Singapore

စင်ကာပူနှင့်တရုတ်နိုင်ငံအကြား လုပ်ငန်းပိုင်းဆိုင်ရာခရီးသွားလာမှုကို ဇွန်လ ၈ ရက်နေ့ မှစ၍ ခွင့်ပြုသွားမည်

Last Updated:

စင်ကာပူတွင် COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော Circuit Breaker ကာလကုန်ဆုံးသည့် ဇွန်လ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို အဆင့်လိုက် ဖြေလျှော့ခွင့်ပြုသွားမည်ဖြစ်ရာ ပထမအဆင့်တွင် နိုင်ငံ၏စီးပွားရေးလုပ်ငန်း ၇၅ ရာခိုင်နှုန်းအထိသည် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လျက်ရှိ ပြီဖြစ်ပါသည်။ ထိုသို့ဖြေလျှော့မှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံသားများနှင့် စင်ကာပူတွင်နေထိုင်သူများအတွက် နိုင်ငံ ဖြတ်ကျော်၍ ပြည်ပတွင် အရေးကြီးသောလုပ်ငန်းပိုင်း ဆိုင်ရာဆောင်ရွက်ချက်များ ပြုလုပ်သွားနိုင်စေရန် အများပြည်သူ၏ ကျန်းမာရေးအကာ အကွယ်ပေးမှုအစီအမံ များကို ကျင့်သုံးလျက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ပထမဆုံးအနေဖြင့် စင်ကာပူနှင့် တရုတ်နိုင်ငံရှိ စီရင်စု/မြူနီစီပယ် (၆) ခု တို့အကြား အရေးကြီးဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းပိုင်းခရီးစဉ်များအတွက် "Fast Lane" အစီအစဉ်ဖြင့် အပြန်အလှန် သွားလာခွင့်ရရှိရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ ဤအစီအစဉ်ဖြင့် စင်ကာပူ သို့ ဝင်ရောက် လိုသူများသည် ၎င်းတို့အား အာမခံပေးမည့် အစိုးရဌာနများမှတစ်ဆင့် ဇွန်လ ၈ ရက်နေ့မှစ၍ လျှောက်ထားနိုင်မည်ဖြစ်သော်လည်း ကုမ္ပဏီများ ၏ အာမခံချက်ဖြင့် စင်ကာပူသို့ ဝင်ရောက်လိုသူများကိုမူ နောက်ပိုင်းမှသာ ဝင်ရောက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူနှင့် အပြန်အလှန်သွားလာခွင့်ရရှိမည့် တရုတ်နိုင်ငံရှိ စီရင်စု/မြူနီစီပယ် (၆) ခုမှာ Chongqing ၊ Guangdong ၊ Jiangsu ၊ Shanghai ၊ Tianjin နှင့် Zhejiang တို့ဖြစ်ကြပြီး၊ တရုတ်နိုင်ငံ၏ အခြားစီရင်စုများသို့ တဖြည်းဖြည်းတိုးချဲ့သွားမည်ဖြစ်ကြောင်း၊ အလားတူ စင်ကာပူသည် အခြားနိုင်ငံများ/ ဒေသများနှင့် ယခုကဲ့သို့ "Fast Lane" အစီအစဉ်ကို ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်းဖော်ပြထားပါသည်။

ဤအစီအစဉ်သည် နှစ်နိုင်ငံအကြား ခရီးသွားလာမည့်သူများအတွက် အသွားအလာကန့်သတ်သည့်ကာလ (Quarantine) ၁၄ ရက် နေထိုင်ရန်မလိုအပ်ဘဲ၊ ခရီးသွားခွင့် ရရှိသောသူများသည် နိုင်ငံတွင်းမှ ထွက်ခွာခြင်းမပြုမီ PCR test ကို ၄၈ နာရီအတွင်း စစ်ဆေးမှုခံယူကာ COVID-19 ရောဂါကင်းရှင်းကြောင်းထောက်ခံချက်လက်မှတ်ကို ရယူရမည်ဖြစ်ကြောင်း၊ ရောဂါ စစ်ဆေးမှုစရိတ်များကို ခရီးသွားသူမှ ကျခံရမည်ဖြစ်ကြောင်း၊ နိုင်ငံတွင်းသို့ ဆိုက်ရောက်လာ ချိန်တွင်လည်း မိမိစရိတ်ဖြင့် PCR test ကို ပြန်လည်စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး၊ ဆေးစစ်ချက်အဖြေအတွက် ကြိုတင်အသိပေးထားသော တည်းခိုနေထိုင်မည့်နေရာတွင် ၂ ရက်အထိ သီးခြားနေထိုင်ရမည် ဖြစ်ကြောင်း၊ COVID-19 ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိရပါက ဆေးဝါးကုသမှုစရိတ်ကို ခရီးသွားလာသူက ကျခံရမည်ဖြစ်ကြောင်း၊ စင်ကာပူသို့ ဝင်ရောက်လာ သူသည် ၁၄ ရက်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို အသုံးပြုခွင့်မရှိဘဲ ကုမ္ပဏီ၏ယာဉ်နှင့် အငှားယာဉ်တို့ကိုသာ အသုံးပြုရမည်ဖြစ်ပြီး၊ နေထိုင်တဲ့ ကာလ အတွင်း TraceTogether App ကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယခုသဘောတူထားသော စီရင်စု/မြူနီစီပယ် (၆) ခုတွင် စင်ကာပူသို့ မထွက်ခွာလာမီ ၇ ရက် နေထိုင်ခဲ့ရမည်ဖြစ်ပြီး၊ စင်ကာပူမှ တရုတ်သို့ သွားရောက်သူများအနေဖြင့်လည်း အဆိုပါ စီရင်စု/မြူနီစီပယ် (၆) ခုတွင် ၁၄ ရက်နေထိုင်ပြီးမှသာ အခြားဒေသများသို့ ဆက်လက်သွားလာခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဤကဲ့သို့ တရုတ်နိုင်ငံအား ပထမဆုံးရွေးချယ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံသည် စင်ကာပူ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သကဲ့သို့ စင်ကာပူသည်တရုတ်တွင် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသောနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ဖြစ်ပါကြောင်း၊ ဤအစီအစဉ်ဖြင့် အရေးပေါ် ဆောင်ရွက်ရန်လိုအပ်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင် သူများ၊နည်းပညာရှင်များနှင့် အစိုးရဝန်ထမ်းများအတွက် သွားလာခွင့်ကို ဉီးစားပေးခွင့်ပြုသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ရှင်းလင်း ပြောကြားထားပါသည်။ စင်ကာပူ၏ လေကြောင်းပို့ဆောင်ရေး လုပ်ငန်းကဏ္ဍသည် စင်ကာပူ၏ GDP တွင် ၅ ရာခိုင်နှုန်းကျော်အထိ ပံ့ပိုးပေးလျက်ရှိပြီး၊ လုပ်သား ၁၉၂,၀၀၀ ခန့်ကို အလုပ်အကိုင်ဖန်တီးပေးထားကြောင်းလည်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Media Press, Ministry of Trade and Industry, Singapore/ The Straits Times

Category: Singapore