Thailand

ဆန်စပါး အာမခံအစီအစဉ်အတွက် ဘတ်ငွေ (၁.၉၂) ဘီလီယံကို သဘောတူခြင်း

Last Updated:

အမျိုးသားဆန်စပါးမူဝါဒကော်မတီက ၂၀၂၂ ခုနှစ် သီးနှံရာသီ၏ အဓိကသီးနှံဖြစ်သည့် ဆန်စပါးအာမခံအစီအစဉ်အတွက် ဘတ်ငွေ (၁.၉၂) ဘီလီယံကို ၂၇.၄.၂၀၂၂ ရက်နေ့တွင် သဘောတူအတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Boonyarit Kalayanamit က အဆိုပါအစီအစဉ်သည် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် စပါးစိုက်ပျိုးသည့်မြေဧက (၂၈.၅) သန်းရိုင် (Rai) ကို လွှမ်းခြုံထားကြောင်းနှင့် ၎င်း (၂၈.၅) သန်းရိုင်တွင် (၂၈) သန်းမှာအစိုးရပိုင်လယ်ယာ စိုက်ပျိုးရေးနှင့် သမဝါယမဘဏ် (BAAC) ၏ ဖေါက်သည်လယ်သမားများပိုင်သည့်မြေ များဖြစ်ကြောင်း ကျန်ရှိသည့်မြေဧက (၀..၅) သန်းမှာ အခြား သော လယ်သမားများ ပိုင်ဆိုင်သည့်မြေများဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အာမခံအစီအစဉ်ကို BAAC မှတာဝန်ယူဆောင်ရွက်ပြီး သဘာဝဘေးအန္တရာယ် (၇) မျိုး ဖြစ်သည့်ရေကြီးခြင်း၊ မိုးကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်း တိုက်ခတ်ခြင်း၊ ချမ်းအေးခြင်း၊ မိုးသီးကြွေကျခြင်း၊ မီးလောင်ခြင်းနှင့် တောဆင်ရိုင်းအန္တရာယ်များပါဝင်ကြောင်း သိရှိရပါသည်။ အဆိုပါအာမခံအစီ အစဉ်ကို ဘေးအန္တရာယ်ကျရောက်မှုအပေါ်မူတည်ပြီး အာမခံပရီမီယံနှုန်းထား (၄) ခုကို မြေတစ်ရိုင်လျှင် ဘတ်ငွေ (၁၀၇) မှ (၂၃၄) ဘတ်အထိ သတ်မှတ်ထားကြောင်း သိရှိရပါသည်။

BAAC ၏ ဖေါက်သည်များအားလုံးနှင့် ဘေးအန္တရာယ်နည်းပါးသောဒေသများရှိ တောင်သူလယ်သမားများအတွက် တန်ဖိုးမြှင့်အခွန်နှင့် ဝင်ငွေခွန် တံဆိပ်ခေါင်းကြေးအပါအဝင် မြေတစ်ရိုင်လျှင် ပရီမီယံကြေး (၁၀၇) ဘတ် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ၎င်းတွင် အစိုးရမှ မြေတစ်ရိုင်လျှင် ပရီမီယံကြေး (၃၉.၆) ဘတ်ထည့်ဝင်ပေးမည်ဖြစ်ပြီး အစီအစဉ်တွင်ပါဝင်မည့် တောင်သူလယ်သမားမှ မြေ တစ်ရိုင်အတွက် (၆၇.၄၀) ဘတ်ထည့် ဝင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

အလယ်အလတ်ဘေးအန္တရာယ်ရှိသော ဒေသများရှိ တောင်သူလယ်သမားအတွက် တန်ဖိုးမြှင့်အခွန်နှင့် ဝင်ငွေခွန်တံဆိပ်ခေါင်းကြေးအပါအဝင် မြေတစ်ရိုင်အတွက် အာမခံပရီမီယံကြေးမှာ (၂၁၄) ဘတ်ဖြစ်ကြောင်း၊ ၎င်းတွင် အစိုးရမှ (၇၄.၄) ဘတ် ထည့်ဝင်ပေးမည်ဖြစ်ကာ  တောင်သူလယ် သမားမှ (၁၃၉.၆၀) ဘတ် ထည့်ဝင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

ဘေးအန္တရာယ်မြင့်မားသောဒေသများရှိ တောင်သူလယ်သမားအတွက် တန်ဖိုးမြှင့်အခွန်နှင့် ဝင်ငွေခွန်တံဆိပ်ခေါင်းကြေးအပါအဝင် မြေတစ်ရိုင် အတွက် အာမခံပရီမီယံကြေးမှာ (၂၃၄.၃၃) ဘတ်ဖြစ်ကြောင်း၊ ၎င်းတွင် အစိုးရမှ (၇၅.၇၃) ဘတ်ထည့်ဝင်ပေးမည်ဖြစ်ကာ တောင်သူလယ်သမား မှ (၁၅၈.၆၀) ဘတ်ထည့်ဝင်ရန်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်စပ်သည့်အနေဖြင့် Mr.Boonyarit က ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်း၊ ဘတ်ငွေအားနည်းနေခြင်းနှင့် စပါးစိုက်ပျိုးမှုအတွက် ရေလုံလောက်စွာရရှိ ခြင်းတို့ကြောင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၇) သန်းထက် ကျော်လွန်နိုင်သည်ဟု ခန့်မှန်းထား ကြောင်းသိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ယခုနှစ်အတွက် ဆန်တင်ပို့မှုအပေါ် တန်ချိန် (၇) သန်းတင်ပို့နိုင်မည်ဟု ခန့်မှန်းထားပြီး ၎င်းမှာ ၂၀၂၁ ခုနှစ်ကထက် (၁၄.၄%) တိုးလာစေရန် ရည်မှန်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။  ယခင်နှစ်က ဆန်ထုတ်လုပ်မှုအနေဖြင့် တန်ချိန် (၄၁.၂) သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ဆန်တန်ချိန် (၅၄၀,၀၀၀) ပိုမိုတိုးတက်လာစေရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လာခြင်းနှင့် ဘတ်ငွေအားနည်းနေခြင်းတို့ကြောင့် ယခုနှစ်တွင် ပြည်ပတင်ပို့မှု ဆန်တန်ချိန် (၈) သန်း ကျော်နိုင်ကြောင်း ဝါရင့်ကုန်သည်တစ်ဉီးဖြစ်သည့် Chookiat Ophaswongse ကခန့်မှန်းထားကြောင်း သိရှိရပါသည်။

အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် လစဉ်ပျမ်းမျှအားဖြင့် ဆန်တန်ချိန် (၇) သိန်းတင်ပို့နိုင်မည်ဆိုပါက ယခုနှစ်အတွက် ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း (၈) သန်းခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ အသင်းနှင့် ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ဆန်တန်ချိန် (၇) သန်းတင်ပို့နိုင် မည်ဟု ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

ပြည်ပတင်ပို့မှုတန်ဖိုးအနေဖြင့် ဘတ်ငွေ (၁၃၀) ဘီလီယံခန့်ရှိမည်ဖြစ်ကြောင်း၊ ၎င်းမှာ ယခင်နှစ်ကရရှိခဲ့သော ဘတ်ငွေ (၁၁၀) ဘီလီယံထက် ပိုမို တိုးတက်ခြင်းဖြစ်ကြောင်း၊ ထိုင်းဆန်မှာ ဘတ်ငွေတန်ဖိုးအားနည်းနေခြင်းနှင့် ဖြစ်ပွားနေဆဲ ရုရှား- ယူကရိန်း ပဋိပက္ခတို့ကြောင့် ထိုင်းဆန်ဈေး နှုန်းမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိနေကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand