Thailand

စီးပွားရေးပြန်လည်ထူထောင်ရန်အတွက် ဗဟိုစင်တာအသစ်

Last Updated:

အစိုးရအဖွဲ့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမှ တိုင်းပြည်၏စီးပွားရေး ပြန်လည်ထူထောင်ရေးကို ကိုင်တွယ်ဆောင်ရွက်ရန် ဗဟိုစင်တာအသစ်ဖွဲ့စည်းရေးအပေါ် ကြာသာပတေးနေ့ (၁၄-၈-၂၀၂၀ရက်နေ့)တွင် မီးစိမ်းပြခွင့်ပြုပေးခဲ့ပါသည်။ စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေးဗဟိုစင်တာ (Economic Stituation administration centre) သည် Covid-19 အခြေအနေ စီမံခန့်ခွဲရေးဗဟိုစင်တာကဲ့သို့ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က ဉက္ကဌ အဖြစ်ဆောင်ရွက်သွားလိမ့်မည်ဖြစ်ပါသည်။

ဗဟိုစင်တာအား စီးပွားရေးဝန်ကြီးများအားလုံး၊ ပြည်ထဲရေးနှင့် အလုပ်သမားဝန်ကြီးဌာနများ၊ ထိုင်းဘဏ်၏အုပ်ချုပ်ရေးမှူးနှင့် ပုဂ္ဂလိကအဖွဲ့အစည်း(၃)ခုမှ ကိုယ်စားလှယ်များ ပါဝင်သောကော်မတီ(၂၂)ခုဖြင့် ဖွဲ့စည်းသွား လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။  အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (National Economic and Social Development Council)၏ အတွင်းရေးမှူးချုပ်က အဆိုပါဗဟိုစင်တာ၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်လိမ့် မည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။ ကပ်ရောဂါသည် အဓိကစီးပွားရေးအပေါ် အထောက်အကူပြု ပါဝင်ပံ့ပိုးပေးနေသည့်ပို့ကုန်ကဏ္ဍနှင့် ခရီးသွားကဏ္ဍတို့အပေါ်သာမက ပြည်တွင်းအလုပ်လက်မဲ့နှင့် SMEs လုပ်ငန်းများအပါအဝင် ကဏ္ဍအားလုံးနီးပါးကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း ဝန်ကြီးချုပ်ပရာယွတ်ကပြောကြားခဲ့ပါသည်။ ပို၍ဆိုးဝါးသည်မှာ ယခုနှစ်ထိုင်းနိုင်ငံသို့ လာသော နိုင်ငံခြားသားဧည့်သည်မှာ ယခင်က သန်း(၄၀)ရှိခဲ့ရာမှ ယခုနှစ်တွင် (၂-၃)သန်းသို့ ကျသွားနိုင် ကြောင်းသိရှိရပါသည်။

အစိုးရ၏ ဒုတိယအဆင့်ပြောရေးဆိုခွင့်ရှိသူ Rachada Dhnadirek က ဗဟိုစင်တာအနေဖြင့် စီးပွားရေးပြဿနာများအတွက် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မည့် အဆိုပြုလွှာများနှင့် အစိုးရ၏ စီးပွားရေးပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အစိုးရအဖွဲ့အနေဖြင့် စီးပွားရေးစီမံခန့်ခွဲမှုအတွက် ကော်မတီဖွဲ့စည်းရန်ကိုလည်း အတည်ပြုပေးခဲ့ပါသည်။ ဤအဖွဲ့ကို ဉက္ကဌအဖြစ် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အကြံပေး Palin Chuchotthaworn နှင့် ယခင်သယ်ယူပို့ဆောင်‌ရေးဝန်ကြီးဟောင်းတို့က ဉီးဆောင်သွားလိမ့်မည်ဖြစ်ပါသည်။

စီးပွားရေးနှင့် လူမှုပြန်လည်ထူထောင်ရေးအတွက် အစိုးရ၏ ဘတ်ဂျက် (၄၀၀) ဘီလီယံအောက်ရှိ ဘတ်ငေွ(၁.၁၁)ဘီလီယံတန်ဖိုးရှိ စီမံကိန်း(၃)ခုအားလည်းအစိုးရအဖွဲ့က လက်မှတ်ရေးထိုးပေးခဲ့ပါသည်။ ထို့အပြင် အစိုးရအဖွဲ့မှ မိုးခေါင်ခြင်းနှင့်ရေကြီးခြင်းတို့အတွက် ကာလလတ်နှင့် နှစ်ရှည်ဆောင်ရွက်ရန် အခြားသော ဘတ်ငွေ(၁၁.၈)ဘီလီယံကိုလည်း ထပ်မံအတည်ပြု  ခွင့်ပြုပေးခဲ့ပါသည်။ ဧပြီလတွင် ဘတ်ငွေ (၁) ထရီလီယံချေးငွေ အတွက် တော်ဝင်အမိန့်ပြန်တမ်းကို ထုတ်ပြန်ပေးခဲ့ပြီး ထိုအထဲမှ ဘတ်ငွေ(၆၀၀)ဘီလီယံသည် အလုပ်အကိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခံစားခဲ့ရသောသူများအတွက် ဘဏ္ဍာရေးအထောက်အပံ့နှင့် ကျန်းမာရေးနှင့် ဆက်နွယ်နေသော အစီအစဉ်များအတွက်ဖြစ်ပြီး ဘတ်ငွေ(၄၀၀)ဘီလီယံမှာ စီးပွားရေးနှင့် လူမှုပြန်လည်ထူထောင်ရေးတို့အတွက် အလုပ်အကိုင်များဖန်တီးပေးရန်နှင့် အဖွဲ့အစည်းများအား ပိုမိုခိုင်မာအားကောင်းလာစေရေးနှင့် အခြေခံအဆောင်အဉီများ တည်ဆောင်ရေးတို့အတွက် စီမံကိန်းများ ဆောင်ရွက်ရန်ဖြစ်ပါသည်။

ဘတ်ငေွ (၆၀၀) ဘီလီယံ ခွဲဝေထားသည့်အထဲမှ ဘတ်ငွေ(၅၅၀)ဘီလီယံမှာ ဗိုင်းရပ်စ်ဘေးဒါဏ်ခံစားရသောသူများအတွက် ငွေကြေးထောက်ပံ့ရန်နှင့် ကျန်ငွေမှာ ကျန်းမာရေးအသုံးစရိတ်အတွက် ဖြစ်ပါသည်။ ထိုင်းကုန်သည် ကြီးများ အသင်းဉက္ကဌ Kalin Sarasin က ပုဂ္ဂလိကများအနေဖြင့် စီးပွားရေးပြန်လည်နာလန်ထူလာစေရန် အရေးပေါ်အစီအမံများ၊ ဝင်ငွေမညီမျှမှုအပေါ်လျှော့ချရန်ကိစ္စရပ်များ၊ အလုပ်လက်မဲ့များအတွက် ထိန်းချုပ်ရန်ကိစ္စရပ် များ၊ ပြည်တွင်းခရီးသွားလုပ်ငန်း အားပေးလှုံ့ဆော်ရန်ကိစ္စရပ်များနှင့် SMEs များအား အထောက်အပံ့ပေးမည့် အစီအမံများတို့အား နောက်အပတ်ဗုဒ္ဗဟူးနေ့တွင် ကျင်းပမည့် စီးပွားရေးအခြေအနေ စီမံခန့်ခွဲရေး ဗဟိုစင်တာ၏ ပထမဆုံးအစည်းအဝေးတွင် အဆိုပြုတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် ဉက္ကဌ Thanavath Phonvichai က ကိုရိုနာဗိုင်းရပ်စ်ဆက်လက်ပျံ့နှံ့နေပြီး ကာကွယ်ဆေးမရရှိနိုင်သရွေ့စီးပွားရေး ပြန်လည်ရှင်သန်ရန် ကြိုးပမ်းမှုများသည် မြင့်မားသောတောင် များကို တက်သကဲ့သို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ပို၍အရေးကြီးသည်မှာ နိုင်ငံရေးအရ ချီတက်ဆန္ဒပြမှုများသည် စီးပွားရေးပြန်လည်ထူထောင်ရန် အစိုးရ၏ရုန်းကန်မှုများကို ပိုမိုဆိုးဝါးစေကြောင်းMr. Thanavath ကပြောကြား ခဲ့ပါသည်။

 

 

Source:Bangkok Post

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand