India (Delhi)

စီးပွားရေးလှုံ့ဆော်မှုအစီအမံများ မကြာမီပေးအပ်မည်ဖြစ်ကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးကပြောကြားခြင်း

Last Updated:

၁၇.၄.၂၀၂၀ နေ့၌ Video Conference စနစ်ဖြင့် ကျင်းပသည့် ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank) ဖွံ့ဖြိုးတိုးတက်မှုကော်မတီသဘာပတိအဖွဲ့၏ ၁၀၁ ကြိမ်မြောက်အစည်းအဝေးသို့ ပါဝင်တက်ရောက်ရာတွင် အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Ms. Nirmala Sitharaman က အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ဆင်းရဲနွမ်းပါးသူ အခြေခံလူတန်းစားများအား ထပ်မံကူညီပံ့ပိုးမည့်  စီးပွားရေးလှုံ့ဆော်မှုအစီအမံ (Economic Stimulus Packages) များကို မကြာမီကာလအတွင်း အစိုးရမှ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

အဆိုပါအစည်းအဝေး၌ Ms. Nirmala Sitharaman က မတ်လအတွင်း အိန္ဒိယအစိုးရမှ အခြေခံလူတန်းစားများ၊ အလုပ်သမားများနှင့် ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ထမ်းများသို့ ဒေါ်လာငွေ ၂၃ ဘီလီယံ (ရူပီးငွေ ၁.၇ ထရီလီယံ) ကျခံသုံးစွဲလျက် အထောက်အပံ့ပေးအပ်ခဲ့မှု အသေးစိတ်အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူလူနာများအား ကုသမှုပြုရန် အရေးပေါ်ဆေးဝါးများလိုအပ်လျက်ရှိသည့် ကမ္ဘာ့နိုင်ငံများသို့ လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးမှုကို အိန္ဒိယနိုင်ငံက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းဌာနများမှ ဖေါ်ပြချက်အရ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ အဆင်မြင့်အရာရှိများသည် စီးပွားရေးလှုံ့ဆော်မှု အစီအမံများအား အပြီးသတ်ညှိနှိုင်းထုတ်ပြန်နိုင်ရေးအတွက် ၁၆.၄.၂၀၂၀ တွင် ဆွေးနွေးခဲ့ကြကြောင်း၊ အမည်ဖော်ပြခြင်းမရှိသော အရာရှိအချို့၏ ပြောကြားချက်အား ကိုးကားလျက် အစိုးရအနေဖြင့် အခြားနိုင်ငံများကဲ့သို့ Stimulus Package အား တစ်လုံးတစ်ခဲတည်းဖြင့် ပမာဏကြီးမားစွာ ထောက်ပံ့ ပေးခြင်းထက် လုပ်ငန်းနယ်ပယ်ခွဲခြားလျက် အဆင့်အလိုက်ပံ့ပိုးမှုပြုမည့် အနေအထားရှိကြောင်း၊ နောက်လာမည့် ထောက်ပံ့မှုအစီအမံသည် အသွားအလာကန့်သတ်မှု စတင်လုပ်ဆောင်ခဲ့သည့် မတ်လအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် အခြေခံလူတန်းစားများအား ပံ့ပိုးမှုပေးသောပမာဏ (GDP ၏ ၀.၈%) ခန့်သာရှိနိုင်ပြီး MSMEs လုပ်ငန်းများအား ဦးစားပေးမည့် အခြေအနေရှိကြောင်း၊ Lock-down ပြီးဆုံးသည့်နောက်ပိုင်းမှသာ ပမာဏများပြားသည့် စီးပွားရေး လှုံ့ဆော်မှု Stimulus Package များကို ဆောင်ရွက်ဖွယ်ရှိကြောင်းသိရှိရသည်။

လက်ရှိကာလတွင် အိန္ဒိယနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများက ဝင်ငွေခွန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်များ ပြန်လည်ထုတ်ပေးမှုကို ဆောလျင်စွာဆောင်ရွက်ပေးရန်နှင့် ပြည်တွင်းလုပ်ငန်းရှင်များကို အကာအကွယ်ပေးရန်အတွက် ပြည်ပမှ ဈေးနှုန်းသက်သာစွာဖြင့် တင်သွင်းလာသည့်ကုန်စည်များအပေါ် ထပ်ဆောင်းအခွန်များ ချမှတ်ကောက်ခံရန် တောင်းဆိုလျက်ရှိသည်။ Assocham နှင့် FICCI တို့ကဲ့သို့သော ကုန်သည်အသင်း အဖွဲ့ကြီးများကမူ Stimulus Package အား ရူပီးငွေ ၉ ထရီလီယံမှ ၂၃ ထရီလီယံအထိ ထောက်ပံ့ပေးရန် အစိုးရအား တွန်းအားပေးလျက်ရှိသည်။ ၁၁.၄.၂၀၂၀ နေ့၌ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် Video Conferencing ဆွေးနွေးပွဲပြုလုပ်ရာတွင် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များကလည်း ဗဟိုအစိုးရမှ ပြည်နယ်များသို့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များတိုးမြှင့်ချထားပေးရန် တိုက်တွန်းပြောဆိုခဲ့ကြသည်။ ယခင်က အစိုးရ၏ မူဝါဒ ရေးရာ ကောင်စီ (NITI Aayog) တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော စီးပွားရေး ပညာရှင် Mr. Arvind Panagariya ကမူ အိန္ဒိယအစိုးရအနေဖြင့် Stimulus Package ပမာဏ ကြီးမားစွာ ထောက်ပံ့ပေးရန် တောင်းဆိုမှုများအား ငြင်းပယ်လျက် အခြေခံလုပ်ငန်းလိုအပ်ချက် များအပေါ်တွင်သာ စီစစ်ပံပိုးမှုပြုသည့် Measured Approach ကို ကျင့်သုံးသင့်ကြောင်း အကြံပြု ပြောကြားထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အကျပ်အတည်းနှင့် စီးပွားရေးနှေးကွေးကျဆင်းလျက်ရှိသည့် အခြေအနေတွင် အိန္ဒိယအစိုးရအနေဖြင့် အခွန်အရပ်ရပ် ပြည့်ဝစွာကောက်ခံရရှိနိုင်မှုမှာ မရေရာမသေချာသည့် အနေအထားရှိပြီး အခြားတစ်ဖက် တွင်လည်း ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရများအကြား ဘဏ္ဍာငွေခွဲ‌ဝေစီမံမှုနှင့် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာများ တာဝန်ယူဆောင်ရွက်မှု အက်ဥပဒေ (Fiscal Responsibility and Budget Management Act) အား ဖြေလျော့မှုများ ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်။ သို့ဖြစ်ရာ အိန္ဒိယအစိုးရသည် ဧပြီလ ၂၀ ရက်နေ့နောက်ပိုင်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှု နည်းပါးပြီးထိန်းချုပ်ဆောင်ရွက်နိုင်မှုရှိသည့် နယ်မြေဒေသများ၌ အရေးကြီးသော လုပ်ငန်း ကဏ္ဍများအား ပြန်လည်လုပ်ကိုင်ခွင့်ပြုချိန်တွင် အဆိုပါအဆင့်အလိုက် စီးပွားရေးလှုံ့ဆော်မှု အစီအမံများအား ထုတ်ပြန်ကြေညာလျက် ဆောင်ရွက်သွားဖွယ်ရှိကြောင်း သုံးသပ်ရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနို်ငငံ)

Source:         1. Government set to announce stimulus package soon, 17 Apr 2020, Live Mint

                   2. Stimulus 2.0 ready as PM Modi, FM Sitharaman hold meeting, 17 Apr 2020, Business Standard

                   3. Govt to provide additional relief, economic stimulus soon, 18 Apr 2020, Business Standard

                   4. India should take 'measured approach' with stimulus packages to deal with COVID-19, 19 Apr 2020, Economic Times

 

Category: India (Delhi)