China(Nanning)

စားသောက်ကုန်စိတ်ချလုံခြုံစေရေးအပေါ် အထူးအလေးထားနေသည့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Last Updated:

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ဈေးကွက်ကြီးကြပ်ရေးဗျူရိုက ဇူလိုင်လ (၂၄) ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပပြီး ယခုနှစ် ပထမ (၆) လအတွင်း စားသောက်ကုန်စိတ်ချလုံခြုံရေး အပေါ် ကွမ်ရှီး၏ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ကွမ်ရှီး၌ စားသောက်ကုန်ထုတ်လုပ်သူများနှင့် လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းများပြန်လည်စတင်ကြရန်နှင့် အဓိကဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ဖြေရှင်းရေးအတွက် စားသောက်ကုန် စိတ်ချလုံကြုံရေးကြီးကြပ်ဆောင်ရွက်မှုများအား အကောင်အထည်ဖော်သွားရန် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၏ လုပ်ငန်းပြန်လည်စတင်မှုမှာ (၉၇.၂၄) ရာခိုင်နှုန်းရှိပြီဖြစ်ပြီး၊ စားသောက်ကုန်အရည်အသွေးအား နမူနာကောက်ယူစစ်ဆေးမှု လွှမ်းခြုံမှုနှုန်းမှာ (၉၇.၉၈) ရာခိုင်နှုန်းရှိပြီဖြစ်ပါသည်။

စားသောက်ကုန်ဖြန့်ဖြူးရေးလမ်းကြောင်းများတွင် COVID-19 ရောဂါပျံ့နှံ့ဖြစ်ပွားမှုအား တားဆီးရန် တိရိစ္ဆာန်အရိုင်းများ တရားမဝင်ကုန်သွယ်မှုအား ကွမ်ရှီးက လုံးလုံးလျားလျားတားမြစ်ထားလျက်၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် လုပ်ငန်းအသုံးအဆောင်များ၌ သန့်ရှင်းရေးနှင့် စားသောက်ကုန်စိတ်ချလုံခြုံရေးစစ်ဆေးမှုများကို ဘက်စုံထောင့်စုံမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် အွန်လိုင်းပေါ်မှ အစားအသောက်မှာယူမှုများအား ပို့ဆောင်မှုကို ခွင့်ပြုပေးလျက်ရှိပြီး၊ ပို့ဆောင်ရေးဝန်ဆောင်မှုများနှင့် ထိတွေ့မှုမရှိစေရန် လမ်းညွှန်ပေးလျက်ရှိပါသည်။  လယ်သမားများ၏ ဈေးများ၊  စူပါမားကက်များနှင့် အစားအစာချက်ပြုတ်ပြင်ဆင်ပေးနေသည့် နေရာပေါင်း (၉၂၂,၂၀၀) အား စစ်ဆေးခဲ့ပြီး၊ e-commerce platforms ၊ ဝက်ဘ်ဆိုက်များနှင့် အွန်လိုင်း ဈေးဆိုင်ပေါင်း (၄၂,၉၀၀) တို့အား စောင့်ကြည့်ထိန်းကျောင်းလျက်ရှိပါသည်။

တိုက်ရိုက်ထုတ်လွှင့်ပြသမှုများမှ စားသုံးသူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးတို့အား ချိုးဖောက်လာပါက ကွမ်ရှီးဈေးကွက်ကြီးကြပ်ရေးဗျူရိုသို့တိုင်ကြားနိုင်ပြီး ဉပဒေနှင့် စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုများအတွက် စုံစမ်းထောက်လှမ်းကာ အပြစ်ပေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။

စိုက်ပျိုးရေးဆိုင်ရာနှင့် တိရိစ္ဆာန်ဆိုင်ရာ ဆေးဝါးအကြွင်းအကျန်များ၊ သတ္ထုဓာတ်များ အလွန်အမင်းပါဝင်ခြင်း၊ တရားမဝင်သော စွဲလန်းစေတတ်သည့်ပစ္စည်းများ၊ ပိုးမွှားများအလွန်အမင်းပါဝင်မှုတို့အပေါ် အလေးထားလျက် ကွမ်ရှီးက ဌာနစုံပါဝင်သည့် အရေးပေါ်အခြေအနေတုန့်ပြန်ရေးယန္တရားကို တည်ထောင်ထားပြီး အထူးသဖြင့် ကျောင်းပရဝုဏ်များ၊ ကျေးလက်ဒေသများ၊ ခရီးသွားများ လာရောက် လည်ပတ်သည့်နေရာများတွင် ပုန်းလျှိုးနေသောအန္တရာယ် စုံစမ်းထောက်လှမ်းမှုများနှင့် အထူးဉပဒေသက်ဝင်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အနာဂတ်တွင် ကွမ်ရှီးက စမတ်နည်းပညာကိုအသုံးပြု၍ ကြီးကြပ်သည့် ယန္တရားတည်ထောင်ခြင်း၊ စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူးမှုများအတွက် အီလက်ထရောနစ်ဖြင့် ကြီးကြပ်မှုစနစ်အား ဖွံ့ဖြိုးခြင်း နှင့် စားသောက်ကုန်စိတ်ချလုံခြုံရေးနမူနာ ရယူထိန်းကျောင်းသည့်စနစ်အား အကောင်အထည်ဖော်ခြင်းနှင့် တိကျသည့်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်မှုရရှိစေရန်ဆောင်ရွက်ခြင်း၊ big data ပေါ် အခြေခံ၍ စီမံခန့်ခွဲခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၇-၂၀၂၀)

Category: China(Nanning)