Singapore

စင်ကာပူ - မလေးရှား နှစ်နိုင်ငံအကြား လုပ်ငန်းပိုင်းဆိုင်ရာအပြန်အလှန်ခရီးသွားလာခွင့်ကို သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ခွင့်ပြုမည်

Last Updated:

စင်ကာပူနှင့် မလေးရှားနိုင်ငံတို့တွင် ကာလရှည်နေထိုင်ခွင့်ရရှိထားသူများနှင့် လုပ်ငန်းပိုင်း ဆိုင်ရာအတွက် မဖြစ်မနေ ခရီးသွားလာလိုသူများအတွက် နှစ်နိုင်ငံ နယ်စပ် ဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို နှစ်ဖက်အပြီးသတ်သဘောတူပြီးဖြစ်ကြောင်းနှင့် ဤအစီအစဉ်ကို သြဂုတ်လ ၁၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ အပြန်အလှန်အားဖြင့် လုပ်ငန်းပိုင်းဆိုင်ရာခရီးသွားလာမှု (Green Lane) နှင့် ပုံမှန် ဖြတ်သန်းသွားလာခြင်းအစီအစဉ် (Periodic Commuting Arrangement) တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်အသေးစိတ်ကို မကြာမီရက်များတွင် ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်း၊ Green Lane အစီအစဉ်ဖြင့် သွားလာမည့်သူများသည် ကိုဗစ် ၁၉ ရောဂါစစ်ဆေးမှု (Swab test) နှင့် ခရီးစဉ်များကို ကြိုတင်၍တင်ပြသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူ စီးပွားရေးလုပ်ငန်း နှင့်အလုပ်အကိုင်အတွက် စင်ကာပူနှင့် မလေးရှားတို့တွင် ကာလ ရှည်နေထိုင်ခွင့်ရရှိထားသောသူများက Periodic Commuting Arrangement ဖြင့် ဖြတ်သန်း သွားလာပါကလည်း ကိုဗစ် ၁၉ ရောဂါစစ်ဆေးမှုကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

ကိုဗစ် ၁၉ ရောဂါကြောင့် နယ်စပ်ဖြတ်သန်းသွားလာမှုကိုကန့်သတ်ခြင်း မပြုလုပ်မီက မလေးရှားနိုင်ငံဘက်မှ လုပ်သား ၃ သိန်းကျော်သည် စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင် လျက်ရှိပြီး၊ အများစုသည် နေ့စဉ် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းသွားလာ၍ လုပ်ကိုင်ခဲ့ကြကြောင်း၊ ထိုသို့စင်ကာပူတွင် အလုပ်လုပ်ရန်အတွက် နေ့စဉ်နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာခွင့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားနိုင်ရေး အဆိုပြုဆွေးနွေးသွားရန် နှစ်ဖက်သဘောတူထား ပြီးဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ စင်ကာပူသို့ ပြန်လည်ဝင်ရောက်လာသော ကာလရှည် နေထိုင်ခွင့်ရရှိထားသူများသည် သတ်မှတ်ထားသောနေရာ (Quarantine Facilities) တွင် ၁၄ ရက် နေထိုင်သွားရမည်ဖြစ်ပြီး၊ ကိုဗစ်ရောဂါစစ်ဆေးခအတွက် စင်ကာပူဒေါ်လာ ၂၀၀ နှင့် Quarantine Facilities အသုံးပြုခြင်းအတွက် စင်ကာပူဒေါ်လာ ၂၀၀၀ တို့ကို ကျခံရမည်ဖြစ်ပါသည်။ အလားတူ ဇူလိုင် ၂၄ ရက်နေ့မှစ၍ မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသောမည်သူမဆိုသည် Quarantine Facilities ၌ ၁၄ ရက် မပျက်မကွက်နေထိုင်ရမည်ဖြစ်ပြီး၊ မလေးရှားရင်းဂစ် ၁၅၀ ကို ကျခံရမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times / The Business Times

Category: Singapore