USA

စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပဈေးကွက်တင်ပို့ရာတွင် နို်ငငံတကာစံချိန်စံညွှန်းများ

Last Updated:

ကမ္ဘာတစ်ဝန်းတွင် ဟင်းသီးဟင်းရွက်သီးနှံဖျက်ပိုးများ ရောဂါအများအပြားရှိရာ အမေရိကန်နိုင်ငံအတွင်းသို့ အသားများ၊ တိရိစ္ဆာန်များ ၊ တိရိစ္ဆာန်ထွက်ကုန်များ၊ အသီးများ၊ ဟင်းသီးဟင်းရွက်များ၊ အပင်များ၊ မြေဆီများ၊ မျိုးစေ့များနှင့် အပင်အခြေခံ လက်မှုပစ္စည်းများ အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းခြင်းမှ အဆိုပါပိုးမွှားနှင့် ရောဂါများနိုင်ငံအတွင်းသို့ ရောက်ရှိနိုင်သည့်အတွက် အမေရိကန် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ တိရိစ္ဆာန်နှင့် အပင်ကျန်းမာရေးစစ်ဆေးရေးလုပ်ငန်း (Animal and Plant Health Inspection Service-APHIS) မှ ပြည်ပမှ လယ်ယာထွက်ကုန်များ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်မှုတွင် အဆိုပါ ပိုးမွှားနှင့် ရောဂါများကင်းရှင်းစွာ ဝင်ရောက်နိုင်ရန် တာဝန်ယူကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါကုန်စည်များ အမေရိကန်နိုင်ငံအတွင်းသို့ မတင်သွင်းမီ APHIS မှ ချမှတ်ထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ စည်းကမ်းချက်များကို ကြိုတင်လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

အမေရိကန်အကောက်ခွန်ဌာန (Department of Homeland Security Customs and Border Protection- CBP ) က APHIS ၏ စည်းကမ်းချက်များနှင့်အညီ နို်ငငံအတွင်းသို့ အဆိုပါ ကုန်စည်များ တင်သွင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးပါသည်။ အကောက်ခွန်ဌာနရှိ လယ်ယာထွက်ကုန်ကျွမ်းကျင်သူများက တင်သွင်းလာသည့် ကုန်စည်များနှင့်အတူ လိုအပ်သည့်ပါမစ်များ၊ အပင်ရောဂါ၊ ပိုးမွှားကင်းရှင်းကြောင်းထောက်ခံချက် (တိရိစ္ဆာန်ထွက်ကုန်များအတွက် Sanitary Certificates နှင့် အပင်ထွက် ကုန်များအတွက် Phytosanitary Certificates ) များ ပါရှိကြောင်းစစ်ဆေးပါသည်။ အပင်ရောဂါ၊ ပိုးမွှားက်ငးရှင်းကြောင်း ထောက်ခံချက်များသည် ကုန်စည်တင်ပို့သည့်နိုင်ငံမှ တင်ပို့သည့်ကုန်စည်များသည် အမေရိကန်နိုင်ငံ၏ အပင်၊ တိရိစ္ဆာန်ကျန်းမာရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များဖြစ်ကြောင်း တရားဝင်ထုတ်ပေးသည့် အထောက်အထားများဖြစ်ပါသည်။ ဥပမာအားဖြင့် ပို့ကုန် မတင်ပို့မီ တင်ပို့မည့်ကုန်စည်များကို ဦးစွာပိုးမွှားကင်းရှင်းစေရန် ဆောင်ရွက်ခြင်း (သို့) သက်ဆိုင်သည့် ပိုးမွှား၊ ရောဂါကင်းစင်မှုရှိအောင် စစ်ဆေးခြင်းတို့ ဆောင်ရွက်ပြီးစီးမှု မှန်ကန်ကြောင်းထောက်ခံပေးခြင်းဖြစ်ပါသည်။

ပြည်ပမှ သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ၊ အပင်များ၊ မျိုးစေ့များနှင့် အပင်ထွက်ပစ္စည်းများ အမေရိကန်နိုင်ငံအတွင်းသို့ တင်သွင်းရာတွင် တင်သွင်းသူသည် APHIS တွင် လယ်ယာထွက်ကုန်တင်သွင်းခွင့် ပါမစ်လျှောက်ထားရမည်ဖြစ်ပြိး တင်ပို့မည့်နိုင်ငံမှ အပင်ရောဂါ၊ ပိုးမွှားကင်းရှင်းကြောင်းထောက်ခံချက် ရရှိထားရမည်ဖြစ်ပြီး တင်ပို့မည့်နို်ငငံမှ အပင်ရောဂါ ပိုးမွှားကင်းရှင်းကြောင်းထောက်ခံချက် ရရှိထားရမည်ဖြစ်ပါသည်။ အဆိုပါထောက်ခံချက်တွင် အပင်များအား ၎င်းတို့ သိပ္ပံအမည်များ ဖော်ပြထားရ မည်ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ သွင်းကုန်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း အတည်ပြုထောက်ခံပေးရမည်ဖြစ်ပါသည်။

အပင်ရောဂါ ၊ ပိုးမွှားကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (Plant Protection and Quarantine- PPQ) သည် အပင်ရောဂါ၊ ပိုးမွှားကာကွယ်ရေးဥပဒေ၏ လုပ်ပိုင်ခွင့်နှင့်အညီ အပင်နှင့် အပင်ထွက်ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ကြီးကြပ်ဆောင်ရွက် လျက်ရှိပါသည်။ PPQ သည် အမေရိကန်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးနှင့် သဘာဝသယံဇာတများကို နိုင်ငံအတွင်းဝင်ရောက်လာနိုင်သည့် အပင်ရောဂါ၊ ပိုးမွှားများ၊ အဆိုပ်ရှိသည့် ပေါင်းပင်များကျရောက်နိုင်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ဇီဝနှင့်မြေဆီပါမစ်၊ အပင်နှင့်အပင်ထွက်ကုန်ပါမစ်နှင့် တဆင့်ခံပါမစ်ဆိုင်ရာ အချက်အလက်များထုတ်ပေး၍ ထိန်းကျောင်းပေးလျက်ရှိပါသည်။

အမေရိကန်နိုင်ငံအတွင်းသို့ လယ်ယာထွက်ကုန်စည်များ တင်သွင်းသည့်အခါသော်လည်းကောင်း၊ နိုင်ငံဖြတ်သန်းသည့်အခါသော်လည်းကောင်း၊ ပါမစ်ကြိုတင်ရယူလျှေက်ထားရန်လိုအပ်ပါသည်။ အပင်နှင့်အပင်ထွက်ကုန် အုပ်စုအမျိုးအစားအလိုက် ပါမစ်ရယူလျှောက်ထားရမည့် လုပ်ငန်းစဉ်များ၊ သွင်းကုန်ဆိုင်ရာလိုအပ်ချက်များကို United States Department of Agriculture ဝဘ်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အမေရိကန်ဈေးကွက်သို့ စားသောက်ကုန်များ၊ ဆေးဝါးများ၊ ဆေးပညာဆိုင်ရာ ကိရိယာများ၊ အခြား FDA ထိန်းချုပ်ထားသည့် ထုတ်ကုန်များ ဖြန့်ဖြူးမည်ဆိုပါက အမေရိကန်နိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန၏ ခွင့်ပြုချက်လိုင်စင် ရယူလျှောက်ထားရန် လိုအပ်ပါသည်။

မြန်မာစိုက်ပျိုးရေးထွက်ကုန်များ အမေရိကန်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာ့လယ်ယာထွက်ကုန်၊ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကုန်စည်ပြပွဲများ ကျင်းပသည့်အခါ မြန်မာ့လယ်ယာထွက်ကုန်များ ပါဝင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်အခါ အမေရိကန်ရှိ အစိုးရဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီမှ အထောက်အပံ့ပေးနေသည့် မြန်မာ့လယ်ယာထွက်ကုန်များ၊ ထုတ်ကုန်များ နိုင်ငံတကာဈေးကွက်ဝင်နိုင်ရေး သင်တန်းအစီအစဉ်များသာမက နည်းပညာနှင့် ငွေကြေးအကူအညီများ ရရှိနိုင်ရန် မိတ်ဆက်ပေးခြင်းတို့ကို ဝါရှင်တန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စီးပွားရေးသံမှူးသည် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

  

 

 

 

Category: USA