India (Delhi)

တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် မိုဘိုင်းအက်ပ်များအား သုံးစွဲမှုမပြုစေရန် အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ခြင်း

Last Updated:

နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူများ၏ ပုဂ္ဂိုလ်ရေးလုံခြုံမှုတို့ကို ထိခိုက်မှုမှ ကာကွယ်တားဆီးရန်အလို့ငှာ သတင်းအချက်အလက် နည်းပညာအက် ဥပဒေ ပုဒ်မ ၆၉ (က) ၏ အခွင့်အာဏာကိုကျင့်သုံးလျက် မိုဘိုင်းဖုန်းနှင့် မိုဘိုင်းဖုန်းမဟုတ်သော အင်တာနက်ဆက်သွယ်ရေးကိရိယာများတွင် ထည့်သွင်းအသုံးပြုနိုင်သည့် မိုဘိုင်းအက်ပ်ဆော့ဖ်ဝဲ ၅၉ ခုအား ပြည်တွင်း၌ သုံးစွဲမှုမရှိစေရေး တားမြစ်ပိတ်ပင်လိုက်ကြောင်း အိန္ဒိယနိုင်ငံအစိုးရ၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ၂၉.၆.၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် Android နှင့် iOS မိုဘိုင်းဖုန်းများ၌ ထည့်သွင်းအသုံးပြုရသည့် အချို့သောမိုဘိုင်းအက်ပ်ဆော့ဖ်ဝဲများသည် သုံးစွဲသူ၏ခွင့်ပြုချက်မရှိပဲ သတင်းအချက်အလက်များအား ပြည်ပအင်တာနက်ဆာဗာများသို့ ပေးပို့မှုများရှိနေသည်ဟု တိုင်ကြားမှုများစွာကို အိန္ဒိယနိုင်ငံ ဆိုင်ဘာရာဇဝတ်မှုပေါင်းစပ်ညှိနှိုင်းရေးဗဟိုဌာန၊ ကွန်ပြူတာအရေးပေါ် တုန့်ပြန်ဆောင်ရွက်မှုအဖွဲ့ (CERT-IN) နှင့် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့က လက်ခံရရှိခဲ့ကြောင်း၊ ထိုသို့ သတင်းအချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိသည့်အပေါ် ပြည်သူများမှ စိုးရိမ်မှုများ တိုးပွားလျက်ရှိပြီး နိုင်ငံ၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အချုပ်အခြာအာဏာအား ထိပါးမှုများဖြစ်ပေါ်လာနိုင်သဖြင့် ယင်းသို့သော မိုဘိုင်းအက်ပ်များအား ပြည်တွင်း၌ သုံးစွဲခွင့်မပြုရန် အိန္ဒိယအစိုးရအနေဖြင့် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ယခုတားမြစ်ပိတ်ပင်လိုက်သော မိုဘိုင်းအက်ပ်များတွင် TikTok, WeChat, Weibo, Helo, UC Browser, CM Browser, UC News, Club factory, Clash of Kings, Mobile Legends, Cam Scanner, Clean Master – Cheetah Mobile စသည့်ဖြင့်  တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီများက ထုတ်လုပ်သည့် ဖျော်ဖြေမှု၊ လူမှုကွန်ယက်ဆက်သွယ်မှု၊ သတင်းအချက်အလက်ရှာဖွေမှု၊ သတင်းတင်ဆက်မှု၊ အီးကော့မာစ်ရောင်းဝယ်မှု၊ အင်တာနက်ဂိမ်းများနှင့် မိုဘိုင်းဖုန်းများအတွက် အခြား အသုံးတည့်ဆော့ဖ်ဝဲများ ပါဝင်ကြောင်းတွေ့ရှိရသည်။

အဆိုပါ မိုဘိုင်းအက်ပ် ၅၉ ခု၏ သတင်းအချက်အလက်မျှဝေမှု အလေ့အထများအားလေ့လာစိစစ်ရန် အိန္ဒိယအစိုးရက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မတီက ၁.၇.၂၀၂၀ နေ့၌ ပထမအကြိမ် အစည်းအဝေးကျင်းပပြီး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ကြေညာချက်အား အတည်ပြုခဲ့ကြောင်း၊ အဆိုပါကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးမတိုင်မီ ကာလအတွင်း တားမြစ်ပိတ်ပင်ခံရသည့် မိုဘိုင်းအက်ပ်များ၏ ကိုယ်စားလှယ်များကို ခေါ်ယူ၍ ၎င်းတို့၏ ရပ်တည်ချက်သဘောထားများအား မေးမြန်းဆွေးနွေး ဖွယ်ရာရှိကြောင်းဖြင့် အစိုးရဌာနဆိုင်ရာ အရာရှိတစ်ဦး၏ ပြောဆိုမှုအား Economic Times သတင်းဌာနက ရေးသားဖော်ပြပါသည်။

တရုတ်မိုဘိုင်းအက်ပ် ကုမ္ပဏီများအနေဖြင့် ယခုကဲ့သို့ အစိုးရ၏ဆောင်ရွက်ချက်အပေါ် တရားရင်ဆိုင်ဖွယ်ရှိကြောင်း အိန္ဒိယသတင်းဌာနများက ရေးသားဖော်ပြ လျက်ရှိကြသော်လည်း  အိန္ဒိယရှိ TikTok မိုဘိုင်းအက်ပ်ကုမ္ပဏီက အစိုးရ၏ ညွှန်ကြားချက်အပေါ် မည်သည့်တရားစွဲဆိုမှုကိုမျှ ပြုလုပ်မည်မဟုတ်ကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိအခြေအနေအပေါ် တုန့်ပြန်ရှင်းလင်းချက်ပေးနိုင်ရန်တွက် အစိုးရဌာနဆိုင်ရာများနှင့်တွေ့ဆုံရန် ဖိတ်ကြားမှုကို လက်ခံရရှိထားပြီးဖြစ်ကြောင်း၊ TikTok သည် အိန္ဒိယအစိုးရက ချမှတ်ထားသည့် ပုဂ္ဂိုလ်ရေးနှင့် သတင်းအချက်အလက် လုံခြုံမှုဆိုင်ရာ သတ်မှတ်ချက် များနှင့်ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂.၇.၂၀၂၀ နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံ၊ ပီကင်းမြို့ အခြေစိုက် Byte-Dance ကုမ္ပဏီမှ ထုတ်လုပ်သည့် TikTok ရုပ်သံဖျော်ဖြေ ရေး မိုဘိုင်းအက်ပ်သည် လက်ရှိကာလတွင် အိန္ဒိယနိုင်ငံတစ်ဝန်း၌ အသုံးပြုသူ လူဦးရေ သန်း ၂၀၀ ခန့် ဈေးကွက်ရရှိထားသည်။

ထိုသို့ အိန္ဒိယအစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက်တွင် TikTok အပါ အဝင် အဆိုပါ မိုဘိုင်းအက်ပ် ၅၉ ခုမှာ အိန္ဒိယနိုင်ငံ အင်တာနက်ကွန်ယက်၌ Google Play store နှင့် Apple App store တို့မှ ဖယ်ရှားခြင်းခံခဲ့ရသည်။

လေ့လာဆန်းစစ်သူများက အိန္ဒိယအစိုးရ၏ ယခုဆောင်ရွက်ချက်သည် တရုတ်နိုင်ငံ၏ ဒီဂျစ်တယ်ပိုးလမ်းမကြီး တည်ထောင်ရန် ရည်မှန်းချက်ကို လွင့်ပါးသွားစေပြီး အိန္ဒိယဈေးကွက်ကို အမှီပြုလျက် ရှိသော တရုတ်မိုဘိုင်းအက်ပ် ကုမ္ပဏီများအား အထိနာစေခဲ့ကြောင်း၊ တစ်ဖက်တွင် အမျိုးသားလုံခြုံရေးအရ အရေးယူဆောင်ရွက်သည့် ဆုံးဖြတ်ချက်ကို ဥပဒေကြောင်းအရ တရားရင်ဆိုင်ရန် ဆိုသည်မှာ ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်ကုမ္ပဏီများ၏ ဈေးကွက်နေရာတွင် အိန္ဒိယမိုဘိုင်းအက်ပ် ကုမ္ပဏီများက အစားထိုးနေရာယူနိုင်မည် သို့မဟုတ် အမေရိကန်ကုမ္ပဏီများကဲ့သို့ အခြားပြင်ပမှ ဈေးကွက်ဝေစုအား ရယူသွားမည်ဆိုသည်ကို စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောဆိုလျက်ရှိကြသည်။

InMobi, ShareChat, Bolo Indya စသည့် ပြည်တွင်းရှိ အိန္ဒိယမိုဘိုင်းအက်ပ် လုပ်ငန်း များက အစိုးရ၏ဆောင်ရွက်ချက်မှာ ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောဆိုလျက် ဝမ်းပန်းတသာကြိုဆိုခဲ့ကြကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         1. Press Release of Ministry of Electronics & IT: Government Bans 59 mobile apps which are prejudicial to sovereignty and integrity of India, defence of India, security of state and public order, 29 Jun 2020, Press Information Bureau of India

2. Government panel in first meeting ratifies Chinese app ban, 2 Jul 2020, Economic Times

3. Not going to legally challenge the ban order: TikTok, 2 Jul 2020, Economic Times

4. 59 Chinese apps India banned deleted from Google Play store, App store, 3 Jul 2020, Indian Express

5. India bans 59 Chinese apps including TikTok, Helo, WeChat, 3 Jul 2020, Economic Times

Category: India (Delhi)