Singapore

စင်ကာပူတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် စက်မှုလုပ်ငန်းသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် Sungei Kadut စက်မှုဇုန် စီမံကိန်းကြီးကို မိတ်ဆက်

Last Updated:

ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းကဏ္ဍသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုနိုင်ရန်အတွက် စင်ကာပူရှိ သက်တမ်းကြာမြင့်နေပြီဖြစ်သော စက်မှုဇုန်များအနက်မှ Sungei Kadut စက်မှုဇုန် အားပြုပြင်မွမ်းမံမည့်စီမံကိန်းကို    ၆ - ၂ - ၂၀၂၀ ရက်နေ့တွင် အများပြည်သူ သို့စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

အဆိုပါ စီမံကိန်းသည် စင်ကာပူရှိ စက်မှုလုပ်ငန်းများအား ပြန်လည်အားသစ်လောင်းနိုင်ရန်၊ စက်မှုလုပ်ငန်းအသစ်များအား ဆွဲဆောင်နိုင်ရန်၊ လူမှုဘဝနှင့် လိုက်လျောညီထွေမှုရှိသောလုပ်ငန်း ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန်နှင့် စွမ်းဆောင်ရည် အသစ်များ ကို အသုံးချဆောင်ရွက်နိုင်ရန် ပြုပြင်မွမ်းမံမည့် ရှေ့ဆောင်စီမံကိန်းကြီးဖြစ်ပါကြောင်း စင်ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Mr Chan Chun Sing က မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားပါသည်။

မြေနေရာအကျယ်အဝန်း ဟက်တာ ၅၀၀ ရှိပြီး၊ နှစ်(၃၀) အတွင်း အဆင့်ဆင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် Sungei Kadut စက်မှုဇုန်စီမံကိန်းတွင် မြေနေရာအကျယ်အဝန်း ၁၈ ဟက်တာရှိသော စိုက်ပျိုးရေးထွက် စားသောက်ကုန်များ တီထွင်ဆန်းသစ်ထုတ်လုပ်မှုဇုန်နေရာပါဝင်ပြီး၊ စိုက်ပျိုးရေးနည်းပညာ တန်ဖိုး ကွင်းဆက်တစ်လျှောက်လုံးရှိ လုပ်ငန်းများ၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှု (R&D) လုပ်ငန်းများ၊ မိုးလုံလေလုံစိုက်ခင်းများ၊ ရေနေသတ္တဝါ မျိုးဖောက်ခြင်းနှင့် ပရိုတင်း အစားထိုးထုတ်ကုန်များထုတ်လုပ်ခြင်း စသည့်နည်းပညာမြင့်မားသောလုပ်ငန်းများ တည်ထောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထိုလုပ်ငန်းများက စနစ်ပိုင်းဆိုင်ရာအင်ဂျင်နီယာများ၊ အပင်ဆိုင်ရာသိပ္ပံပညာရှင်များ၊ ရေထွက်ကုန်အဟာရဗေဒပညာရှင် များစသည့် အသိပညာအခြေခံသော အဆင့်မြင့်အလုပ်အကိုင်များ ကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ပြီး၊ နောက်မျိုးဆက်သစ်များအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ပါဝင်ဆောင်ရွက်ရန် ဆွဲဆောင်နိုင်မည့်အချက်လည်းဖြစ်ကြောင်း ပြောကြားပါသည်။

ထို့ပြင် စီမံကိန်းမှ ဟက်တာ ၂၀၀ အကျယ်အဝန်းရှိသော မြေနေရာကို နောင်တွင် ပေါ်ပေါက်လာမည့် စက်မှုလုပ်ငန်းများအတွက် အရံချန်လှပ်ထားမည်ဖြစ်ပါသည်။ စီမံကိန်းမှာ နှစ် (၃၀) ကြာမြင့်မည်ဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော် ဆောင်သောကာလအတွင်း လက်ရှိဇုန်အတွင်း၌တည်ရှိနေသည့် သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုလုပ်ငန်းများကို အထူးစီမံတည်ဆောက်ထားသော အဆောက်အအုံများသို့ ရွှေ့ပြောင်းဆောင်ရွက် စေမည်ဖြစ်ပါသည်။ ထိုသို့အဆောက်အအုံအသစ်များသို့ ပြောင်းရွှေ့ဆောင်ရွက်ရခြင်းကြောင့် လုပ်ငန်းများအတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု အခွင့်အလမ်းများကို ဖန်တီးပေးကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ယခင် အသုံးပြုခဲ့သော စက်ပစ္စည်း အဟောင်းများ နေရာ၌ ဆင်ဆာစနစ်များနှင့် အလိုအလျောက်ထိန်းချုပ်လည်ပတ်ဆောင်ရွက်နိုင်သည့်စနစ်များဖြင့် အစားထိုးဆောင်ရွက်လာနိုင်ကြောင်း၊ အဆောက်အအုံအား စုပေါင်းမျှဝေသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာ၍ စီးပွားရေးအရ တွက်ခြေ ကိုက်မှုရှိကြောင်း ဖော်ပြထားပါသည်။

Sungei Kadut စက်မှုဇုန် စီမံကိန်းပထမအဆင့်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဟက်တာ ၄၀ ကျော်ရှိသည့် မြေနေရာအတွင်း လုပ်ငန်းများအတွက် ဘက်စုံသုံး အဆောက်အဦသစ်များကို ၂၀၂၅ ခုနှစ်တွင် ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ပါသည်။ စုစုပေါင်းကြမ်းခင်းဧရိယာ စတုရန်းပေ ၃.၄ သန်း အကျယ်အဝန်းရှိပြီး၊ ကုန်ကျစရိတ် စင်ကာပူဒေါ်လာ ၆၅၀ သန်းခန့် ကုန်ကျမည့် ၎င်း ဘက်စုံသုံးအဆောက်အဦးသစ်များသို့ ရွှေ့ပြောင်းဆောင်ရွက်လုပ်ကိုင်ရန် ကုမ္ပဏီပေါင်း ၅၀ ခန့်ကလည်း စိတ်ဝင်စား လျက်ရှိကြောင်း သိရှိရပါသည်။

စက်မှုဇုန်နယ်မြေအတွင်း အပင်များနှင့် ၎င်းတို့ကိုအဆောက်အဦအမိုးများတွင် စိုက်ပျိုးခြင်း အပါအဝင် အများပြည်သူအပန်းဖြေသည့်နေရာများ၊ ပန်းခြံများကို ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သောကြောင့် လက်ရှိစင်ကာပူတွင် စိမ်းလန်းသော ဝန်းကျင်လွှမ်းခြုံမှု ၁၀ ရာခိုင်နှုန်းသာရှိရာမှ ၄၀ ရာခိုင်နှုန်းအထိ တိုးတက် လာမည်ဖြစ်ကြောင်း၊ စက်မှုဇုန်စီမံကိန်းမိတ်ဆက်ပွဲကို အများပြည်သူ များ လေ့လာနိုင်ရန်အတွက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ ပြလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore/ The Straits Times

Category: Singapore