Germany

ဂျာမနီနိုင်ငံတွင် ဆောင်းရာသီဓာတ်ငွေ့သုံးစွဲမှုအတွက်အစီအစဉ်များချမှတ်

Last Updated:

ဂျာမနီနိုင်ငံတွင် လာမည့်ဆောင်းရာသီ၌ စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများက သုံးစွဲကုန်ကျရန်ရှိသည့် ဓာတ်ငွေ့များအတွက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ သုံးစွဲသည့် ကီလိုဝပ်နာရီအလိုက် ယူရို (၂.၄) ဆင့် (2.4 euro cent per kilowatt hour) နှုန်းဖြင့် စည်းကြပ်ကောက်ခံ မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ လက်ရှိအခြေအနေတွင် ကုမ္ပဏီများအနေဖြင့် သုံးစွဲသူပြည်သူ များထံမှ တိုးမြှင့်ကောက်ခံရန် ခွင့်ပြုချက်မရရှိသေးသော်လည်း မကြာမီ ပြောင်းလဲမှုများရှိလာနိုင်မည်ဖြစ်သည်။ ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz က ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်လာနိုင်မည်ဖြစ်သော်လည်း ပြည်သူများအတွက် များစွာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီမံဆောင်ရွက်လျှက် ရှိကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စရိတ်မြင့်မားခြင်းကို တစ်ဦးတည်းကျခံရခြင်းမျိုးဖြစ်စေမည်မဟုတ်ကြောင်း၊ တစ်ဖက်တွင်လည်း relief package များကို ပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားပါသည်။ ယခုစည်းကြပ်ကောက်ခံမှုသည် လက်ရှိအခြေအနေတွင် နိုင်ငံ တွင်း ဂက်စ်လုံလောက်စွာရရှိရေးအတွက် ရုရှားနိုင်ငံအပြင် အခြားထုတ်လုပ်ရရှိနိုင်သည့် နေရာများမှ ဈေးနှုန်းကြီးမြင့်စွာပေး၍ ပံ့ပိုးပေးနေသော ဂက်စ်လုပ်ငန်းများအတွက် ၉၀ ရာခိုင်နှုန်းကာမိစေရန် ရည်ရွယ်ကြောင်းလည်း သိရှိရပါသည်။ ဂျာမနီနိုင်ငံရှိ စုစုပေါင်း အိမ်ထောင်စုဦးရေ၏ ထက်ဝက်ခန့်သည် နေ့စဉ်သုံးစွဲမှုများအတွက် ဓာတ်ငွေ့ကို အဓိကအသုံးပြုနေကြခြင်း ဖြစ်ပါသည်။

ဂျာမန်ဘဏ္ဍာရေးဝန်ကြီး  Mr.Christian Lindner က စည်းကြပ်ကောက်ခံမှုအသစ် အပေါ် Sales tax ကောက်ခံမှု လျော့ပေါ့သက်သာခွင့်ပေးရန် အီးယူသို့ တောင်းဆိုရန်ရှိကြောင်း၊ German Association of Energy and Water Industries အကြီးအကဲဖြစ်သူ Ms. Kerstin Andreae က သုံးစွဲ သူများအတွက် အဓိကသက်သာမှုရှိစေရန်လိုအပ်ပြီး ပေးချေမှုများအတွက် Sales tax ကောက်ခံမှုကိုလျော့ပေါ့ပေးရန် လိုအပ်ကြောင်း၊ ဖက်ဒရယ် စီးပွားရေးဝန်ကြီး Mr.Robert Habeck က စည်းကြပ်မှုအသစ်ပြုလုပ်ခြင်းဖြင့် ဂက်စ်ရောင်းချဖြန့်ဖြူးမှုများကို လုံလောက်စေမည်ဖြစ်ပြီး Sales tax အတွက် ဘရပ်ဆဲလ်ဘက်က တုန့်ဆိုင်းမှုများရှိနေပါက အစီအစဉ်များချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ relief package များကိုလည်း စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါသည်။ ခန့်မှန်းခြေအားဖြင့် လူ (၄) ဦးနေထိုင်သည့် အိမ်ထောင်စုတစ်ခုတွင် တစ်နှစ်လျှင် ဂက်စ် သုံးစွဲမှုအတွက် ပိုမိုကုန်ကျစရိတ်မှာ Sales tax မပါဝင်ပါက ယူရို (၄၈၀) ခန့်ရှိနိုင်မည်ဟု ခန့်မှန်းထားရှိပါသည်။

ဂျာမနီနိုင်ငံရှိ အခြားပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများ အသင်းအဖွဲ့များဖြစ်သည့် Trade unions၊  German steelmakers' association၊ German federation of chemicals industries စသည်တို့ဘက်မှ စည်းကြပ်ကောက်ခံမှုအသစ်အတွက် ဝေဖန်မှုများမြင့်တက်လာနေပြီး အချို့ လုပ်ငန်းများမှာ ယခုစည်းကြပ်မှုမတိုင်မီကပင် ဂက်စ်ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ဘီလီယံများစွာ အကုန်အကျခံထားမှုရှိနေပြီး ကုန်ကျမှုများကို ကာမိစေရန် relief package များ ပံ့ပိုးဆောင်ရွက်ပေးရန် တောင်းဆိုလာကြပါသည်။  ဂျာမန်စတီးလုပ်ငန်းများသည် တစ်နှစ်လျှင် ယေဘူယျအား ဖြင့် သဘာဝဓါတ်ငွေ့ (၂) ဘီလီယံကုဗမီတာကို သုံးစွဲရန်လိုအပ်ပြီး ယခုစည်းကြပ်မှုအသစ်မတိုင်မီကပင် ဓါတ်ငွေ့ဈေးနှုန်းများ မြင့်တက်မှုကြောင့် ယူရို (၇) ဘီလီယံဘိုး ပိုမိုကျခံသုံးစွဲထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ဂက်စ်သုံးစွဲမှုတိုးမြှင့်ကောက်ခံမှုအပေါ် ဝေဖန်တောင်းဆိုမှုများရှိနေခြင်းများအတွက် ဂျာမန်ဝန်ကြီးချုပ် Mr.Olaf Scholz က ဩဂုတ်လ (၁၈) ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ဖက်ဒရယ်အစိုးရအနေဖြင့် ဓါတ်ငွေ့သုံးစွဲမှုအပေါ် value-added tax (VAT) ကောက်ခံနေမှုကို မူလ (၁၉) ရာခိုင်နှုန်း မှ (၇) ရာခိုင်နှုန်းသို့ ၂၀၂၄ ခုနှစ်အထိ လျော့ချကောက်ခံမည်ဖြစ်ကြောင်း၊ သုံးစွဲသူများအတွက် ထောက်ပံ့မှုများ ပိုမိုပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ကတိပြု ပြောကြားခဲ့ပါသည်။ ဆက်လက်၍ စွမ်းအင်ကုမ္ပဏီများအနေဖြင့် ယခုကဲ့သို့ ဂက်စ်သုံးစွဲမှုအတွက် တိုးမြှင့်ကောက်ခံမှုနှင့် အခွန် လျော့ချပေးမှုအစီအစဉ်များအရ သုံးစွဲသူပြည်သူများအပေါ် စရိတ်ကာမှုဖြစ်စေရန် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်းလည်း ပြောကြား ခဲ့ပါသည်။ ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သော တိုးမြှင့်ကောက်ခံမှုကဲ့သို့ပင် VAT လျော့ချကောက်ခံမှုသည် ၂၀၂၂ ခုနှစ်၊ အောက်တို ဘာလမှ စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ အကျုံးဝင်မည်ဖြစ်ပါသည်။ VAT လျော့ချကောက်ခံမှုသည်  ကုန်မျိုးစုံဆိုင်များ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စာအုပ်၊ မဂ္ဂဇင်း၊ ကဇာတ်ရုံနှင့် ပြတိုက်လက်မှတ်ဝယ်ယူမှုများအတွက်လည်း ပါဝင်ပြီး အခြားကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် မူလ ၁၉ ရာခိုင်နှုန်းအတိုင်း ကောက်ခံသွားမည်ဖြစ်သည်။

ဂျာမန်ဖက်ဒရယ်အစိုးရအနေဖြင့် ဂက်စ်သုံးစွဲမှုအပေါ် တိုးမြှင့်ကောက်ခံပြီး တစ်ဖက်တွင် VAT ကောက်ခံမှုနှုန်းကို လျော့ချပေးသည့်အစီအစဉ်ဖြင့် သုံးစွဲသူများအတွက် များစွာဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မျှော်လင့်ချက်ထားရှိပါသည်။ ဂျာမနီနိုင်ငံအနေဖြင့် အရန် LNG ကွန်တိန်နာများကိုလည်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလနောက်ဆုံးထား၍ ၉၅ ရာခိုင်နှုန်း ဖြည့်တင်းပြီးစီးရန် ဦးတည်ဆောင်ရွက်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.dw.com/en/germany-sets-winter-gas-levy-amid-warnings-of-its-impact/a-62806667
https://www.dw.com/en/germany-cuts-tax-on-gas-as-prices-rise-amid-war-in-ukraine/a-62849908

 

Category: Germany