Singapore

စင်ကာပူနိုင်ငံ၏ ၂၀၂၀ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ရှင်းတမ်းတွင် COVID - 19 ရောဂါပိုး ဖြစ်ပွားမှု ကြောင့် စီးပွားရေးအပေါ်ထိခိုက်မှုများကို ကုစားပေးမည့်အစီအမံများပါဝင်၊ ဘတ်ဂျက်လိုငွေ ၁၀.၉ ဘီလီယံ ပေါ်ပေါက်နိုင်

Last Updated:

စင်ကာပူနိုင်ငံ၏ ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတ်ဂျက် (အရအသုံးခန့်မှန်းခြေငွေစာရင်း) ရှင်းတမ်းကို ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ Mr Heng Swee Keat က ပါလီမန်တွင် ၁၈ - ၂ - ၂၀၂၀ ရက်နေ့၌ တင်ပြဆွေးနွေးရာတွင် လက်ရှိဖြစ်ပွားနေသော COVID - 19 ရောဂါပိုးကြောင့် စင်ကာပူ၏ စီးပွားရေး ထိခိုက်နေမှုများအပေါ် ကုစားပေးနိုင်မည့် အစီအမံများအား ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ရောဂါပိုးပြန့်ပွားမှုကြောင့် လတ်တလောရင်ဆိုင်နေရသောစိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန်အတွက် တိုက်ရိုက်သက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းကဏ္ဍများ သာမက လုပ်ငန်းကဏ္ဍအသီးသီးရှိ လုပ်ငန်းများနှင့် လုပ်သားများကို အထောက်အကူ ပြုနိုင်ရန် စင်ကာပူဒေါ်လာ ၄ ဘီလီယံ ကိုလည်းကောင်း၊ ဤကာလအတွင်း မိသားစုများ၏ နေထိုင်မှုစရိတ်အပေါ် အထောက်အပံ့ပြုပေးနိုင် ရန်အတွက် စင်ကာပူဒေါ်လာ ၁.၆ ဘီလီယံကိုလည်းကောင်း၊ COVID - 19 ရောဂါပိုးဖြစ်ပွားမှုကို အဓိကရှေ့တန်းမှ တားဆီး ကာကွယ်ပေးနေကြသော အစိုးရဌာနများအတွက် စင်ကာပူဒေါ်လာ ၈၀၀ သန်းကိုလည်းကောင်း ရန်ပုံငွေခွဲဝေချထားမည့် အစီအမံများကို တင်ပြခဲ့ပါသည်။

ထို့ပြင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၃) နှစ်တာကာလအတွင်း စီးပွားရေးလုပ်ငန်းများ အသွင်ကူးပြောင်းဖွံ့ဖြိုးတိုးတက်လာရေးအတွက် အထောက်အပံ့ပြုပေး မည့်အစီအမံအတွက် စင်ကာပူဒေါ်လာ ၈.၃ ဘီလီယံကို ခွဲဝေထားရှိပြီး၊ ရာသီဥတု ပြောင်းလဲလာမှုများအပေါ် တိုက်ဖျက် နိုင်ရေးအတွက် စင်ကာပူဒေါ်လာ ၅ ဘီလီယံကို ၂၀၂၀ ဘတ်ဂျက်တွင် လျာထားကြောင်း ဖော်ပြထားပါသည်။

အစိုးရသည် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ကို လက်ရှိ ၇ ရာခိုင်နှုန်းကောက်ခံနေရာမှ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည့် အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် အသိပေးကြေညာခဲ့သော်လည်း၊ လက်ရှိ စီးပွားရေး အခြေအနေအရလာမည့် ၂၀၂၁ ခုနှစ်တွင် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ကို တိုးမြှင့် ကောက်ခံမှုမပြုဘဲ လက်ရှိ ၇ ရာခိုင်နှုန်းအတိုင်းသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သို့သော် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ကို တိုးမြှင့်ကောက်ခံရန် သင့်တော်သည့်အချိန်ကို စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ပြီး၊ တိုးမြှင့်ကောက်ခံသည့် အချိန်တွင် စင်ကာပူနိုင်ငံသားများအတွက် ပြန်လည်ထောက်ပံ့ပေးနိုင်ရန် စင်ကာပူဒေါ်လာ ၆ ဘီလီယံကိုလည်း ၂၀၂၀ ခုနှစ် ဘတ်ဂျတ်တွင် ထည့်သွင်းလျာထားကြောင်း၊  ယခုကဲ့သို့ အစီအမံများအတွက် ဘတ်ဂျက်တိုးချဲ့ လျာထားရခြင်း တို့ကြောင့် ဘတ်ဂျက်လိုငွေ စင်ကာပူဒေါ်လာ ၁၀.၉ ဘီလီယံခန့် ပေါ်ပေါက်နိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Singapore Budget

Category: Singapore