Thailand

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပို့ကုန်မြင့်တင်ရေးအတွက် စီစဉ် ဆောင်ရွက်လျှက်ရှိခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ပို့ကုန်တိုးတက်မှု(၃-၄%) ရရှိစေရေးအတွက် ပြည်ပပို့ကုန်မြှင့်တင်ရေး လှုပ်ရှားမှုပေါင်း(၁၅၂)ခုကို ဆောင်ရွက်သွားရန် စီစဉ်လျှက်ရှိနေကြောင်းနှင့် အလားအလာရှိသော ကုန်သွယ်ဖက်နိုင်ငံများနှင့် အသေးစား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် (Mini FTAs)များအား မြှင့်တင်ဆောင်ရွက်သွားရန်လည်း မျှော်မှန်းထားကြောင်းသိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဉီးစီးဌာနညွှန်ကြားရေးမှူးချုပ် Phusit Tatanakul က ဝန်ကြီးဌာနအနေဖြင့် သမရိုးကျ၊ အလယ်အလတ်အဆင့်နှင့် ဈေးကွက်အသစ်များတို့တွင် အွန်လိုင်းနှင့်အော့ဖ်လိုင်းနှစ်မျိုးလုံးဖြင့် ပြည်ပပို့ကုန်မြှင့်တင်ရေးလှုပ်ရှားမှုပေါင်း (၁၅၂) ခုကို ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုများတွင် ဆန်၊ ပီလောပီနံ၊ ကြက်သား၊ ရာဘာ၊ ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းများ၊ ဟာလာအစားအစာများ၊ ဖက်ရှင်ပစ္စည်းများ၊ လူနေမှုပုံစံပစ္စည်းများ၊ တိရစ္ဆာန်အစား အစာများ၊ ကျောက်မျက်နှင့်လက်ဝတ်ရတနာများ စသည့်အဓိကရည်မှန်းထားသည့် ထုတ်ကုန်များ အတွက် အွန်လိုင်း စီးပွားရေးတွေ့ဆုံပွဲ(Online Business Matchings) များပါဝင်ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် THAIFEX ANUGA Asia ၊ Bangkok Gems & Jewellery Fair နှင့် Thailand International Logistic Fair စသည့် အွန်လိုင်းVirtual ကုန်စည်ပြပွဲများကို ကျင်းပရန် စီစဉ်ထားရှိခဲ့ကြောင်းသိရှိရပါသည်။ ထို့အပြင် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် Spas စသည့် လုပ်ငန်းများဆိုင်ရာထုတ်ကုန်များအတွက် အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများကိုလည်း စီစဉ်ထားကြောင်း၊ သိရှိရပါသည်။

အစားအစာများ၊ အစားအသောက်များ၏ဆန်းသစ်တီထွင်မှုများနှင့် ဆန်၊ ဒီဂျစ်တယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ထိုင်းသစ်သီးဝလံများကဲ့သို့သော ထိုင်းထုတ်ကုန်များ၏ ပုံရိပ်မြှင့် တင်ရေးဆိုင်ရာ လူထုဆက်ဆံရေးလှုပ်ရှားမှုပွဲများကိုလည်း တရုတ်နိုင်ငံ၏မြို့ကြီး(၁၃)မြို့တွင် ကျင်းပသွားရန်စီစဉ်ထားကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် လယ်ယာထုတ်ကုန်ပစ္စည်းများ၊ အစားအစာ၊ အဖျော်ယမကာနှင့် အစားအစာ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်စည်ပြပွဲများ၊ စီးပွားရေးဆိုင်ရာ တွေ့ဆုံမှုများ၊ အရောင်းမြှင့်တင်ရေးပွဲများကို ကုန်တိုက်ကြီးများတွင် လှုပ်ရှားမှုပေါင်း(၅၆)ခုဖြင့် ကျင်းပ ဆောင်ရွက်သွားရန် ကတိပြုထားကြောင်း သိရှိရပါသည်။

ဌာနအတွက် နောက်ထပ်အလေးပေးဆောင်ရွက်မည့် အခြားအစီအစဉ်တစ်ခုမှာ BCG ဟုခေါ်သည့် ဇီဝ(Bio)၊ Circular နှင့်အစိမ်းရောင်(Green)ထုတ်ကုန်များတင်ပို့ရောင်းချရေးဖြစ်ပြီး SMEs လုပ်ငန်းများအားမြှင့်တင်ဆောင်ရွက်သွားရန်နှင့် လူမှုအဖွဲ့အစည်းများ၏ ထုတ်ကုန်ထုတ်လုပ်သူ များအားလေ့ကျင်ရေးသင်တန်းများနှင့် ဆွေးနွေးပွဲအစီအစဉ်များမှတစ်ဆင့်ပြည်ပ ပို့ကုန်တင်ပို့ သူများဖြစ်လာစေရန်ဖြစ်ကြောင်းသိရှိရပါသည်။

ဉီးစီးဌာနအနေဖြင့်ပြည်ပနိုင်ငံများရှိစီးပွားရေးသံမှူးများအားကုန်သွယ်ဖက်နိုင်ငံများ၏ အိုမီခရွန် ဗိုင်းရပ်စ်သက်ရောက်မှုများနှင့် ကိုဗစ်-၁၉ကာကွယ်ရေးအစီအစဉ်များ၏သက်ရောက်မှုများ အပေါ် အနီးကပ် စောင့်ကြည့်သွားရန်ညွှန်ကြားထားကြောင်း၊ အကယ်၍ အတားအဆီးများရှိ လာပါက ၎င်းတို့အနေဖြင့် ချက်ချင်းသတင်းပို့ရန်ဖြစ်ကြောင်းသိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာနအနေဖြင့် အလားအလာရှိသော ကုန်သွယ်ဖက်နိုင်ငံများနှင့် အသေးစားလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာသဘောတူညီချက်(Mini FTA)များအတွက် ဆွေးနွေးပွဲများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်စီစဉ်နေကြောင်း၊ အိန္ဒိယ နိုင်ငံTelanganaနှင့်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန်မျှော်လင့်ထားကြောင်းသိရှိရပါသည်။

Mini FTAs များအတွက်အလားအလာရှိသောအခြားနယ်ပယ်ဧရိယာတို့မှာတရုတ်ပြည် မှ Gansu ၊ Shanhaiနှင့်Shenzhenပြည်နယ်များ၊တောင်ကိုရီးယားမှဘူဆန်(Busan)၊နိုင်ဂျီးရီးယား မှ Abuja ၊ တောင်အာဖရိကမှ Johannesburg တို့ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Phusit ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၎င်းက အိုမီခရွန်၏သက်ရောက်မှုကြောင့် ယခုနှစ်ပထမနှစ်ဝက်တွင် ပြည်ပပို့ကုန်များ နှေးကွေး နိုင်ကြောင်း အသိအမှတ်ပြုပြောဆိုခဲ့ပြီး ဒုတိယနှစ်ဝက်တွင် ပိုမိုကောင်းမွန်မည်ဟုမျှော်လင့် ကြောင်းပြောကြားခဲ့ပါသည်။ ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှုအနေဖြင့်(၃-၄%)ရရှိနိုင်မည် ဖြစ်ပြီး ဘတ်ငွေ(၈.၉၈-၉.၀၇)ထရီလီယံ(သို့မဟုတ်) အမေရိကန်ဒေါ်လာအားဖြင့်ဆိုပါက (၂၈၀) ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၂၁ခုနှစ်တွင်ခန့်မှန်းခဲ့သော (၁၆%)တိုးတက်မှု ထက် ကျဆင်း သွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ပို့ကုန်တိုးတက်မှုအတွက်အထောက်အကူဖြစ်စေမည့်အချက်များတွင် ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေး နာလန်ထူလာမှု၊ ဘတ်ငွေတန်ဖိုးအားနည်းမှု၊ ရေနံဈေးမြင့်တက်မှုကြောင့် ရေနံနှင့် ဆက်စပ်နေ သောပြည်ပပို့ကုန်များ၏ပြည်ပပို့ကုန်တန်ဖိုးတိုးတက်မှု၊ ယခုနှစ်တွင်စတင်မည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(RCEP) တို့ပါဝင်ကြောင်း သိရှိရ ပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand