India (Delhi)

တန်းတူညီမျှမှု စည်းကြပ်အခွန် ကောက်ခံခြင်းအပေါ် အိန္ဒိယကုမ္ပဏီများက စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိခြင်း

Last Updated:

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာ‌ရေး အက်ဥပဒေတွင် ၂၀၁၆ ခုနှစ်၌ စတင်ပြဌာန်းခဲ့သော Equalisation Levy ခေါ် တန်းတူညီမျှမှု စည်းကြပ်အခွန်အား ပိုမိုကျယ်ပြန့်စွာဖြင့် ပြည်ပ အခြေစိုက် E-commerce လုပ်ငန်းများ၏ အိန္ဒိယနိုင်ငံအတွင်း စီးပွားရေးလုပ်ဆောင်မှုများအပေါ် တိုးချဲ့ကောက်ခံမည်ဖြစ်ကြောင်း ပြင်ဆင်ချက်ထည့်သွင်း ပြဌာန်းခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၌ ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဘဏ္ဍာ‌ရေး အက်ဥပဒေအရ ဘဏ္ဍာရေးနှစ် ၁ ခုအတွင်း ပြည်ပရှိ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီထံသို့ ပြည်တွင်းရှိ ကုမ္ပဏီ၊ လုပ်ငန်းရှင် တစ်ဦးချင်းမှ စီးပွားရေးဆိုင်ရာ ကြော်ငြာများထည့်သွင်းမှုနှင့် အခြားဝန်ဆောင်မှုများအတွက် အခကြေးငွေ ရူပီး ၁ သိန်းနှင့်အထက်ပေးချေပါက အစိုးရသည် ၎င်းငွေ၏ ၆% ကို တန်းတူညီမျှမှု စည်းကြပ် အခွန်အဖြစ် ကောက်ခံခြင်းဖြစ်ပါသည်။ Google Tax ဟု စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ ခေါ်ဆိုကြသည့် ၎င်းစည်းကြပ်အခွန်အား ကောက်ခံခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်း၌ အမှန် တကယ်အ‌ခြေစိုက်၍ လုပ်ငန်းဆောင်ရွက်ခြင်းမရှိပဲ ဒေသခံပြိုင်ဖက်များအပေါ် Internet Online မှ အသာစီးရယူလုပ်ကိုင်လျက်ရှိသည့် ပြည်ပအခြေစိုက်ကုမ္ပဏီများ၏ အခွင့်အရေးရရှိမှုကို ချေဖျက်ရန် ဖြစ်ပါသည်။  ၎င်းစည်းကြပ်အခွန်သည် စီးပွားရေး လုပ်ငန်းအချင်းချင်းအကြား ငွေပေးချေမှုများအပေါ်တွင် ကောက်ခံခြင်းဖြစ်ပြီး ပြည်ပအခြေစိုက် ကုမ္ပဏီများထံသို့ ကြော်ငြာခကျသင့်ငွေများပေးချေ ရာ၌ ကျသင့်အခွန်တန်ဖိုးအားထုတ် နှုတ်၍ ပြည်တွင်းလုပ်ငန်းရှင်များက အစိုးရသို့ ပေးသွင်းရခြင်းဖြစ်ပါသည်။

၂၇.၃.၂၀၂၀ နေ့တွင် ဖြည့်စွက်ပြဌာန်းခဲ့သည့် ဘဏ္ဍာရေးအက်ဥပဒေ ၂၀၂၀ ၌ အဆိုပါ စည်းကြပ်အခွန်ကောက်ခံမှုစနစ်အား တိုး ချဲ့လျက် ပြည်ပအခြေစိုက် E-commerce operator ကုမ္ပဏီများထံသို့ ပြည်တွင်း၌ အခြေချနေထိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အိန္ဒိယနိုင်ငံ၏ အင်တာနက်လိပ်စာ (Internet Protocol Address) တစ်ခုကို အသုံးပြုလျက် ၎င်းကုမ္ပဏီများ၏ ကုန်စည်နှင့် ဝန်ဆောင် မှုများအား ရယူသုံးစွဲသူမှ ပေးချေရသည့် တန်ဖိုးငွေအပေါ် အခွန် ၂% ကောက်ခံမည်ဖြစ်ကြောင်း၊ ဤစနစ် သည် ၁.၄.၂၀၂၀ နေ့မှ စတင်သက်ရောက်မှုရှိမည်ဖြစ်ပြီး E-commerce လုပ်ငန်းများအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း သုံးလပတ်အလိုက် ၄ ကြိမ်ခွဲ၍ ကြိုတင်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် အိန္ဒိယနိုင်ငံအတွင်း အမြဲတမ်းအခြေစိုက်လျက် လုပ်ငန်းဆောင်ရွက်သည့် E-commerce operator များ၊ ၂၀၁၆ ခုနှစ် ဘဏ္ဍာရေး အက်ဥပဒေ၊ ပုဒ်မ(၁၆၅) အရ Equalisation Levy ပေးဆောင်ရန် အကျုံးဝင်ပြီးဖြစ်သည့် လုပ်ငန်းများနှင့် အခွန်စည်းကြပ်သည့် ဘဏ္ဍာရေးနှစ်အတွင်း ရောင်းချ ရသည့်ငွေ စုစုပေါင်း ရူပီးသန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၆၇၀၀၀ ခန့်) အောက်သာရရှိသည့် E-commerce operator များသည် ထိုသို့စည်းကြပ်အခွန် ၂% ကောက်ခံခြင်းမှ ကင်းလွတ်မှုရှိကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယအစိုးရက ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဒီဂျစ်တယ်အခွန်ကောက်ခံမှုဆိုင်ရာ ကျွမ်းကျင်သူများကော်မတီမှ ၂၀၁၆ ခုနှစ် မတ်လ၌ တင်သွင်းခဲ့သော အစီရင်ခံစာတွင် အခြားသော E-commerce လုပ်ငန်းများနှင့် လုပ်ငန်းရှင်နှင့် စားသုံးသူတို့အကြား ငွေပေးချေမှုများအပေါ် စံနှုန်းတစ်ခုအထက်ကျော်လွန်ပါက တန်းတူညီမျှမှုစည်းကြပ်အခွန်အား ကောက်ခံရန် အကြံပြုဖော်ပြခဲ့ပါသည်။ ယခုနှစ် ဘဏ္ဍာရေးအက်ဥပဒေအရ ပြည်ပအခြေစိုက် E-commerce စီးပွားရေးလုပ်ငန်းရှင်နှင့် အိန္ဒိယပြည်တွင်းရှိ စားသုံးသူတို့အကြား ငွေပေးချေမှုများအပေါ် စည်းကြပ်အခွန် ၂% ကောက်ခံခြင်းမှာ အဆိုပါ အကြံပြုချက်နှင့် ကိုက်ညီလျက်ရှိသည်။ ၇.၇.၂၀၂၀ နေ့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် အဆိုပါစည်းကြပ်အခွန် ပထမအကြိမ်ပေးဆောင်ရန် စေ့ရောက်သည့်နေ့အဖြစ် သတ်မှတ် ထားရာ E-commerce လုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယဝင်ငွေခွန်ဦးစီးဌာနသို့ အခွန်ငွေ ကြိုတင်ပေးသွင်းရမည်ဖြစ်ပါသည်။

ထိုသို့ တန်းတူညီမျှမှု စည်းကြပ်အခွန်အား ကြိုတင်ပေးဆောင်ရန် နေ့ရက်သတ်မှတ် ပြဌာန်းထားရှိခြင်းအပေါ် E-commerce ကုမ္ပဏီများက ရွှေ့ဆိုင်းပေးရန် တောင်းဆိုလျက်ရှိကြသော်လည်း ဌာနဆိုင် ရာအသိုင်းအဝိုင်းမှ ပြောဆိုမှုများအရ အခွန်ကြိုတင်ပေးဆောင်ရာတွင် လိုအပ်သော PAN Card ခေါ် အခွန်ပေးဆောင်မှုဆိုင်ရာ ပုံသေစာရင်းအမှတ် (Permanent Account Number) အားလျှောက်ထား ရန် စီးပွားရေးလုပ်ငန်းရှင်များသို့ ကြိုတင်ပြင်ဆင်ချိန် လုံလောက်စွာပေးထားပြီးဖြစ်၍ အစိုးရအနေဖြင့် လိုက်လျောဖွယ်ရာမရှိကြောင်း  Economic Times သတင်းဌာနက ဖော်ပြပါသည်။ အိန္ဒိယ ဝင်ငွေ ခွန်ဦးစီးဌာနသည် မကြာသေးမီကာလများအတွင်း နိုင်ငံပြင်ပရှိ PAN Card ကိုင်ဆောင်သည့် လုပ်ငန်းရှင်ထံမှ အခွန်ပေးဆောင်မှုကို လက်ခံဆောင်ရွက်နိုင်ရန်အတွက် ဘဏ်ငွေသွင်းချလန်ပုံစံအသစ်အား ပြောင်းလဲပြင်ဆင်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဘဏ္ဍာရေးအက်ဥပဒေ ၂၀၂၀ ၌ ပြဌာန်းချက်များအရ တန်းတူညီမျှမှု စည်းကြပ်အခွန်အား သတ်မှတ်ကာလအတွင်း ပေးဆောင်နိုင်မှုမရှိပဲ နောက်ကျခဲ့ပါက ၎င်းအခွန်ငွေအပေါ် တစ်လ လျှင် အတိုးနှုန်း ၁%  ထပ်ဆောင်းပေးဆောင်ရမည်ဖြစ်သည်။ စည်းကြပ်အခွန်အား ပေးဆောင်မှု မရှိပါက ၎င်းအခွန်ငွေနှင့်ညီမျှသည့် ဒဏ်ကြေးချမှတ်ခြင်းကို ခံရနိုင်ပါသည်။

အိန္ဒိယနိုင်ငံရှိ အခွန်ဆိုင်ရာကျွမ်းကျင်သူများက တန်းတူညီမျှမှု စည်းကြပ်အခွန်နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးအက်ဥပဒေ၌ ဖော်ပြပါရှိသည့် စကားရပ်များမှာ ရှင်းလင်းတိကျမှုမရှိပဲ ဝိဝါဒကွဲပြားမှုဖြစ်ပေါ် လျက်ရှိသဖြင့် E-commerce ကုမ္ပဏီများအနေဖြင့် လတ်တ လောကာလ၌ အခွန်ပေးဆောင်မှုမရှိပဲ အခြေအနေကို စောင့်ကြည့်မည့်အနေအထားရှိကြောင်း၊ PAN Card လျှောက်ထားရန်ကိစ္စမှာလည်း ပြည်ပနိုင်ငံများရှိ အိန္ဒိယသံရုံးများ၌ လိုအပ်သောသက်သေခံလက်မှတ်များထုတ်ပေးနိုင်ရန် ကန့်သတ်ချက်များရှိခြင်း၊ PAN စနစ် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အိန္ဒိယစီးပွားရေးဘဏ်များမှာ နိုင်ငံ တကာ၌ ဘဏ်ခွဲဖွင့်လှစ်ထားရှိမှုနည်းပါခြင်း စသည်တို့ကြောင့်  လက်တွေ့မကျသည့် အခြေအနေပင်ဖြစ်ကြောင်း သုံးသပ်ပြောဆိုလျက်ရှိကြသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ ကုမ္ပဏီလုပ်ငန်းများသည် ပြည်ပ၌အခြေစိုက်သည့် Ecommerce Platform ကုမ္ပဏီများထံမှ ဝန်ဆောင်မှုများအား ရယူအသုံးပြုရာတွင် လက်ရှိကာလ၌ မူပိုင်ခဆိုင်ရာ ပင်ရင်းမှ ဖြတ်တောက်အခွန် ၁၀% ကို ပေးဆောင်ရလျက်ရှိရာ အသစ်ပြဌာန်းသည့် ဘဏ္ဍာရေးအက်ဥပဒေအရ တန်းတူညီမျှမှုစည်းကြပ်အခွန် ၂% ကောက်ခံခြင်းသည် တူညီသောလုပ်ငန်းရပ် တစ်ခုအပေါ် ငွေပေး ချေဆောင်ရွက်ခြင်းအတွက် အခွန်နှစ်ကြိမ်ထပ်ပေးဆောင်ရမည့် အခြေအနေဖြစ်ပေါ်လျက်ရှိသည်။ အက်ဥပဒေအသစ်ပါ ဖော်ပြချက်များအရ ထိုသို့ စည်းကြပ်အခွန်ကောက်ခံမှုသည် ပြည်ပရှိ ပညာရေး ဝန်ဆောင်မှု အဖွဲ့အစည်းများထံမှ Online စနစ်ဖြင့် သင်ကြားမှု၊ ဟိုတယ်အခန်းကြိုတင်မှာယူမှု၊ Software များဝယ်ယူမှု စသည်တို့အပါအဝင် အင်တာနက်ကွန်ယက်စနစ်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်း အားလုံး၏ ငွေပေးချေမှုများအပေါ် အကျုံးဝင်မှုရှိမည်ကို ကုမ္ပဏီလုပ်ငန်းရှင်များ အသိုင်းအဝိုင်း၌ စိုးရိမ်မှုများရှိနေပြီး အစိုးရထံမှ ရှင်းလင်းချက် ထုတ်ပြန်ပေးရန် လိုလားလျက်ရှိကြသည်။

ပြည်ပ E-commerce ကုမ္ပဏီများသို့ ငွေပေးချေမှုအပေါ် အိန္ဒိယအစိုးရက တန်းတူညီမျှမှု စည်းကြပ်အခွန် ၂% ကောက်ခံခြင်းသည် Google, Twitter, Facebook စသည့် အမေရိကန်ကုမ္ပဏီများ၏ အကျိုးစီးပွားအပေါ် ထိခိုက်နိုင်ဖွယ်ရာရှိသည့် မျှတမှုမရှိပဲ ခွဲခြားဆက်ဆံဆောင်ရွက်မှု မြောက်/ မမြောက်ကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ဇွန်လအတွင်း ၌ ထုတ်ပြန်ကြေညာခဲ့သည်။

အိန္ဒိယသတင်းဌာနများ၏ ဖော်ပြချက်အရ ပြည်ပအခြေစိုက် အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီများထံသို့ ကြော်ငြာခကျသင့်ငွေ များပေးချေခြင်းအပေါ် တန်းတူညီမျှမှု စည်းကြပ်အခွန် ၆% အား အိန္ဒိယ အစိုးရက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကောက်ခံခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အထိ အခွန်‌ငွေ ရူပီး ဘီလီယံ ၄၀ ကျော်ရရှိခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၎င်းအခွန် ကောက်ခံရငွေမှာ ရူပီး ၁၁ ဘီလီယံခန့်ရှိကြောင်းနှင့် လုပ်ငန်းအသစ်တည်ထောင် လုပ်ကိုင်ဆောင်ရွက်သည့် အိန္ဒိယကုမ္ပဏီငယ်များကမူ ၎င်းအခွန်နှုန်းထားအား လျော့ပေါ့ပေးရန် လိုလားလျက်ရှိကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Digital Tax row: US probing ‘Google Tax’ by India, 4 Jun 2020, Financial Express

2. Google Tax: Government re-thinking equalisation levy, 5 Jun 2020, Economic Times

3. Govt not considering extending equalisation levy deadline, says companies got enough time, 7 Jul 2020, Economic Times

4. MNCs could face double taxation or get tax arbitrage due to new digital transaction law, 18 Jul 2020, Economic Times

5. India collected Rs 4,000 crore 'Google Tax' since 2016; Rs 1,100 crore in FY20, 21 Jul 2020, Business Today

6. Finance Act 2016 and Finance Act 2020, the Gazette of India Extraordinary

Category: India (Delhi)