

ဧပြီလ ၇ ရက်နေ့ညနေပိုင်းက ထုတ်ပြန်ခဲ့သည့် ဂျပန်၏ အရေးပေါ်အခြေအနေ ကြေငြာချက်သည် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ် အနေအထားတစ်ခု အထိ ကန့်သတ်မှုများရှိလာစေမည်ဖြစ်ပါသည်။ အဆိုပါကြေငြာချက်အရ သတ်မှတ်ထားသော နယ်ပယ်ဧရိယာများရှိ ပြည်သူများအနေဖြင့် သတ်မှတ်ကာလအတွင်း မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်းမှ  ရှောင်ရှားကြရန် စီရင်စုများရှိ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက  တောင်းဆိုနိုင်သည့် အခွင့်အာဏာရှိမည်ဖြစ်ပါသည်။

ဆေးရုံဆေးခန်းသွားခြင်း၊ နေ့စဉ်သုံးကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့် လုပ်ငန်းခွင်သို့ သွားရောက်ခြင်းတို့ကို  ခြွင်းချက်အနေဖြင့် ခွင့်ပြုထားပြီး မလိုအပ်ဘဲ အိမ်ပြင်ထွက်ခြင်းမှ ရှောင်ရှားရန်တောင်းဆိုခြင်းသည် မဖြစ်မနေလိုက်နာရမည့် အမိန့်မျိုးမဟုတ်ဘဲ ပြည်သူများအနေဖြင့် မိမိအသိစိတ်ဓာတ်ဖြင့်သာ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ဆိုပါသည်။

အုပ်ချုပ်ရေးမှူးများအနေဖြင့် ကန့်သတ်ဧရိယာအတွင်း ကျောင်းများပိတ်ရန်နှင့် အဆောက်အအုံကြီးများအသုံးပြုမှုကန့်သတ်ရန် အာဏာကိုလည်း  အဆောက် အအုံကြီးများ အသုံးပြုမှုကန့်သတ်ရန် အခွင့်အာဏာများ ရှိမည်ဖြစ်ပါသည်။  ထိုအခွင့်အာဏာများတွင် နေ့ကလေးထိန်းကျောင်းများ၊ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေးစင်တာများနှင့် အခြားသော လူမှုဖူလုံရေးစင်တာများ ပါဝင်ကြောင်း သိရပါသည်။

ထို့အပြင် ကပွဲဇာတ်ရုံ၊ ခန်းမများ၊ ကုန်တိုက်များ၊ စျေးဝယ်စင်တာများ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ ကျန်းမာရေးလေ့ကျင့်ရုံများ၊ ရေကူးကန်၊ ပြတိုက်နှင့် စာကြည့် တိုက်များ၊ ယာဉ်မောင်းလေ့ကျင့်သည့်နေရာများ၊ ယာဉ်မောင်းသင်တန်းများ၊ သင်တန်းခန်းမနေရာများ၊ နိုက်ကလပ်များ စသည်တို့ကိုလည်း ကန့်သတ်မည်ဖြစ်ပြီး စျေးဝယ်စင်တာများအနေဖြင့် အစားအသောက်၊ ဆေးဝါးနှင့် သန့်ရှင်းရေးသုံးပစ္စည်း စသည့် အဓိကလိုအပ်သည့် လူသုံးကုန် ပစ္စည်းပစ္စည်းရောင်းချခြင်းကိုသာ ခွင့်ပြုထားမည်ဖြစ်ပါသည်။

စည်းမျည်းစည်းကမ်းကို မလိုက်နာသည့် အဆောက်အအုံများကို  စီရင်စုအုပ်ချုပ်ရေးမှူးများက အဆောက်အအုံပိတ်သိမ်းရန် ညွှန်ကြားချက်ထုတ်ပြန်မည်ဖြစ်ပြီး အဆိုပါ စည်းကမ်းမလိုက်နာသည့် အဆောက်အအုံစီမံခန့်ခွဲသူကို လူသိရှင်ကြား ထုတ်ပြန် ကြေငြာ နိုင်သည့် အခွင့်အာဏာပါ ရှိမည်ဖြစ်ပါသည်။

မဖြစ်မနေလိုအပ်သည့်  အဆောက်အအုံများကို အရေးပေါ် အခြေအနေကြေငြာခဲ့သော်လည်း ပိတ်သိမ်းမည်မဟုတ်ဘဲ လျှပ်စစ်၊ ဂက်စ်နှင့်ရေစသည့် မရှိမဖြစ် ဝန်ဆောင်မှုများ စီမံခန့်ခွဲသည့် ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍ ပုံမှန်ဖြန့်ဖြူးရေးကို အာမခံပေးနိုင်သည့် လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်နိုင်ရေး တောင်းဆို သွားမည်ဟု သိရပါသည်။ သယ်ယူပို့ဆောင်ရေး၊ တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများနှင့်  စာတိုက်များကိုလည်း ပုံမှန်ဖွင့်လှစ် ဆောင်ရွက်သွားရန် သတ်မှတ်မည်ဖြစ်ပြီး အချို့သော လုပ်ငန်းစဉ်များသာ မလုပ်မနေရ လိုက်နာရမည်ဖြစ်ပါသည်။

စီရင်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ယာယီဆေးကုသမှု အဆောက်အအုံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ ပိုင်ရှင်များ၏ သဘောတူညီမှုမရရှိဘဲ မြေယာနှင့် အဆောက်အအုံများကို အသုံးပြုဆောင်ရွက်နိုင်သည့် အခွင့်အာဏာကို ရရှိမည်ဖြစ်ပြီး အရေးပေါ်လိုအပ်ပါက ဆေးဝါးကုသမှုဆိုင်ရာ ပစ္စည်းများ သိမ်းယူအသုံးပြု ခွင့်ပါရရှိမည်ဖြစ်ပါ သည်။ ဆေးဝါးပစ္စည်းဖြန့်ချိသူများအနေဖြင့်လည်း ဆေးကုသမှုဆိုင်ရာပစ္စည်းများ စုဆောင်း ထားရှိမှုနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို မလိုက်နာပါက  ဒဏ်ငွေ (အမြင့်ဆုံး ) အမေရိကန်ဒေါ်လာ ၂၈၀၀ ဝန်းကျင်အထိ သို့မဟုတ် ထောင်ဒဏ် ၆ လအထိ ချမှတ်ခံရမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan