Singapore

စင်ကာပူနိုင်ငံက လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍကို ပြန်လည်အသက်သွင်းနိုင်ရန် ပြည်ပ ခရီးသွားလာမှုကန့်သတ်ချက်များအား တဖြည်းဖြည်းဖြေလျှော့လာ

Last Updated:

စင်ကာပူနိုင်ငံအနေဖြင့် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဘရူနိုင်းနှင့် နယူးဇီလန်နိုင်ငံတို့မှ စင်ကာပူသို့ လာရောက်လိုသောခရီးသည်များကို ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး၊ စင်ကာပူနိုင်ငံမှ အဆိုပါနိုင်ငံများသို့ အထွေထွေ ကိစ္စရပ်များအတွက် ခရီးသွားလာလိုသူများကိုလည်း စတင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ အဝေးသင်စနစ်ဖြင့် သင်ကြားမှုမရှိသော ပြည်ပတက္ကသိုလ်ကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသားများ အတွက်လည်း ပြည်ပသို့ ခရီးသွားလာခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီး ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသောနိုင်ငံများမှ စင်ကာပူသို့ ပြန်လည်ဝင်ရောက် လာကြသည့် စင်ကာပူနိုင်ငံသားများ၊ အမြဲတမ်း နေထိုင်ခွင့်ရရှိသူများနှင့် ကာလရှည်အလုပ်လုပ် ကိုင်ခွင့်ရရှိထားသူများအနေဖြင့်လည်း သီးခြားနေထိုင်ရမည့် (Stay Home Notice - SHN) ကာလကို လျှော့ချသတ်မှတ် မည်ဖြစ်ကြောင်းသိရှိရပါသည်။

ဘရူနိုင်းနှင့် နယူးဇီလန်နိုင်ငံများမှ ခရီးသည်များအား စင်ကာပူသို့ ဝင်ရောက်ခွင့်ပြုခြင်းသည် စင်ကာပူနိုင်ငံ၏ တစ်ဖက်သတ်အစီအမံသာ ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံများမှ စင်ကာပူသို့ လာရောက်လိုသူများအနေဖြင့် စင်တင်ဘာလ ၁ ရက်နေ့မှစ၍ Air Travel Pass ကို ခရီးသွားမည့် ရက်မတိုင်မီ (၇)ရက်မှ (၃၀)ရက်အတွင်း လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားသူသည် စင်ကာပူသို့မလာမီ အဆိုပါနိုင်ငံများတွင် (၁၄) ရက် ဆက်တိုက် နေထိုင်ခဲ့ပြီးသူများဖြစ်ပါက စင်ကာပူသို့ရောက်ရှိချိန်တွင် ကိုဗစ် ၁၉ ရောဂါစစ်ဆေးမှုခံယူပြီး ရောဂါမရှိကြောင်းအဖြေထွက်ရှိလျှင် Stay Home Notice မလိုအပ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ ရောဂါပိုးတွေ့ရှိပါက ဆေးကုသမှု စရိတ်ကို ကိုယ်တိုင်ကျခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် စင်ကာပူနိုင်ငံမှ ဘရူနိုင်းနှင့် နယူးဇီလန်နိုင်ငံများသို့ ခရီးသွားလိုသူများအတွက်လည်း စင်တင်ဘာလ ၁ ရက်နေ့မှ စတင်ခွင့်ပြုပေးမည်ဖြစ်ပြီး၊ ယခုအစီအစဉ်မှာ စင်ကာပူ နိုင်ငံ၏ တစ်ဖက်သတ်ခွင့်ပြုသည့် အစီအစဉ်သာဖြစ်သောကြောင့် ခရီးသွားလိုသူများအနေဖြင့် အဆိုပါနိုင်ငံများ၏ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို ကြိုတင်လေ့လာသိရှိထားရမည်ဖြစ်ကြောင်း၊ အကယ်၍ ခရီးသွားလာသူအနေဖြင့် အဆိုပါနိုင်ငံများသို့ ခရီးသွားလာခဲ့ပြီး ရောဂါကူးစက်မှုခံခဲ့ရမည်ဆိုပါက စင်ကာပူအစိုးရ၏ ထောက်ပံ့မှုနှင့် အာမခံကြေးအစီအစဉ်များကို ခံစားခွင့်ပြုမည် ဖြစ်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများရှိ တက္ကသိုလ်ကျောင်းများတွင် သွားရောက်ပညာသင်ကြားရမည့် ကျောင်းသားများအနေဖြင့်လည်း ရောဂါကူးစက်မှုခံခဲ့ရမည်ဆိုပါက စင်ကာပူတွင် ဆေးကုသမှုအတွက် အစိုးရမှကျခံပေးခြင်းနှင့် အာမခံကြေးအစီအစဉ်များကို ခံစားခွင့်ပြုသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 ထို့ပြင် ရောဂါကူးစက်နိုင်မှုအန္တရာယ်နည်းပါးသော သြစတြေးလျ (ဗစ်တိုးရီးယားပြည်နယ်မပါ)၊ မကာအို၊ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့ပြီး စင်ကာပူသို့ ပြန်လည်ဝင်ရောက်လာကြမည့် စင်ကာပူနိုင်ငံသားများ၊ အမြဲတမ်းနေထိုင်ခွင့် ရရှိသူများနှင့် ကာလရှည်အလုပ်လုပ်ကိုင်ခွင့်ရရှိထားသူများအနေဖြင့် Stay Home Notice - SHN ကာလကို မူလသတ်မှတ်ထားသည့် (၁၄)ရက်အစား (၇) ရက်သာ နေထိုင် ရမည်ဖြစ်ပြီး၊ SHN ကာလမကုန်ဆုံးမီ ကိုဗစ် ၁၉ ရောဂါစစ်ဆေးမှုကို ခံယူရမည်ဖြစ်ကြောင်းနှင့် ဤအစီအစဉ်များ သည် စင်ကာပူ၏ တစ်ဖက်သတ်ခရီးသွားလာခွင့်ဖြေလျှော့ပေးသည့် အစီအမံများသာဖြစ်ကြောင်း ကိုဗစ်-၁၉ ဆိုင်ရာဝန်ကြီးဌာနပေါင်းစုံလုပ်ငန်းအဖွဲ့က ၂၁-၈-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ စင်ကာပူ၏ တစ်ဖက်သတ် ပြည်ပခရီးသွားလာခွင့်အား ဖြေလျှော့ပေးမှုအစီအစဉ်များသည် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍအတွက် သာမက စင်ကာပူ၏ စီးပွားရေးနှင့်ပါဆက်နွယ်နေကြောင်း၊ ချန်ဂီလေဆိပ် ၏လုပ်ငန်းလည်ပတ်မှုကို ပြန်လည်အသက်သွင်းနိုင်ရန် ကျန်းမာရေးသတိဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စင်ကာပူအနေဖြင့် စီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်လှစ်ထားကြောင်းကို ပြသလိုခြင်းလည်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး Mr Ong Ye Kung ကလည်း ပြောကြားပါသည်။

 လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍသည် စင်ကာပူ၏ GDP ကို ၅ ရာခိုင်နှုန်းကျော် အထိ ပံ့ပိုးပေးလျက်ရှိပြီး၊ လုပ်သားဦးရေ ၁၉၂,၀၀၀ ကို အလုပ်အကိုင်ဖန်တီးပေးထားကြောင်း၊ ဇူလိုင်လတွင် ချိန်ဂီလေဆိပ်သို့ ခရီးသည် ဖြတ်သန်းသွားလာသူဦးရေမှာ ၈၆,၀၀၀ ဖြင့် ယခင်နှစ် အလားတူ ကာလထက် ၉၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ကျွမ်းကျင်သူများကလည်း စင်ကာပူ၏ လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍသည် ပြည်တွင်းစျေးကွက်မရှိသည့်အတွက် ပြန်လည်နာလန်ထူလာနိုင်ရန် ပိုမိုခက်ခဲမည်ဟု သုံးသပ်ထားကြပါသည်။    

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times/ The Business Times

Category: Singapore