China(Nanning)

ဆားငန်ရေစပါးမျိုးစိတ်ကို တီထွင်လိုက်သည့် တရုတ်နိုင်ငံ

Last Updated:

စမ်းသပ်မှုကို တရုတ်နိုင်ငံမြောက်ပိုင်း Jinghai ဒိစတြိတ်ရှိ Bohai ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက်တွင် ပြုလုပ်နေခြင်း  ဖြစ်ပါ သည်။ ၎င်းနေရာ၏ ထက်ဝက်ကျော်မှာ အငန်ဓာတ်များသည့် အယ်လ်ကာလီ (alkaline) မြေမျိုးဖြစ်သဖြင့် ကောက်ပဲသီးနှံ စိုက် ပျိုး၍ မရနိုင်ခဲ့ပါ။  သို့ရာတွင် ပြီးခဲ့သည့် ဆောင်းဦးရာသီ၌ ၎င်းနေရာ၌ ဆန်ဟက်တာ (၁၀၀) စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါသည်။

ယခုတီထွင်ထားသည့် စပါးမျိုးစိတ်က ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာခြင်းကြောင့် စားနပ်ရိက္ခာစိတ်ချလုံခြုံမှုကို ခြိမ်း ခြောက်နေမှု၊ ကောက်ပဲသီးနှံဝယ်လိုအား မြင့်တက်လာမှုနှင့် ကုန်ထုတ်လုပ်မှုကွင်းဆက် နှောင့်နှေးမှုများ ဖြစ်ပေါ်နိုင်မှုတို့ကို ဖြေ ရှင်းရန် မျှော်လင့်ချက်တစ်ရပ် ဖြစ်လာပါသည်။

ဆားငန်ရေဆန်ဟု လူသိများသည့် စပါးမျိုးမှာ အထွက်နှုန်းအရ တစ်ဧကလျှင် (၄.၆) မက်ထရစ်တန်ထွက်ရှိသဖြင့် စံသတ်မှတ် ထားသည့် စပါးမျိုးများ၏ နိုင်ငံအဆင့် ယေဘုယျ အထွက်နှုန်းထက် ပိုမိုမြင့်မားပါသည်။

တရုတ်နိုင်ငံမှာ ကမ္ဘာ့လူဉီးရေ၏ ငါးပုံတစ်ပုံရှိသော်လည်း၊ ရေသွင်းစိုက်ပျိုးမြေမှာ ကမ္ဘာ့ရေသွင်းစိုက်ပျိုးမြေ၏ (၁၀) ရာခိုင်နှုန်း ခန့်သာရှိပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံက ပိုမိုကြွယ်ဝချမ်းသာလာသဖြင့် ကောက်ပဲသီးနှံစားသုံးမှုမှာလည်း လျင်မြန်စွာ မြင့်မားလာပါသည်။

ယခုတီထွင်မှုမှာ ကမ္ဘာပေါ်တွင် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် သွင်းကုန်များအပေါ် အားထားနိုင်မှု ကျဆင်းလာခြင်း၊ ကမ္ဘာ ကြီးပူနွေးလာမှုကြောင့် ပြည်တွင်းစားနပ်ရိက္ခာနှင့် စွမ်းအင်ထောက်ပံ့ပေးနိုင်မှု စိတ်ချလုံခြုံမှုရှိစေခြင်းတို့အတွက် တရုတ်တီထွင် သူများ၏ စူးစမ်းရှာဖွေမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

နည်းပညာသစ်များ ထုတ်လုပ်ရာတွင် အရေးပါသည့် chip ပြားများနှင့် တင်စား၍ မျိုးစေ့များမှာ လယ်ယာစိုက်ပျိုးရေး၏ chip များဖြစ်ကြောင်း၊ လက်ရှိကြုံတွေ့နေသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့်နှိုင်းစာပါက ဆားငန်ရေဆန်မှာ တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှုကို တိုးတက်လာစေရေး ကူညီပေးနိုင်ကြောင်း Qingdao Saline-Alkali Tolerant Rice Research and Development Center မှ မန်နေဂျာ Wan Jili က မှတ်ချက် ပြုပြောကြားပါသည်။

တရုတ်နိုင်ငံက ၁၉၅၀ ပြည့်နှစ်များမှစတင်၍ ဆားငန်ကို ခံနိုင်ရည်ရှိသည့် စပါးမျိုးအကြောင်း လေ့လာခဲ့ပြီး၊ ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံ၏ ထိပ်တန်းလယ်ယာစိုက်ပျိုးရေး သိပ္ပံပညာရှင် မျိုးစပ်စပါးကို တီထွင်ခဲ့သည့် Yuan Longping က အလေးထားသင့်သည့် စိတ်ကူးစိတ်သန်းကို  အကြံပြုခဲ့ပြီးနောက် ပိုမိုအာရုံစိုက်လာကြခြင်း ဖြစ်ပါသည်။ ဤစပါးအတွက် ရည်ရွယ်ချက်မှာ စိုက်ပျိုး၍မရ နိုင်သော မြေဟက်တာ (၆.၇) သန်းကို အသုံးပြု၍ ဆန်တန်ချိန် သန်း (၃၀) ကို ထုတ်လုပ်ရန်ဖြစ်ပါသည်။ ၎င်းဆန်တန်ချိန်ဖြင့် လူဉီးရေသန်း (၈၀) ကျော်အတွက် လုံလောက်စေမည် ဖြစ်ပါသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့က ရာစုနှစ်အကုန်တွင် ကမ္ဘာကြီး (၂) ဒီဂရီ ပိုမိုပူနွေးလာလျှင် ပင်လယ်ရေမျက်နှာပြင် (၅၉) စင်တီမီတာဝန်းကျင် မြင့်တက်လာစေနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ထိုသို့ ကမ္ဘာကြီးပူနွေးလာမှုက တရုတ်နိုင်ငံ၏ ကမ်းရိုး တန်းဒေသများမှ ရေများကို ကမ္ဘာ့ပျမ်းမျှနှုန်းထက် ပိုမိုလျင်မြန်စွာမြင့်တက်လာစေသည်ကို နှစ်ပေါင်း (၄၀) အတွင်း လေ့လာတွေ့ ရှိခဲ့ပါသည်။ တရုတ်သမ္မတကလည်း ရာသီဥတုပြောင်းလဲမှုနှင့် ပထဝီနိုင်ငံရေးကိစ္စများကြောင့် တရုတ်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု ကို အလေးထားဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းထားသည်။

တရုတ်နိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း  မြို့ပြအဖြစ် ပြောင်းလဲခြင်း၊ ညစ်ညမ်းခြင်းနှင့် မြေဩဇာများ အလွန်အကျွံ အသုံးပြုခြင်းတို့ကြောင့် ရေသွင်းစိုက်ပျိုးမြေများမှာ (၆) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါသည်။ ယခုကဲ့သို့ ဆန်းသစ်တီထွင်မှုကြောင့် စိုက်ပျိုး၍မရနိုင်ခဲ့သည့်၊ အီဂျစ်နိုင်ငံနှင့် အရွယ်အစား တူညီသည့်၊ saline နှင့် alkaline ပါဝင်မှုများပြားသည့် မြေဟက်တာ သန်း (၁၀၀) ကျော်ကို စိုက်ပျိုးနိုင်သည့်မြေများအဖြစ် ပြောင်းလဲပစ်နိုင်တော့မည်ဟု တရုတ်သိပ္ပံပညာရှင်များက ပြောကြားနေကြပါ သည်။ မကြာမီအချိန်အတွင်း အစိုးရ၏ ပံ့ပိုးမှုဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်တော့မည်ဟုလည်း ယုံကြည်နေပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ Bloomberg (၂၀-၂-၂၀၂၂) 

Category: China(Nanning)