USA

စီးပွားရေးပြန်လည်ဖွင့်လှစ်သည့်အတွက် ကမ္ဘာ့စတော့ဈေးကွက်များပြန်လည်မြင့်တက်

Last Updated:

အမေရိကန်-တရုတ် နှစ်နိုင်ငံအကြားတင်းမာမှုအရှိန်မြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုထက် စီးပွားရေးပြန်လည်ဖွင့်လှစ်ရေးအပေါ် စိတ်အားထက်သန်မှု များပြားနေကြသည့်အတွက် နိုင်ငံတကာဈေးကွက်များ ပြန်လည်ဖွင့်လှစ်လာကြပါသည်။ မေလ ၂၅ ရက်နေ့ အမှတ်ရဖွယ်နေ့ ရုံးပိတ်ရက်ပြီးနောက် မေလ ၂၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ၌ ကုန်သွယ်ရေးဈေးကွက်များ ပြန်လည်ဖွင့်လှစ်လာကြကာ S&P 500 ကြိုရောင်းကြိုဝယ်ဈေးနှုန်းသည် ၂ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ပါသည်။

ထို့အတူ ဗြိတိန်နှင့် ပြင်သစ်တို့တွင်လည်း pan-continental Stoxx Europe 600 စတော့ဈေးသည် ၁.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ဂျပန်အစိုးရကလည်း အရေးပေါ် အခြေအနေအား မေလ ၂၅ ရက်နေ့တွင် ဖယ်ရှားခဲ့ပြီးနောက် ဂျပန်အစုရှယ်ယာများ မြင့်တက်လာပြီး Nikkei 225 သည် ၂.၆ ရာခိုင်နှုန်း ဦးဆောင်မြင့်တက်လာပါသည်။

ဩစတြေးလျ၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ရှန်ဟိုင်း အစုရှယ်ယာများလည်း ပြန်လည်မြင့်တက်လာကြသည်။ လပေါင်းအနည်းငယ် အပြင်မထွက်ပဲ နေအိမ်များတွင်သာ နေထိုင်ကြရသဖြင့် ပြည်သူများသည် ၎င်းတို့၏ ပုံမှန်ဘဝများအတိုင်း  ပြန်လည်ရှင်သန်လိုကြသည်။ အမေရိကန်နိုင်ငံတွင် မေလ ၂၅ ရက်နေ့ အမှတ်ရဖွယ်နေ့ရုံးပိတ်ရက်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ တစ်သိန်းနီးပါးရှိနေသော်လည်း အမေရိကန်နိုင်ငံသားများသည် ဘား၊ စားသောက်ဆိုင်များ၊ ကမ်းခြေများနှင့် ပန်းခြံများသို့ သွားရောက် အပန်းဖြေခဲ့ကြကြောင်း တွေ့ရပါသည်။

စီးပွားရေးပြန်လည်ထူထောင်မှုနှုန်းသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွာခြားနိုင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် အစိုးရများက ၎င်းတို့စီးပွားရေးအပေါ် အထောက်အပံ့ပေးနိုင်ရန် ဘတ်ဂျတ်သုံးစွဲမှုအပေါ် မူတည်ကြောင်း သုတေသီများက ဆိုပါသည်။

ကမ္ဘာ့ရေနံဈေးလည်းပြန်လာမြင့်တက်လာပြီး အမေရိကန်၏ အဓိကရေနံစိမ်းစံပေတံဖြစ်သည့် West Texas Intermediate သည် ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၄.၄၅ ထိဈေးရရှိပြီး ၃.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ကမ္ဘာ့ရေနံစိမ်းစံသတ်မှတ်ချက်သည်လည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၆.၇၃ထိဈေးရရှိပြီး ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

 

 

https://stockmarketnews.today/2020/05/26/optimism-over-reopening-pushes-global-stock-markets-higher/

( မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA