India (Delhi)

တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အိန္ဒိယအကောက်ခွန်ဌာနက တင်းကျပ်စွာ စစ်ဆေးလျက်ရှိခြင်း

Last Updated:

အိန္ဒိယနှင့် တရုတ် နှစ်နိုင်ငံနယ်စပ်ပြဿနာဖြစ်ပွားမှုအရေးကိစ္စကြောင့် တရုတ်နိုင်ငံထုတ်ကုန်များအား သပိတ်မှောက်ရန် ပြည်တွင်း၌ လှုံ့ဆော်မှုများ ရှိနေချိန်တွင် ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် တရုတ်နိုင်ငံမှ တင်သွင်းရောက်ရှိသည့် ကုန်သေတ္တာများအား ၁၀၀ ရာခိုင်နှုန်းပြည့် မျက်မြင်စစ်ဆေး ခြင်းကို ၂၂.၆.၂၀၂၀ နေ့၊ ညပိုင်းမှစတင်၍ အိန္ဒိယအကောက်ခွန်ဌာနက လုပ်ဆောင်လျက်ရှိရာ ဆိပ်ကမ်းရှင်းလင်းလျက် ကုန်ပစ္စည်းများ ထုတ်ယူနိုင် ရေးမှာ ကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ချန်နိုင်းမြို့ (Chennai) အခြေစိုက် ချန်နိုင်းအကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက တရုတ် နိုင်ငံမှတင်ပို့ သည့် ကုန်ပစ္စည်းများအားလုံးကို တင်းကျပ်စွာစစ်ဆေးရန် အကောက်ခွန်ဌာနတွင်း၌ ညွှန်ကြားထားကြောင်း ဖော်ပြခဲ့ပြီး ထိုသို့ ရာခိုင်နှုန်းပြည့် မျက် မြင်စစ်ဆေးမှုရာတွင် Authorised Economic Operators ခေါ် ကုန်စည်သယ်ယူပို့ဆောင်ရာ၌ လုံခြုံစိတ်ချရမှု စံသတ်မှတ်ချက်များနှင့် ညီညွတ် ကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် လုပ်ငန်းများပါမကျန် အကျုံးဝင်ကြောင်း သိရှိရသည်။ လက်ရှိကာလတွင် အိန္ဒိယနိုင်ငံ၌ သွင်းကုန် များအား ဆိပ်ကမ်းရှင်းလင်းဆောင်ရွက်ရာ၌ သွင်းကုန်စုစုပေါင်း၏ ၇၀% ခန့်သည် ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား စာရွက်စာတမ်း များတင်ပြလျက် Green Channel ကင်းလွတ်လမ်းကြောင်းမှ ဝင်ရောက်ခြင်းဖြစ်ပြီး ကျန် ၃၀% မျှကိုသာ ဖွင့်ဖောက်စစ်ဆေးခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများအား တားမြစ်ရန် (သို့မဟုတ်) ဆိုင်းငံ့ထားရန် အိန္ဒိယအကောက်ခွန်နှင့် သွယ်ဝိုက်အခွန်များ ကြီးကြပ်မှု ဗဟိုအဖွဲ့ (CBIC) နှင့် အကောက်ခွန်ဌာနတို့ထံ စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း ညွှန်ကြားမှုတစ်စုံတစ်ရာမျှမရှိ‌သော်လည်း ဆိပ်ကမ်းရှင်းလင်းမှုစနစ်အတွင်း လုံခြုံရေးဆိုင်ရာ အသိပေးတပ်လှန့်မှုအရ အချို့သော ကုန်သေတ္တာများကို ဘေးကင်းလုံခြုံစိတ်ချရမှု အစီအမံများ ဖြင့် စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်သည်ဟု  သက်ဆိုင်ရာဌာနမှ အရာရှိတစ်ဦးက ဖြေကြားကြောင်း Economic Times သတင်းဌာနမှ ဖော်ပြပါသည်။

သာမန်အားဖြင့် လုံခြုံရေးဆိုင်ရာ သတင်းပေးတပ်လှန့်ချက်ရရှိထားပါက သီးခြားသတ်မှတ်ချက်ရှိသည့် ကုန်စည်အမျိုးအမည်ကိုသာ ဘေး ကင်းလုံခြုံ မှုအစီအမံများဖြင့် စစ်ဆေးခြင်းဖြစ်သော်လည်း ယခုကိစ္စရပ်တွင် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များအားလုံးအပေါ် တင်းကျပ်စွာစစ်ဆေး လျက်ရှိခြင်းက ဆိပ်ကမ်းများတွင် အချိန်နှင့် လူအင်အားများစွာအသုံးပြုရပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်း‌ခြေဒေသရှိ Chennai, Visakhapatnam နှင့် Kolkata ဆိပ်ကမ်းများ၌ ကုန်သေတ္တာများ ပြည့်ကျပ်မှုကို ဖြစ်ပေါ်စေလျက်ရှိသည်။

သို့ဖြစ်ရာ ပြည်တွင်းရှိ သတင်းအချက်အလက်နည်းပညာ၊ အီလက်ထရွန်းနစ်နှင့် ဆေးဝါးကုန်ထုတ်လုပ်ငန်းများအပေါ် ကုန်ကျစရိတ်များ ကြီးမြင့်မှုနှင့် ကုန်ထုတ်လုပ်ငန်း၏ သွင်းအားစုကွင်းဆက်ပုံ ပျက်ယွင်းမှုတို့မှာ အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာနိုင်သဖြင့် အိန္ဒိယရှိ FICCI, FIEO စသည့် ကုန်သည် အသင်းများ၊ ICEA နှင့် MAIT ကဲ့သို့သော မိုဘိုင်းဖုန်းနှင့် နည်းပညာဆိုင်ရာ ကုန်ထုတ်လုပ်ငန်းရှင် အသင်းအဖွဲ့များက ယခုကဲ့သို့ သွင်းကုန်များ အား လုံးအပေါ် တင်းကျပ်စွာ စစ်ဆေးနေမှုအား သုံးသပ်စိစစ်ပေးရန် ဘဏ္ဍာ‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများသို့ စာရေးသားပေးပို့ တောင်း ဆိုထားကြောင်း သိရှိရသည်။

Economic Times သတင်းဌာနမှဖော်ပြချက်အရ အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများ၌ တရုတ်ကုန်သည်လုပ်ငန်းရှင်များ၏ ပို့ကုန်များအပေါ် သွင်းအားစု ကွင်းဆက်ဆိုင်ရာ အခက်အခဲကြုံတွေ့နေရမှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံအစိုးရက အိန္ဒိယဘက်သို့ ရှင်းလင်းချက် တောင်းခံထားကြောင်း၊ အိန္ဒိယပို့ ကုန်လုပ်ငန်းရှင်များအသင်း (FIEO) ကလည်း ၎င်းတို့၏လုပ်ငန်းရှင်များအနေဖြင့် ဟောင်ကောင်ဆိပ်ကမ်းတွင် တရုတ်အကောက်ခွန်အာဏာပိုင်များ ၏ အလားတူ တုန့်ပြန်ဆောင်ရွက်မှုကို ရင်ဆိုင်လာရသည်ဟု ၂၅.၆.၂၀၂၀ နေ့၌ ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Economic Times

  1. Indian customs may start inspection of all imports from China at ports and airports, 24 Jun 2020
  2. All Chinese cargo being checked following nationwide risk alert, 25 Jun 2020
  3. Beijing seeks clarity on imports stuck due to 100% inspection, 25 Jun 2020
  4. Exporters raising concern over consignment hold-up by Hong Kong, Chinese customs: FIEO, 25 Jun 2020
Category: India (Delhi)