Singapore

စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က နိုဗယ်ကော်ရိုနာရောဂါပိုး (2019-nCoV) ဖြစ်ပွားမှုကြောင့် ထိခိုက်မှုရှိသော ခရီးသွားလုပ်ငန်းများကို ပံ့ပိုးပေးမည့် ကနဦးအစီအမံများကို ထုတ်ပြန်ကြေညာ

Last Updated:

နိုဗယ်ကော်ရိုနာရောဂါပိုး ကူးစက်ပြန့်ပွားမှုကြောင့် တိုက်ရိုက်ထိခိုက်မှုရှိသော ခရီးသွားလုပ်ငန်းများကို ကူညီပံ့ပိုးပေးနိုင်ရန် ကနဦးအစီအမံတစ်ခုအဖြစ် ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းအေဂျင်စီများနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများ၏ လုပ်ငန်းလိုင်စင်ခများ ပေးသွင်းရန်လိုအပ်ချက်ကို ကင်းလွတ်ခွင့်ပြုခြင်းနှင့် ရောဂါပိုးကူးစက် ခံရသူနှင့် ရောဂါကူးစက်နိုင်သည်ဟု သံသယရှိသူအဖြစ် သတ်မှတ်ခြင်းခံရသူများက တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်များ၏ သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်း ကုန်ကျစရိတ်များကို ကျခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (Singapore Tourism Board - STB) က ၂- ၂ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

ရောဂါပိုးဖြစ်ပွားမှုကြောင့် အထူးသဖြင့် တရုတ်နိုင်ငံမှ ခရီးသည်ဝင်ရောက်မှု ကျဆင်းသဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် တိုက်ရိုက်ထိခိုက်မှုရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံမှ ခရီးသည်ဝင်ရောက်မှု သည် စင်ကာပူသို့လာရောက်သော စုစုပေါင်းနိုင်ငံခြား ခရီးသည်ဝင်ရောက်မှု၏ ၂၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုကြောင်း၊ ၂၀၁၉ ခုနှစ် တွင် တရုတ်ခရီးသည် ၃.၆ သန်းခန့် လာရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

STB သည် ခရီးသွားလုပ်ငန်းများမှ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် သက်ရောက်မှုများ ကို သိရှိနားလည်နိုင်ရန် ၎င်းတို့နှင့် အနီးကပ်ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဤ အခြေအနေမှာ ဆက်လက်ဖြစ်ပွားနေဖွယ်ရှိနေသည့်အတွက် လုပ်ငန်းများအား အမြန်ဆုံးထောက်ပံ့ပေး ရန်နှင့် လုပ်ငန်းများ၏ ယုံကြည်မှုကို တည်ဆောက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းများ အတွက် ထိရောက်သောနည်းလမ်းများကို ဆက်လက်ဖော်ထုတ်၍ ကူညီပေးသွားမည်ဖြစ်ပြီး၊ သို့မှသာ ရောဂါထိန်းချုပ်မှုအခြေအနေ တိုးတက်ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် အလျင်အမြန် ပြန်လည်တိုးတက်မှုရရှိနိုင်မည်ဖြစ်ကြောင်း STB ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr Keith Tan က ပြောကြားပါသည်။

ကနဦးအစီအမံတွင် ကော်ရိုနာရောဂါပိုးကူးစက်ခံရသူများ တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်များအတွက် အများဆုံး စင်ကာပူဒေါ်လာ ၂၀,၀၀၀ သတ်မှတ်ချက် ဖြင့်လည်းကောင်း၊ ရောဂါကူးစက်နိုင်သည်ဟု သံသယရှိသူအဖြစ် သတ်မှတ်ခြင်းခံရသူများ တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်များအတွက် အများဆုံး စင်ကာပူဒေါ်လာ ၁၀,၀၀၀ သတ်မှတ်ချက်ဖြင့်လည်းကောင်း တတိယအဖွဲ့အစည်း၏ သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်း ကုန်ကျစရိတ်များ၏ ၅၀ ရာခိုင်နှုန်းအထိကို ကျခံပေးသွားမည်ဖြစ်ကြောင်း၊ ဤအစီအစဉ်သည် စင်ကာပူတွင် ပထမဆုံး ရောဂါပိုးတွေ့ရှိခဲ့သည့် ၂၃ - ၁ - ၂၀၂၀ ရက်နေ့မှစ၍ အကြုံဝင်ကြောင်း၊ STB သည် အခြားပံ့ပိုးကူညီမှုများ လိုအပ်ခြင်းရှိ မရှိ ဆက်လက် သုံးသပ်သွားမည်ဖြစ်ပြီး၊ ဟိုတယ်များက ကုန်ကျစရိတ်များအတွက် လျှောက်ထားမှုများကို   ၁၀ - ၂ - ၂၀၂၀ ရက်နေ့မှ ၃၀ - ၄ - ၂၀၂၀ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်၊ လက်ကျန်ကာလများတွင် ဟိုတယ်လိုင်စင်ခများကို ဟိုတယ်လိုင်စင်ထုတ်ပေးရေးဘုတ်အဖွဲ့က ကင်းလွတ်သက်သာခွင့် ပေးမည်ဖြစ်ပြီး၊ အလားတူ ၂၀၂၀ ခုနှစ်တွင် သက်တမ်းတိုးရမည့် ခရီးသွား လုပ်ငန်းအေဂျင်စီများနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများသည် လိုင်စင်သက်တမ်းတိုးခများကို ပေးချေရန်မလိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကြောင့် အစိုးရကပံ့ပိုးပေးမည့် အသေးစိတ် အစီအမံများကို ၁၈ - ၂ - ၂၀၂၀ ရက်နေ့တွင် ပြုလုပ်မည့် စင်ကာပူအစိုးရ၏ ဘတ်ဂျက် ၂၀၂၀ တွင် ထည့်သွင်း ကြေညာသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Singapore Tourism Board

 

Category: Singapore