USA

စီးပွားရေးလုပ်ငန်းများ ပိတ်ထားခြင်းသည် သကြားဈေးအား ခြိမ်းခြောက်လျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံတွင် သကြားဈေး ပြန်လည်ဈေးကောင်းလာကြောင်း၊ (၄) နှစ်တာကာလအတွင်း ယခုလေးလပတ်သည် သကြားဈေးအမြင့်ဆုံးရသည့်ကာလဖြစ်ကြောင်း၊ ဆီဈေးကွက်များ ပြန်လည်ဦးမော့လာနိုင်ပြီး ဆေးသကြား (sweetener) ဖြန့်ဖြူးရောင်း ချမှု အဆင်မပြေမှုများရှိသည့်အတွက် သကြားဝယ်လိုအား ပြန်ကောင်းလာခြင်းဖြစ်ကြောင်း၊ သို့သော် သကြားဈေးပြန်လည်မြင့်တက်လာခြင်းသည် တာရှည်နိုင်မည်မဟုတ်ဟု ကုန်သည်များက ခန့်မှန်းကြပါသည်။

နယူးယောက်မြို့ သကြားကြမ်း ကြိုရောင်းကြိုဝယ်မှုတွင် သကြားတစ်ပေါင်လျှင် ၁၂ ဆင့်ခန့် ဈေးတက်လာပြီး  မတ်လကုန်ကတည်းက ဈေးကျနေခဲ့ရာမှ ဇွန်လ ၂၆ ရက်နေ့တွင် ၁၃ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်လာကြောင်း၊ သကြားများကို ဇီဝလောင်စာ တစ်မျိုးဖြစ်သည့် အီသနောအဖြစ် ပြောင်းလဲထုတ်လုပ်သည့်အတွက် ယခုနှစ်တွင် သကြားဈေး မတည်မငြိမ်ဖြစ်လာကြောင်း ယင်းသို့သကြားဈေး မတည်ငြိမ်ခြင်းသည် စွမ်းအင်ဈေးကွက်တွင် ရှုတ်ထွေးမှုများရှိခြင်းကို ပြသခြင်းဖြစ်ကြောင်း၊ သို့သော် ကမ္ဘာတွင် သကြားအများဆုံး ထုတ်လုပ်သည့် ဘရာဇီးနိုင်ငံတွင် သကြားအထွက်နှုန်း တိုးတက်လာခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ပိတ်ထားသည့်ကာလတွင် ညစာအပြင် ထွက်စားမှုနည်းပါးခြင်း၊ ရုပ်ရှင်ရုံများတွင် အချိုရည်နှင့် မုန့်အချိုစားသုံးမှု မရှိကြတော့၍ ဝယ်လိုအားကျဆင်းလာခြင်းတို့သည် သကြားဈေးပြန်လည်ကျဆင်းလာရန် ခြိမ်းခြောက်လျက် ရှိနေကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံများတွင် သကြားစားသုံးမှုအဆင့်အား ခန့်မှန်းရန်ခက်ခဲသော်လည်း သကြားဝယ်လိုအားသည် စီးပွားရေးတိုးတက်မှုနှင့် များစွာဆက်စပ်နေကြောင်း၊ စီးပွားရေးလုပ်ငန်းများ ပိတ်ထားမှုနှင့် စားသုံးသူများ၏ အမူအကျင့်ပြောင်းလဲမှုများက ကမ္ဘာ့သကြားစားသုံးမှု ကျဆင်းလာစေကြောင်း၊ တစ်ဖက်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ရောင်းချ၊ ဖြန့်ဖြူးမှုကို အနှောင့်အယှက် ဖြစ်စေကြောင်း၊ ကပ်ရောဂါမဖြစ်ခင်က ရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်များက ယခုနှစ်တွင် သကြားဈေး ဆက်လက်မြင့်တက် လာမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း ကပ်ရာဂါကြောင့် ခန့်မှန်းရခက်ခဲပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် သကြားဈေး ၁၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ အာရှမှ အဓိကသကြား ထုတ်လုပ်သည့်နိုင်ငံများဖြစ်သည့်  ထိုင်းနိုင်ငံတွင် မိုးခေါင်မှုဖြစ်ခဲ့သည့်အတွက် လည်းကောင်း၊ အိန္ဒိယတွင် ရာသီဥတုဆိုးဝါးခဲ့သည့်အတွက်ကြောင့်လည်းကောင်း အထွက်နှုန်းကျဆင်းခဲ့ကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ဘရာဇီးနိုင်ငံမှ သကြားကြမ်းနှင့် သကြားဖြူတင်ပို့မှုသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှစ၍ ယခု ၂၀၂၀ ပြည့်နှစ် မေလတွင် အမြင့်ဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ ဘရာဇီး နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အဆုံးသတ်မည့် ယခုဘဏ္ဍာနှစ်အတွင်း သကြားထုတ်လုပ်မှု တန်ချိန် ၉.၆ သန်းခန့်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းကြောင်း၊ ယင်းသည် ကမ္ဘာ့သကြားသိုလှောင်မှု ကျဆင်းနိုင်သည်ဟု အမေရိကန်၊ လယ်ယာစိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်အတွက် ကာမိစေပြီး ဈေးနှုန်းပြန်လည်မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Source: The Wall Street Journal

 

Category: USA