India (Delhi)

တစ်ကိုယ်ရေသုံး ရောဂါပိုးမွှားကာကွယ်ရေးပစ္စည်းများ ပြည်ပတင်ပို့မှုအား အိန္ဒိယအစိုးရက ကန့်သတ်လိုက်ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားလျက်ရှိသည့် တရုတ်နိုင်ငံနှင့် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ကုန်သည်များထံမှ ရောဂါပိုးမွှားကာကွယ်ရေးဝတ်စုံပစ္စည်းများ ဝယ်ယူ လိုကြောင်း အမှာစာများစွာအား အိန္ဒိယနိုင်ငံရှိ လုပ်ငန်းရှင်များက ဇန်နဝါရီလကုန်ပိုင်းတွင် လက်ခံရရှိခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် ပြည်တွင်း၌ အဆိုပါပစ္စည်းများ ပြတ်လပ်မှု ဖြစ်ပေါ် ခြင်းမရှိစေရန်အတွက် ပြည်ပသို့တင်ပို့မှုအား တားမြစ်ကန့်သတ်သည့် အမိန့်ကြော်ငြာစာကို ၃၁.၁.၂၀၂၀ နေ့တွင်ထုတ်ပြန်လိုက်ပါသည်။

          အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ခဲ့သည့် အဆိုပါအမိန့်ကြော်ငြာစာအရ ITC HS Codes – 901850, 901890, 9020, 392690, 621790, 630790 တို့အောက်၌ အကျုံးဝင်သည့် N-95 Mask အမျိုးအစား နှာခေါင်းစည်း မျက်နှာဖုံးများနှင့် Coveralls (Class 2/3/4) ဝတ်စုံများ အပါအဝင် တစ်ကိုယ်ရေသုံး ရောဂါပိုးမွှားကာကွယ်ရေး အဝတ်အထည်ပစ္စည်းများအား ၎င်းကြော်ငြာစာ ထုတ်ပြန်သည့်အချိန်မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသရွေ့ ပြည်ပသို့ တင်ပို့ခွင့်ကို တားမြစ် ကန့်သတ်ထားမည်ဖြစ်သည်။

          အိန္ဒိယနိုင်ငံ ပြည်ပပို့ကုန်လုပ်ငန်းရှင်အဖွဲ့အစည်းများအသင်းချုပ် (Federation of Indian Export Organisations) မှ ညွှန်ကြားရေးမှူးချုပ် Mr. Ajay Sahai က ဇန်နဝါရီလ စတုတ္ထပတ်အတွင်း တရုတ်နိုင်ငံရှိ ပြည်နယ် များစွာထံမှ N-95 နှာခေါင်းစည်း မျက်နှာဖုံးများ ဝယ်ယူလိုကြောင်း အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များထံသို့ မေးမြန်းစုံစမ်း လာသည့် အမှာစာပေါင်း ၁၅ ခုထက်မနည်း ရှိခဲ့ကြောင်း၊ မှာယူလိုသည့် နှာခေါင်းစည်းမျက်နှာဖုံး အရေအတွက်မှာ ၂ သန်းခန့်ရှိကြောင်း၊ ဟောင်ကောင်ဒေသရှိ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှလည်း N-95 Mask များ ထုတ်လုပ်သည့် အိန္ဒိယလုပ်ငန်းရှင်များစာရင်းကို တောင်းခံခဲ့ကြောင်းဖြင့်ပြောကြားပါသည်။

          အိန္ဒိယနိုင်ငံ၌ တစ်ကိုယ်ရေသုံး ရောဂါပိုးမွှား ကာကွယ်ရေးပစ္စည်းများကို ထုတ်လုပ်မှု ရှိသော်လည်း ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ပြည့်မီအောင်ဖြည့်ဆည်းနိုင်ခြင်း မရှိသဖြင့် အချို့သော ရောဂါပိုးမွှားကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများကို ပြည်ပမှ ဝယ်ယူတင်သွင်း နေရပါသည်။ သို့ဖြစ်ရာ ဆေးရုံသုံးလက်အိတ်များနှင့် နှာခေါင်း စည်းမျက်နှာဖုံးများ ဝယ်လိုအားမြင့်တက်လာနိုင်မည့် အခြေအနေကိုတွက်ဆလျက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ Department of Pharmaceuticals သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်တွင်းရှိ တစ်ကိုယ်ရေသုံး ရောဂါပိုးမွှားကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များအား အစည်းအဝေးခေါ်ယူလျက် ကုန်ထုတ်လုပ်မှု အရှိန်တိုးမြှင့်ဆောင်ရွက်ရန် တွန်းအားပေးခဲ့သည်။

       အိန္ဒိယကုမ္ပဏီလုပ်ငန်း ၁၅ ခုခန့်သည် နှစ်စဉ် ဆေးရုံသုံးလက်အိတ် ၂ ဘီလီယံခန့်ကို ထုတ်လုပ်နိုင်စွမ်း ရှိသော်လည်း ပြည်တွင်းဈေးကွက်လိုအပ်ချက်မှာ ၄ ဘီလီယံခန့်ရှိသည်။ အဆို ပါလိုအပ်ချက်၏ ၆၀% သည် ဓာတ်ခွဲ စမ်းသပ်မှုလုပ်ငန်းသုံး လက်အိတ်များဖြစ်၍ ကျန် ၄၀% သည် ခွဲစိတ်ကုသမှုလုပ်ငန်းသုံး လက်အိတ်များဖြစ်သည်။ ဓာတ်ခွဲစမ်းသပ်မှု လုပ်ငန်းသုံး လက်အိတ်များအား ပြည်တွင်း၌ ထုတ်လုပ်မှုနည်းပါးသဖြင့် အဓိကအားဖြင့် ပြည်ပမှ တင်သွင်း နေရပါသည်။ အိန္ဒိယဆေးပစ္စည်းထုတ်လုပ်သူများအသင်း (AiMeD) မှ Forum Coordinator ဖြစ်သူ Mr. Rajiv Nath က အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း တစ်ကိုယ်ရေသုံး ရောဂါပိုးမွှား ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ် နိုင်မှုအခြေအနေ၊ တိုးမြှင့်ထုတ်လုပ်နိုင်မည့်အလားအလာ၊ လက်ရှိ ပြည်တွင်းဈေးကွက်၌ ဝယ်ယူရရှိနိုင်မည့်ပမာဏ စသည့်အချက်များကို လေ့လာစုစည်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့လုပ်ငန်းရှင်များအနေဖြင့်လာမည့် ကာလတို ၂ လ၊ ၃ လ အတွင်း အဆိုပါ ရောဂါပိုးမွှားကာကွယ်ရေး ပစ္စည်းများထုတ်လုပ်မှုကို ၁၅% မှ ၂၀% အထိ တိုးမြှင့်နိုင်မည် ဟုခန့်မှန်းရကြောင်း ပြောဆိုပါသည်။

          အိန္ဒိယအစိုးရသည် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ရောက်ရှိနေခဲ့သော ၎င်းတို့နိုင်ငံသား ၆၄၇ ဦးနှင့် မော်လ်ဒိုက် နိုင်ငံသား ၇ ဦးအား ဖေဖော်ဝါရီ ၁ ရက်နှင့် ၂ ရက်နေ့များတွင် လေကြောင်းခရီးစဉ်နှစ်ကြိမ်ဖြင့် ပြန်လည်ခေါ်ယူခဲ့ပြီး နယူးဒေလီမြို၌ သီးသန့်ခွဲခြားထားရှိရေး စခန်းများ၌ ထားရှိလျက် စောင့်ကြည့်ကြပ်မှုများ ဆောင်ရွက်လျက်ရှိသည်။ အလားတူ Kerala,Haryana, Mizoram စသည့် ပြည်နယ်များတွင်လည်း တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုရှိသည်ဟု သံသဖြစ်ဖွယ်ရာ ပုဂ္ဂိုလ်များအား သီးသန့်ခွဲခြားစောင့်ကြည့်မှုများ ပြုလုပ်လျက် ရှိသည်။ အိန္ဒိယနိုင်ငံKeralaပြည်နယ်၌ ၂.၂.၂၀၂၀ နေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်း ရပ်ကူးစက်ခံရသူ ၂ ဦး ရှိပြီဖြစ် ကြောင်း အတည်ပြုထားပြီးဖြစ်သည်။

                                                                                             

 

မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ

Category: India (Delhi)