Singapore

စင်ကာပူတွင် ကိုဗစ် ၁၉ ကာလအတွင်း စီးပွားရေးနှင့်လူမှုရေးဆောင်ရွက်ချက်များအား အဆင့်လိုက်ဖြေလျှော့ပေးလျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့မှစ၍ အဆင့်(၂) သို့ ကူးပြောင်းမည်

Last Updated:

             ရောဂါကူးစက်မှုထိန်းချုပ်ရေးအစီအမံ Circuit Breaker ကာလကုန်ဆုံးခဲ့သော ဇွန်လ ၁ ရက်နေ့နောက်ပိုင်းတွင် နိုင်ငံအတွင်းရှိ စီးပွားရေးနှင့်လူမှုရေး ဆောင်ရွက်ချက် များကို  အဆင့်(၃) ဆင့်ဖြင့် တစ်ဆင့်ချင်း ပြန်လည်ဆောင်ရွက်ခွင့်ပြုလျက်ရှိရာ  ပထမအဆင့်အဖြစ် ဇွန်လ ၂ ရက်နေ့မှစ၍ ရောဂါကူးစက်နိုင်ခြေမြင့်မားသော လုပ်ငန်း များမှလွှဲ၍ စီးပွားရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းခန့်ကို စတင်ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါသည်။

      ယခုအခါ အလုပ်သမားများနေထိုင်သော အိပ်ဆောင်များတွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းလာခြင်းနှင့်အတူ ရောဂါကူးစက်မှုဖြစ်ပွားသောဇစ်မြစ်နေရာအသစ်များ ထပ်မံပေါ်ထွက် လာမှုမရှိခြင်း၊ လက်ရှိပထမအဆင့်ကာလအတွင်း စီးပွားရေးနှင့်လူမှုရေးဆောင်ရွက်ချက်များကို ပိုမိုခွင့်ပြုပေးခဲ့သော်လည်း အများပြည်သူအကြား ရောဂါကူးစက်မှုအခြေအနေသည် တည်ငြိမ်မှု ရှိနေခြင်းတို့ကြောင့် ဇွန်လ ၁၈ ရက်နေ့ ည ၁၁:၅၉ နာရီနောက်ပိုင်းမှစ၍ ဒုတိယအဆင့်သို့ ဆက်လက်ကူးပြောင်းရန် ဆုံးဖြတ်ခဲ့ပါကြောင်း ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းမီဒီယာရှင်းလင်းပွဲတွင် COVID-19 ဆိုင်ရာ ဝန်ကြီးဌာနပေါင်းစုံလုပ်ငန်းအဖွဲ့က အသိပေး ကြေညာခဲ့ပါသည်။

          ထိုသို့ ဒုတိယအဆင့်သို့ ကူးပြောင်းမည့်  ဇွန်လ ၁၉ ရက်နေ့မှစ၍ လက်လီအရောင်း ဆိုင်များကိုဖွင့်လှစ်ခြင်း၊ စားသောက်ဆိုင်များအနေဖြင့် စားသုံးသူများကို ဆိုင်ထိုင်စားသုံး ခွင့်ပြုခြင်း၊ သီချင်းဆိုသင်တန်းနှင့် အသံဆိုင်ရာသင်တန်းများမှလွှဲ၍ ကျူရှင်နှင့် အခြားသောအထောက်အကူပြုသင်တန်းများ၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ အားကစားရုံများစသည့် စီပွားရေးဆောင်ရွက်မှုများကို ခွင့်ပြုသွားမည်ဖြစ်ပါသည်။ သို့ရာတွင် စားသောက်ဆိုင်များသည် စင်တင်တေးဂီတဖျော်ဖြေမှု အစီအစဉ်၊ TV နှင့် Video ပြသခြင်းတို့ကို မပြုလုပ်ရပါ။ ထို့ပြင်ယမကာရောင်းချခြင်းနှင့် ဆိုင်ထိုင်သောက်သုံးစေခြင်းကို ည ၁၀:၃၀ နာရီတွင် ရပ်နား ရမည်ဖြစ်ပြီး၊ ဆိုင်တွင် လူအုံကျမှုနှင့် ရှည်လျားသောစီတန်းစောင့်ဆိုင်းရမှုများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ရပါမည်။

          ဆောင်ရွက်ခွင့်မပြုသေးသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများတွင် လူဦးရေများစွာ ပါဝင်တက်ရောက်ရသော ဆွေးနွေးပွဲ၊ ညီလာခံ၊ ကပွဲ၊ ကုန်စည်ပြပွဲများ စီစဉ်ကျင်းပခြင်းနှင့် ဖျော်ဖြေရေးလုပ်ငန်းများဖြစ်သည့် ဘားများ၊ ညကလပ်များ၊ ကာရာအိုကေ၊ ရုပ်ရှင်ရုံနှင့် ကဇာတ်ရုံများပါဝင်ကြောင်း သိရှိရပါသည်။           

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Business Times

Category: Singapore