China(Nanning)

တရုတ်နိုင်ငံသို့ လယ်ယာစိုက်ပျိုးရေးပို့ကုန်များ ပိုမိုတင်ပို့ရန် စီမံဆောင်ရွက်မှုများ ပြုလုပ်သွားမည့် ဗီယက်နမ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံမှာ ဗီယက်နမ်နိုင်ငံမှတင်ပို့သည့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များအတွက်ကြီးမားသောဈေးကွက်ဖြစ်သဖြင့် ယခုကြုံတွေ့နေရသော အခက်အခဲများကိုကျော်လွှားရန် စီမံဆောင်ရွက်မှုအသစ်များကို အဆိုပြုသွားမည်ဟု ဗီယက်နမ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Le Minh Hoan က ထုတ် ဖော်ပြောကြားခဲ့ပါသည်။

မကြာသေးမီက တရုတ်-ဗီယက်နမ်နယ်စပ်တွင် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို တင်ဆောင်ထားသည့်ကုန်တင်ယာဉ်များ ပိတ်မိနေခဲ့ခြင်းကြောင့် နယ်စပ်ဂိတ်များ၌ အကောက်ခွန်ရှင်းလင်းမှုများ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးရန် တရုတ်ဘက်သို့ ညှိနှိုင်းတောင်းဆိုခဲ့ပါသည်။

ဒေသအာဏာပိုင်များအနေဖြင့် ကုန်စည်များကို မြန်မြန်စစ်ဆေးပေး၍ တရုတ်သို့တင်ပို့လာသည့်ကုန်စည်များကို ခေတ္တထားရှိရန်ကြားခံဇုန်တည်ဆောက်ပေးသင့်ကြောင်း၊ ၎င်းဇုန်များ၌ ရောဂါပိုးသယ်ဆောင်လာသည့်လူများနှင့် ကုန်စည်များကို သီးခြားထားရှိလိုက်ပါက နယ်စပ်ဂိတ်များကို ပိတ်ရန်မလိုတော့ကြောင်း၊ နယ်စပ်မှတင်သွင်းလာသည့် ကုန်စည်များအတွက် ကုန်လက်ခံရန်၊ ထိန်းသိမ်းရန်၊ တစ်စိတ်တစ်ပိုင်း ပြုပြင်ထုတ်လုပ်ရန်တို့အတွက် လုပ်ငန်းဆောင်တာမျိုးစုံဆောင်ရွက်နိုင်သည့်နေရာတစ်ခုကို တည်ထောင်ပေးရန်၊ ၎င်းနေရာမှာ  Mong Cai  မြို့တွင်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသများမှ လယ်ယာစိုက်ပျိုးရေး၊ သစ်တောထွက်နှင့် ရေထွက်ကုန် ကုန်သွယ်ရေးစင်တာတစ်ခု လျင်လျင်မြန် မြန်တည်ထောင်ရန် အဆိုပြုညှိနှိုင်းထားကြောင်း၊ အကယ်၍ ၎င်းစင်တာမှာ ထိရောက်မှုရှိပါက Lang Son ၊ Lao Caiနှင့် အခြားနယ်စပ်မြို့များတွင် အလားတူစင်တာများ တည်ထောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ဆက်လက်ပြီး ဗီယက်နမ်ဘက်မှပို့ကုန်များကို တရုတ်ဘက်သို့တင်ပို့ရာတွင် လက်ရှိအရေအတွက်ခွဲဝေကန့်သတ်ထားခြင်းမရှိသော်လည်း ကြီးမားသည့်ဆုံးရှုံးနိုင်ခြေများနှင့် ကြုံတွေ့နေရခြင်းကို အစားထိုးရန်တရားဝင် အရေအတွက်ခွဲဝေကန့်သတ်မှုများကို အသုံးပြုရန်ညှိနှိုင်းသွားမည်ဟုသိရပါသည်။ ထိုသို့ ပြုလုပ်လိုက်ပါက တစ်စိုက်မတ်မတ် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ယခုကဲ့သို့ ကစဉ့်ကလျားမဖြစ်နိုင်တော့ဟု ဆိုပါသည်။

ဗီယက်နမ်နိုင်ငံမှ လယ်ယာထွက်ကုန်များကို အမေရိကန်၊ တရုတ်နှင့် ဥရောပနိုင်ငံများသို့ ကုန်ကြမ်းအတိုင်းတင်ပို့နေပြီး၊ တင်ပို့သည့်ကုန်စည်များ၏ (၉၀)ရာခိုင်နှုန်းကို ကုန်အမှတ်တံဆိပ်မရှိဘဲ တင်ပို့နေရသည်က အများစုဖြစ်ကြောင်း၊ ဗီယက်နမ်မှ ကုန်ကြမ်းများကို တင်သွင်းသည့်နိုင်ငံများက ပြုပြင်ထုတ်လုပ်ပြီး မိမိတို့၏ အမှတ်တံဆိပ် များတပ်ဆင်ကြသည့်အတွက် ဗီယက်နမ်၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များကို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် တင်ပို့စေလိုကြောင်း၊ ဗီယက်နမ်၏ ကုန်းမြင့်ဒေသတွင် စိုက်ပျိုး သည့်ကော်ဖီ၊ Can Tho ဆန်၊ Dong Giao နာနတ်သီး၊ Cat Chu သရက်သီး၊ Phu Quoc ငရုတ်ကောင်း၊ Lao Cai ငှက်ပျောသီး၊ Shan Tuyet ၊ O Long နှင့်Tan Cuong လက်ဖက် ရည်စသည်တို့မှာ လူသိများကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီ၊ ဆန်၊ သီဟိုစေ့၊ ပင်လယ်စာ၊ ရာဘာ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သားစသည့် အဓိကလယ်ယာစိုက်ပျိုးရေးအမျိုးအမယ် (၁၀)ခုကျော်ကို နိုင်ငံပေါင်း (၁၆၀)သို့ တင်ပို့လျက်ရှိပြီး၊ အမယ်တစ်မျိုးချင်းစီမှ အမေရိကန်ဒေါ်လာ (၁)ဘီလီယံကျော် ရရှိလျက်ရှိပါသည်။

တရုတ်နိုင်ငံ၏ ဈေးကွက်သည် ဗီယက်နမ်ပို့ကုန်ဈေးကွက်၏ ဒုတိယအကြီးဆုံး ဈေးကွက်ကြီးဖြစ်ပြီး၊ လယ်ယာစိုက်ပျိုးရေး၊ သစ်တောထွက်နှင့် ရေထွက်ကုန်ပစ္စည်းများ ကို တင်ပို့လျက်ရှိပါသည်။ ၎င်းကုန်စည်များ ကုန်သွယ်မှုပမာဏမှာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၈)ဘီလီယံသာရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၁)ဘီလီယံအထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြီးခဲ့သည့်နှစ် ပထမ (၁၁)လအတွင်း တရုတ်ဈေးကွက်သို့ အမေရိကန်ဒေါ်လာ (၈.၄) ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ပြီး၊ ဗီယက်နမ် တစ်နိုင်ငံလုံးမှ စုစုပေါင်း လယ်ယာစိုက်ပျိုးရေးပို့ကုန်တင်ပို့မှု၏ (၁၉.၂)ရာခိုင်နှုန်း ပါဝင်ဖြည့်ဆည်းကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ vnexpress (၄-၂-၂၀၂၂)

Category: China(Nanning)