Singapore

စင်ကာပူနိုင်ငံတွင် လာမည့်တစ်နှစ်တာကာလအတွင်း အလုပ်အကိုင်ရှာဖွေသူ တစ်သိန်းခန့် အတွက်အကူအညီပေးမည့် National Jobs Council ကို ဖွဲ့စည်း

Last Updated:

COVID-19 ၏ သက်ရောက်မှုများကို ကုစားပေးနိုင်ရန်အတွက် (၄)ကြိမ်မြောက် အစိုးရ ၏ ဘတ်ဂျက်အထောက်အပံ့အစီအမံကို စင်ကာပူဒုတိယဝန်ကြီးချုပ်က ၂၆ - ၅ - ၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ရာတွင် အလုပ်အကိုင်ဖန်တီးရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက် စင်ကာပူဒေါ်လာ ၂ ဘီလီယံ လျာထား သော အစီအစဉ် (SGUnited Jobs and Skills Package) ပါဝင်ခဲ့ပြီး၊ ယင်းအစီအစဉ် အကောင်အထည် ဖော်ရေးလုပ်ငန်းစဉ်များအား စီမံကြီးကြပ်သွားနိုင်ရန် National Jobs Council ကို ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။

ကောင်စီသည် SGUnited Jobs and Skills Package ဖြင့် လာမည့် ၁၂ လတာ ကာလအတွင်း အလုပ်အကိုင်ရှာဖွေသူ တစ်သိန်းခန့်အတွက် အလုပ်အကိုင်ဖန်တီး ပေးရန်၊ အလုပ်သင်နှင့် စွမ်းဆောင်ရည်မြှင့်သင်တန်းအစီအစဉ်တို့ကို ကူညီ ဆောင်ရွက်ပေးသွားရန် ရည်ရွယ်ကြောင်း၊  ဤအဆင့်မြင့်ကောင်စီကို ဝန်ကြီးအဆင့်ရှိသူ ၈ ဦးနှင့် စီးပွားရေးအဖွဲ့ အစည်းနှင့် အလုပ်သမားသမဂ္ဂတို့မှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ကောင်စီ၏ ပထမဆုံး အစည်းအဝးကို ဇွန်လ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး COVID-19 ကြောင့် အလုပ်အကိုင်များအပေါ် သက်ရောက်မှုအခြေအနေ၊ SGUnited Jobs and Skills Package ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် COVID-19 ကာလ နှင့် နောက်ပိုင်းကာလများတွင် စင်ကာပူနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့် အလမ်းများ သတ်မှတ်ဖော်ထုတ်ပေးနိုင်ရေး၊ အစိုးရ၊ အလုပ်သမားသမဂ္ဂ၊ လုပ်ငန်းရှင် သုံးပွင့်ဆိုင်ပူးပေါင်းမှု ဖြင့်သာမက သင်တန်းဝန်ဆောင်မှုပေးသောလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်  လုပ်ငန်း ကဏ္ဍအသီးသီး၌ ကျွမ်းကျင်မှုအဆင့်အမျိုးမျိုးနှင့်သင့်တော်သော အလုပ်အကိုင်နှင့် သင်တန်း အခွင့်အလမ်းများစွာရရှိနိုင်သည့် သတင်းအချက်အလက်ဘဏ် (Sizeable Bank) တစ်ခုကို တည်ထောင်ရေး၊ လုပ်သားများ၏ အလုပ်အကိုင်လိုအပ်ချက်နှင့်အံဝင်ခွင်ကျဖြစ်စေရေး၊ လုပ်ငန်း ခွင်တွင် တွဲဖက်ခန့်အပ်၍လေ့လာနိုင်ရေးနှင့် လုပ်ငန်းများက အသွင်ကူးပြောင်းဆောင်ရွက်လာ ခြင်းတို့ကြောင့် ကိုက်ညီသော အလုပ်အကိုင်များ ပြန်လည်ဖော်ထုတ်ပေးနိုင်ရေး စသည့် ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ယခင်ကထက် အရေအတွက်ပိုမိုများပြားသော အလုပ်အကိုင်နှင့် သင်တန်းအခွင့်အလမ်းများကို ဖန်တီးပေးသွားရန်မှာ စိန်ခေါ်မှုများရှိသော်လည်း ခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုများဖြင့် အောင်မြင်စွာအကောင်အထည်ဖော်သွားမည်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးတွင် ယင်းအခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း လုပ်သားများအတွက် ဦးစားပေး၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ စီနီယာဝန်ကြီး Tharman Shanmugaratnam က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Media Press, Ministry of Trade and Industry, Singapore

Category: Singapore