Singapore

စင်ကာပူနိုင်ငံ၏ ကုန်သွယ်မှုသည် ဇွန်လအတွင်း ၆.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စက်သုံးဆီ မဟုတ်သောပြည်တွင်းထုတ်ပို့ကုန်မှာ ၁၆.၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့

Last Updated:

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇ - ၇ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်စာရင်းအရ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် စင်ကာပူ၏ ကုန်စည် ကုန်သွယ်မှုပမာဏသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက (-) ၆.၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး၊ ပို့ကုန်ပိုင်းတွင် (-) ၃.၆ ရာခိုင်နှုန်းနှင့် သွင်းကုန်ပိုင်း  တွင် (-) ၉.၉ ရာခိုင်နှုန်း အသီးသီးလျော့နည်းခဲ့ကြောင်း သိရှိရပါသည်။

ကာလအလိုက်ညှိနှိုင်းထားသောစာရင်းအရ ဇွန်လတွင် ပို့ကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၉.၆ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး စင်ကာပူဒေါ်လာ ၃၄.၆ ဘီလီယံ ရရှိခဲ့သည့် အတွက် စုစုပေါင်း ကုန်စည်ကုန်သွယ်မှုသည် စင်ကာပူဒေါ်လာ ၇၄.၂ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ကုန်သွယ်မှုကျဆင်းခဲ့သော်လည်း စက်သုံးဆီမဟုတ်သော ပြည်တွင်းထုတ်ပို့ကုန် (Non-Oil Domestic Exports) မှာ ၁၆.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ စက်သုံးဆီမဟုတ်သောပြည်တွင်းထုတ်ပို့ကုန်ကို အီလက်ထရွန်နစ် ပစ္စည်းမဟုတ်သောပို့ကုန်နှင့် အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်ဟူ၍ နှစ်မျိုးထပ် ခွဲထားပြီး၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သော ပို့ကုန်မှာ ၁၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်သည် ၂၂.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်များတိုးတက်ခဲ့ခြင်းမှာ အထူး သဖြင့် ရွှေ (၂၃၈%)၊ အထူးထုတ်လုပ်ထားသောစက်ပစ္စည်း (၄၅.၉%) နှင့် ဆေးဝါးပစ္စည်း (၃၀.၈%) တို့ကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်တင်ပို့မှု တိုးတက် ခဲ့ခြင်းမှာ အဓိကအားဖြင့် Disk Media ပစ္စည်း (၅၉.၈%)၊ ဆက်သွယ်ရေးကိရိယာပစ္စည်းများ (၃၇.၈%) နှင့် ICs (၂၉.၁%) တို့ကို ပိုမိုတင်ပို့နိုင်ခဲ့သောကြောင့်ဖြစ်ပါကြောင်း၊ အဆိုပါစက်သုံးဆီ မဟုတ်သော ပြည်တွင်း ထုတ်ပို့ကုန်များကို ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့် ထိုင်းစျေးကွက်များ မှလွှဲ၍ စင်ကာပူ၏ အဓိကစျေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး၊ အထူးသဖြင့် ဂျပန် (၉၄.၇%)၊ ကိုရီးယား (၈၅.၆%) နှင့် ထိုင်ဝမ် (၃၂.၆%) စျေးကွက်များသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးဆဲစျေးကွက်များကိုမူ တင်ပို့မှု  (-) ၂၈.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီတင်ပို့မှုအပိုင်းတွင် အထူးသဖြင့် အီးယူ ၂၇ နိုင်ငံ (- ၉၂.၇%) ၊ အင်ဒိုနီးရှား (- ၇၁%) နှင့် မလေးရှား (- ၆၁.၅%) နိုင်ငံများသို့ တင်ပို့မှုလျှော့ကျခဲ့ သောကြောင့် ဇွန်လတွင် စင်ကာပူ၏ စက်သုံးဆီပို့ကုန်စုစုပေါင်းသည် (-) ၆၀.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ သို့သော် စက်သုံးဆီမဟုတ်သောကုန်ပစ္စည်းများပြန်လည်တင်ပို့မှု (Non-Oil Re-exports) မှာ ယခင်လတွင် ဖြစ်ပေါ်ခဲ့သော (-) ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အခြေအနေနှင့်ဆန့်ကျင်လျက် ဇွန်လတွင် ၅.၅ ရာခိုင်နှုန်း ပြန်လည် တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Singapore

Category: Singapore