Singapore

စင်ကာပူရှိ SMEs များ၏ ငှားရမ်းခစရိတ်သက်သာစေရေးအတွက် ဥပဒေပြဋ္ဌာန်း၍ ကူညီ

Last Updated:

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းများဆက်လက်ရပ်တည်ရန် ရုန်းကန်နေရသော SMEs များအတွက် ငှားရမ်းခစရိတ်သက်သာစေရေး ကူညီပေးနိုင်ရန် စင်ကာပူ ပါလီမန်က ဇွန်လ ၅ ရက်နေ့ တွင် ဥပဒေပြဋ္ဌာန်းပေးခဲ့ကြောင်း သိရှိရပါသည်။

ယင်းဥပဒေအရ ဧပြီလနှင့် မေလတွင် ပျမ်းမျှလစဉ်ဝင်ငွေ ၃၅ ရာခိုင်နှုန်းနှင့်အထက် ကျဆင်းမှုကြုံတွေ့ခဲ့သော SMEs များသည် ငှားရမ်းခပေးသွင်းရခြင်းမှ ကင်းလွတ်သက်သာခွင့်များ ရရှိနိုင်မည်ဖြစ်ပါသည်။ စားသောက်ကုန်၊ အဖျော်ယမကာနှင့် အရောင်း အဝယ်လုပ်ငန်းများအတွက် ဧပြီလမှ ဇူလိုင်လအထိ (၄) လကို အစိုးရနှင့် အဆောက်အဦပိုင်ရှင်တို့မှ (၂) လစီ ငှားရမ်းခကင်းလွတ်ခွင့်ပေးမည်ဖြစ်ပါသည်။ အလားတူရုံးခန်းနှင့် စက်ရုံအလုပ်ရုံများ ငှားရမ်း၍ ဆောင်ရွက်သောလုပ်ငန်းများအတွက် ဧပြီလမှ မေလအထိ (၂) လကို အစိုးရနှင့် အဆောက်အဦပိုင်ရှင်များက (၁) လစီ ငှားရမ်းခကင်းလွတ်သက်သာခွင့်ရရှိရန် ပံ့ပိုးပေးရမည်ဖြစ်ပါသည်။

ထိုသို့ လုပ်ငန်းများဆက်လက်ရပ်တည်နိုင်ရန် အစိုးရက ယာယီအားဖြင့် အထောက်အကူပြုရေး စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း စီးပွားရေးအခြေအနေ ပိုမိုဆိုးဝါးလာပါက အလားအလာကောင်းရှိသော လုပ်ငန်းများနှင့် ခိုင်မာမှုရှိသောလုပ်ငန်းများသာ ရေရှည်ရှင်သန်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီး K. Shanmugam က ပြောကြားခဲ့ပါသည်။ ကိုဗစ် ၁၉ ၏ သက်ရောက်မှုဒဏ်များကို ကုစားနိုင်ရန် အစိုးရ၏ အစီအမံများတွင် အစိုးရက စီမံခန့်ခွဲသော အဆောက်အဦများ၏ ငှားရမ်းခများကို လျှော့ပေါ့ပေးခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းတို့ဖြင့် လုပ်ငန်းများ၏ ကုန်ကျစရိတ်သက်သာစေရေး ပံ့ပိုးပေးမှုအစီအစဉ်များပါဝင်သကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းပိုင်ဖြစ်သော ဟိုတယ်နှင့် အပန်းဖြေစခန်းများအပါအဝင် စျေးဝယ်စင်တာနှင့်  ကုန်တိုက်များ၊ ရုံးခန်း ဖွင့်လှစ်ရန်၊ စက်ရုံအလုပ်ရုံတည်ထောင်ရန်၊ ပြပွဲနှင့် အခမ်းအနားများကျင်းပပြုလုပ်ရန် ငှားရမ်းပေးသော အဆောက်အဦများအတွက် လုပ်ငန်းများက အစိုးရသို့ ပေးဆောင်ရသောမြေနှင့် အဆောက်အဦပိုင်ဆိုင်မှုအခွန်ကို လျှော့ပေါ့ပေးခြင်းနှင့် ကင်းလွတ်ခွင့် ပြုခြင်း စသည့်အစီအစဉ်များလည်း ပါဝင်ပါသည်။ ဤသို့ အခွန်ကင်းလွတ်သက်သာခွင့်များကို ရရှိခဲ့သော အဆောက်အဦးပိုင်ရှင်များအနေဖြင့် ၎င်းတို့၏အဆောက်အဦးများတွင် ငှားရမ်းလုပ်ကိုင်သူများထံသို့ ထပ်ဆင့်ကူညီပေးကြရန် အစိုးရက တိုက်တွန်း နှိုးဆော်ခဲ့သော်လည်း ပိုင်ရှင်အများစုမှာ ခြေလှမ်းတွန်းဆုတ်နေကြသည့်အတွက် ယခုကဲ့သို့ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ရကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ The Straits Times

Category: Singapore