USA

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ ကုန်စည် ဝယ်ယူတင်သွင်းမှု နည်းနေ

Last Updated:

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ရေးထိုးခဲ့သည့် ပထမအဆင့် ကုန်သွယ်ရေး သဘောတူစာချုပ်အရ ၂၀၂၀ပြည့်နှစ်အတွင်း တရုတ်နိုင်ငံက အမေရိကန်မှ ကုန်စည်များစွာကို ဝယ်ယူမည်ဟု ကတိပြုခဲ့သော်လည်း ယခုနှစ် ပထမ (၅) လတာ ကာလတွင် ဝယ်ယူရန် သတ်မှတ်ထားသည့်ပမာဏ၏ ထက်ဝက်ကျော်ကို ဝယ်ယူတင်သွင်းမှု မရှိသေးကြောင်း၊ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ ကုန်စည်ဝယ်ယူတင်သွင်းမှု နည်းနေသေး ကြောင်း စီးပွားရေးသုတေသီများက ပြောကြားပါသည်။

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ စသည့် စွမ်းအင်ဆိုင်ရာကုန်စည်များကို တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံဝယ်ယူရန် သဘောတူခဲ့သော်လည်း ပထမ ၅ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံအောက်သာ ဝယ်ယူတင်သွင်းခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်ထုတ် စက်မှုကုန်ချောပစ္စည်းများကို တစ်နှစ်အတွင်းဝယ်ယူရန် သဘောတူညီထားသည့် ပမာဏ၏ လေးပုံတစ်ပုံသာ ဝယ်ယူရသေးကြောင်း၊ တစ်နှစ်အတွင်း အမေရိကန်နိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံဖိုး ဝယ်ယူတင်သွင်းရန် လျာထားသော်လည်း ၈ ဘီလီယံဖိုးသာ ဝယ်ယူခဲ့ကြောင်း The Economist ၌ ဖော်ပြထားပါသည်။

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံမှ ယခုနှစ်၊ ၅ လတာကာလအတွင်း ဝယ်ယူတင်သွင်းမှုသည် မနှစ်က ကာလတူတွင် တင်သွင်းမှုထက် ၁၃ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် ယခုနှစ်တစ်နှစ်အတွင်း ဝယ်ယူရန်သဘောတူထားသည့်ပမာဏကို ပြည့်မီအောင် ဝယ်ယူတင်သွင်းရန် အချိန်များစွာကျန်နေသေးကြောင်း၊ နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတထရမ့် ရှုံးနိမ့်ခဲ့ပါက သမ္မတ ဂျိုးဘိုင်ဒန် အနေနှင့် ဤကိစ္စရပ်အပေါ် အာရုံစိုက်နိုင်မည်ဟု မယူဆကြောင်း၊ သို့သော် အမေရိကန်၊ ကုန်သွယ်ရေး တာဝန်ရှိသူများက သဘောတူစာချုပ်သည် ပကတိသဘောတူထားသည့်အတိုင်း ဆက်ရှိနေမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲသူများနှင့် ကုန်သွယ်ရေးသုတေသီများက ကုန်သွယ်မှုအချက်အလက်များအား သဘောတူညီချက်ရောက်ရှိအောင် ဆောင်ရွက်နိုင်ရေး ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

Source: The Economist

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA