China(Nanning)

စီးပွားရေးပြန်လည်အားပြည့်လာစေရန် ဈေးနှုန်းသက်သာခွင့်ပေးသည့် ကူပွန်များအား အသုံးချနေသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ၌ ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှု ပြန်လည်တည်ငြိမ်လာချိန်၌ စားသုံးသူများ၏ ဝယ်လိုအားကိုမြှင့်တင်ရန် ဈေးနှုန်းသက်သာခွင့်ပေးသည့် ကူပွန်ဖြန့်ဝေပေးသည့်အစီအမံများ ပိုမိုပြုလုပ်သွားရေးအတွက် ပြည်နယ်အစိုးရများက စဉ်းစားလျက် ရှိကြပါသည်။ ကိုရိုနာကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း အမေရိကန်နှင့် ဉရောပနိုင်ငံများ ပြုလုပ်ပုံဖြစ်သည့် ငွေကြေး သို့မဟုတ် ချက်လက်မှတ်ဖြင့် အိမ်ထောင်စုများထံ ငွေကြေးတိုက်ရိုက်ထောက်ပံ့ပေးကာ စီးပွားရေးလှုံ့ဆော်ပေးသည့် ပုံစံမျိုးကဲ့သို့ပင် တရုတ်အစိုးရကလည်း မိမိနည်းမိမိဟန်ဖြင့် စားသုံးမှုအား တိုက်ရိုက်ပိုမိုလှုံ့ဆော်နိုင်မည့် ကူပွန်ဖြန့်ဝေပေးခြင်းကို ပြုလုပ်လျက်ရှိပါသည်။

၎င်းကူပွန်အစီအမံအရ ပြည်နယ်အစိုးရ သို့မဟုတ် လုပ်ငန်းများက ရန်ပုံငွေ ကျောထောက်နောက်ခံပြုပေးထားသည့် ဈေးနှုန်းသက်သာခွင့်ရမည့်ကူပွန်များကို အွန်လိုင်း ပေါ်မှ ဖြန့်ဝေပေးပြီး၊ ၎င်းကူပွန်အား စားသောက်ဆိုင်၊ ခရီးသွားလာမှု၊ မော်တော်ယာဉ်နှင့် အခြားလက်လီကဏ္ဍများကဲ့သို့သော အရောင်း/စားသုံးမှုတက်စေလိုသည့် ကဏ္ဍများတွင် အသုံးပြုပါက (၁၀)ရာခိုင်နှုန်းမှ (၅၀)ရာခိုင်နှုန်းလျှော့ပေးမည်ဖြစ်ပါသည်။

ကပ်ရောဂါအဆိုးရွားဆုံးရိုက်ခတ်ခဲ့သော ဟူပေပြည်နယ်နှင့် အခြားပြည်နယ် နှစ်ခုဖြစ်သည့် ကျဲ့ကျန်းနှင့် ကွမ်တုန်းတို့တွင် ယွမ်ငွေ (၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၁ သန်း) တန်ဖိုးရှိ ကူပွန်များဖြန့်ဝေပေးခဲ့ပါသည်။  ရှန်ဟိုင်းမြို့တွင်လည်း မေလ (၅) ရက်နေ့မှ စ၍ ဈေးရောင်းပွဲကြီးတစ်ရပ်ကို စတင်ခဲ့ရာ ကူပွန်အသစ်များကို အသုံးပြုမှုမှာ စံချိန်တင် ပမာဏရောက်ရှိသွားနိုင်ပါသည်။ ၎င်းဈေးရောင်းပွဲ၌ ပူးပေါင်းပါဝင်ကြသည့် e-Commerce လုပ်ငန်းကြီးများဖြစ်သည့် အလီဘာဘာ၊ Meituan နှင့် Suningတို့က ယွမ်ငွေ (၅.၂) ဘီလီယံတန်ဖိုးရှိ ကူပွန်များကို ထုတ်ပေးမည်ဟု သဘောတူခဲ့ကြပါသည်။

ကူပွန်အစီအစဉ်မှာ လူအများကို ဝင်ငွေနည်းပါးနေချိန်တွင် ဈေးသက်သာခွင့်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းပေါ်မှ မှာယူ/ရယူနိုင်သဖြင့် အပြင်ထွက်၍ ဈေးဝယ်ကြခြင်းကဲ့သို့သော လူစုလူဝေးဖြစ်စေမည့်ကိစ္စများပါ တားဆီးပြီးသားဖြစ်သွားသဖြင့် ကျန်းမာရေးရှုထောင့်၊ လူမှုဖူလုံရေးရှုထောင့်နှင့် စီးပွားရေးရှုထောင့် သုံးရပ်လုံးနှင့် လျော်ကန်သင့်မြတ်ကြောင်း ၊ စားသုံးမှုကို မြှင့်တင်ပေးခြင်းမှာ လုပ်ငန်းကွင်းဆက်တလျှောက်လုံးရှိ ဝယ်လိုအားများကို မြှင့်တင်ပေးရာရောက်ပြီး၊ ထုတ်လုပ်မှုများ ပြန်လည်စတင်လာစေရန်လည်း မြှင့်တင်ရာရောက်ကြောင်း The Financial Research Center of the Bank of Communications မှ သုတေသီတစ်ဉီး ဖြစ်သူ Liu Xuezhiက မှတ်ချက်ပြုထားသည်။

ကျဲ့ကျန်းပြည်နယ်တွင် ကူပွန်အသုံးပြု၍ စားသုံးမှုပြုသည့်ပမာဏမှာ ကူပွန်ထုတ်ပေးသည့် တန်ဖိုးထက်ဆယ်ဆခန့် ပိုမိုသည်ကို တွေ့ရပါသည်။ ဧပြီလ (၁၆)ရက်နေ့ စာရင်းများအရ အစိုးရရန်ပုံငွေထောက်ပံ့ပေးသည့်ကူပွန်ထုတ်ပေးမှု စုစုပေါင်းတန်ဖိုးမှာ ယွမ်ငွေ (၃၂၁) သန်းရှိခဲ့ပြီး၊ ၎င်းကူပွန်ကို အသုံးပြုလျက် ပြည်သူများ၏ စားသုံးမှုတန်ဖိုးမှာ ယွမ်ငွေ (၃.၄) ဘီလီယံရှိခဲ့သည်ကို တွေ့ရပါသည်။ မေလပထမပတ် အလုပ်သမားနေ့ ပိတ်ရက်ရှည်အတွင်း ကူပွန်အသုံးပြုမှုမှာ နှစ်ဆတိုးမြင့်ခဲ့သည်ကို တွေ့ရပါသည်။

အလားတူပင် ကွွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း ဧပြီလနောက်ဆုံးပတ် အတွင်းကျင်းပခဲ့သည့်ပွဲတော်အတွင်း စားသုံးမှုကိုမြှင့်တင်သည့် စီမံဆောင်ရွက်မှု များကိုဆောင်ရွက်ခဲ့ပါသည်။  ၎င်းပွဲတော်အတွင်း ကွမ်ရှီးရှိ ကုမ္ပဏီပေါင်း (၅၄၀,၀၀၀) က အွန်လိုင်းပေါ်မှ ရောင်းချမှုများနှင့် အွန်လိုင်းပြင်ပမှ ရောင်းချမှုများကို မြှင့်တင် ရာတွင် ပါဝင်ထားကြပါသည်။  ၎င်းပွဲတော်အတွင်း စားသုံးသူများအတွက် ကူပွန်များကို ဖြန့်ဝေပေးခဲ့ရာ ပြည်သူများ၏ စားသုံးမှုပိုမိုတက်လာခဲ့သည်ကို တွေ့ရပါသည်။  ဧပြီလ (၂၆) ရက်နေ့ ညပိုင်း၌ ကူပွန်များကို အွန်လိုင်းပေါ်မှ ဖြန့်ဝေခဲ့ရာ (၄) မိနစ်အတွင်း ကူပွန်ပေါင်း (၃) သိန်းကို လူအများရယူခဲ့သည်ကို တွေ့ခဲ့ပါသည်။  ပွဲတော် ကာလအတွင်း ဧပြီလ (၂၅) ရက် စနေနေ့ရှိစာရင်းများအရ အွန်လိုင်းပေါ်မှ ကုန်သွယ်မှုပမာဏမှာ ယွမ်ငွေ (၃၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၄၃ ဘီလီယံ) ကျော် တန်ဖိုးရှိခဲ့သည်ကို တွေ့ရပါသည်။ ကွမ်ရှီးတွင် ဒေသခံပြည်သူနှင့် ခရီးသွားသူပေါင်း (၆) သန်းကျော်တို့အား မတ်လ (၂၆) ရက်နေ့မှ မေလ (၂၆) ရက်နေ့အထိ သုံးစွဲခွင့် ရှိသည့် ကူပွွန်များကို ဖြန့်ဝေပေးထားကြောင်းသိရပါသည်။   မော်တော်ယာဉ်ကဏ္ဍတွင် ယွမ်ငွေသန်း (၁၀၀) (အမေရိကန်ဒေါ်လာ ၁၄သန်း) ကျော် တန်ဖိုးရှိ အထောက်အပံ့များပေးထားသောကြောင့် ယာဉ်အစီးရေ (၅၀၀၀၀) ကျော်အား အသစ်လဲလှယ်ခြင်း/ လက်လွှဲရောင်းချခြင်း များပြုလုပ်ကြမည်ဟု မျှော်မှန်းထားပါသည်။ မော်တော်ယာဉ်များမှ ဝင်ငွေရရှိမှုမှာ ယွမ်ငွေ (၃) ဘီလီယံကျော်မည်ဟု ခန့်မှန်းထားပါသည်။

အကယ်၍ ယခုနှစ် တတိယလေးလပတ်ကာလအထိ စီးပွားရေးလုပ်ငန်းများ နှောင့်နှေးနေမည်ဆိုပါက ကူပွန်အစီအမံအား တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားနိုင်ဖွယ်ရှိကြောင်း၊ သို့ရာတွင် ယခုအချိန်တွင် စီးပွားရေးမှာ တဖြည်းဖြည်းပြန်လည်နာလန်ထူလာသည်ကို တွေ့ရကြောင်း Liu Xuezhi က ပြောကြားခဲ့ပါသည်။  အွန်လိုင်းပေါ်မှ ရောင်းချမှုများမှာ ယခုနှစ် အစောပိုင်းလများနှင့် နှိုင်းစာပါက ယခုနောက်ပိုင်းတွင် (၄၀) ရာခိုင်နှန်းကျော် မြင့်တက်လာခဲ့သည်ကို တွေ့ရပါ သည်။

စားသုံးမှုအတွက် တိုင်းတာမှုဖြစ်သော တရုတ်နိုင်ငံ၏ လက်လီကဏ္ဍမှာ ယခုနှစ် ပထမနှစ်လအတွင်း (၂၀.၅)ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း မတ်လ၌မူ (၁၅.၈) ရာခိုင်နှုန်းသို့ ကျုံ့သွားခဲ့ပြီး ယခင်နှစ်ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) မှ (၆.၈) ရာခိုင်နှုန်း ကျုံ့သွားခဲ့ပါသည်။  မတ်လနောက်ပိုင်း၌ လက်လီရောင်းချမှု များနှင့် စက်ရုံထုတ်လုပ်မှုများအပါအဝင် အဓိကစီးပွားရေးအညွှန်းကိန်းများ ပြန်လည်ကောင်းမွန်လာသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်နာလန်ထူ လာသည်ကိုတွေ့ရပါသည်။ ကူပွန်အစီအမံကဲ့သို့သော ရေတိုကာလ စားသုံးမှုမြှင့်တင်ရေးစီမံဆောင်ရွက်မှုများအပြင်  စီးပွားရေးပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရန်၊ ခေတ်မီထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဖွံ့ဖြိုးမှုပုံစံအသစ်များ ခိုင်မာလာစေရန် ရေရှည်ကာလ မြှင့်တင်ရေးလုပ်ငန်းများကို အစိုးရက ဆက်လက်ဆောင်ရွက်သွားမည်ဟုသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ Chinadaily (၂၈-၄-၂၀၂၀)နှင့် (၂၆-၄-၂၀၂၀)

Category: China(Nanning)