China(Beijing)

တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (Coronavirus) ကူးစက်ပျံ့နှံ့မှုနှင့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ

Last Updated:

တရုတ်နိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည့် ဟူပေပြည်နယ်၏မြို့တော် ဝူဟန်မြို့တွင် အဆုတ် ရောင် (pneumonia) ရောဂါတစ်မျိုးအား ၈-၁၂.၂၀၂၀ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပြီး တရုတ် အာဏာပိုင်များမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) ထံသို့ အဆိုပါ အမျိုးအမည်မသိ နမိုးနီးယားရောဂါ ဖြစ်ပွားလျက်ရှိကြောင်း ၃၁.၁၂.၂၀၁၉ ရက်နေ့တွင် တင်ပြခဲ့ပါသည်။

ဝူဟန်မြို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် အမျိုးသားတစ်ဦးသည် ၁၁.၁. ၂၀၂၀ ရက်နေ့တွင်  စတင်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ ရောဂါပိုးကူးစက်ပျံနှံ့မှုသည် ဟူပေ ပြည်နယ်အပြင်ဘက်  တရုတ်နိုင်ငံ၏ ပြည်နယ်၊ ဒေသများအထိပါ ရောဂါပိုးကူးစက်ပျံပွားမှုများ မြင့်တက်ခဲ့ပါသည်။ ထိုအပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းသာမက ပြည်ပနိုင်ငံများပါ ကူးစက်ပျံ့နှံမှု များကိုတွေ့ရှိခဲ့ရပါသည်။ ၁၃.၁.၂၀၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အဆိုပါရောဂါ ကူးစက်ခံရသူ အမျိုးသမီးတစ်ဦးအား တွေ့ရှိခဲ့ပြီး ဝူဟန်မြို့မှ ပြန်လာသည့် အမျိုးသမီးဖြစ်ကြောင်းသိရှိရပါသည်။ ၁၆.၁.၂၀၂၀ ရက်နေ့တွင်လည်း အလားတူ ဝူဟန်မြို့မှ ပြန်လာသသည့် အမျိုးသားတစ်ဦးတွင် ရောဂါကူးစက်ခံခဲ့ရပြီး အမေရိကန်၊ နီပေါ၊ ပြင်သစ်၊ ဩစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့တွင်လည်း ကူးစက်ခံရသူများရှိခဲ့ကြောင်း သိရှိရပါ သည်။

ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်နိုင် သည့် ရောဂါပိုးဖြစ်ပြီး သေဆုံးသူဦးရေနှင့် ရောဂါကူးစက်မှုနှုန်း မြင့်တက်လာမှုကြောင့် အန္တရာယ် ရှိသည့်အခြေအနေရှိကြောင်း၊ တရုတ်နိုင်ငံ ကျန်းမာရေးကော်မရှင်မှ ၂၂.၁.၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ရောဂါဖြစ်ပွားမှုအခြေအနေမြင့်တက်လာမှုကြောင့် ၂၃.၁.၂၀၂၀ ရက် နေ့တွင် တရုတ်နိုင်ငံသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝူဟန်မြို့သို့ ဝင်ထွက်သွားလာလျက် ရှိသည့် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်း၊ လေဆိပ်၊ ဘူတာရုံများစသည့် သယ်ယူပို့ဆောင်ရေး ရပ်နားမှုများ လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါသယ်ယူ ပို့ဆောင်ရေးရပ်နားသည့်နေ့တွင် ဝူဟန်မြို့သို့  ဆိုက်ရောက်/ထွက်ခွာမည့် လေကြောင်းလိုင်းခရီးစဉ်ပေါင်း ၅၆၆ ခုရှိသည့်အနက် ခရီးစဉ် ပေါင်း၂၈၈ ခုအား ဒေသစံတော်ချိန် (၁၁၃၀) ချိန်မှ စတင်၍ မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဌာနမှ ချက်သိမ်းခဲ့ပြီး ဒေသခံပြည်သူများအား အရေးကြီးကိစ္စတစ်စုံတစ်ရာမရှိဘဲ မြို့အတွင်းမှ ထွက်ခွာ ခြင်းမပြုလုပ်ကြရန်နှင့် လူအများရှိသည့်နေရာများသို့ သွားရောက်ရာတွင် မျက်နှာဖုံးများ ဝတ်ဆင် သွားကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။ ၃၁.၁.၂၀၂၀ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တစ်ကမ္ဘာ့လုံး ဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြင်ပတွင် နိုင်ငံပေါင်း ၂၆ နိုင်ငံအထိ ပျံ့နှံရောက်ရှိလျက်ရှိပြီး ၆.၂.၂၀၂၀ ရက်နေ့ထိ တရုတ်နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူဦးရေမှာ (၂၈၀၇၃) ဦးဖြစ်ပြီး သေဆုံးသူဦးရေမှာ (၅၆၄) ဦးအထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

ဘဏ္ဍာရေးကဏ္ဍ

တရုတ်နိုင်ငံအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဓိကဖြစ်ပွားလျက်ရှိသည့် ဟူပေပြည်နယ်တွင် ရောဂါကူးစက်ပျံ့နှံမှုများ ကုသနိုင်ရန်အတွက် တရုတ်ယွမ်ငွေ ၁ ဘီလီယံ အမေရိကန်ဒေါ်လာ ၁၄၄ သန်းအား ၂၃.၁.၂၀၂၀ ရက်နေ့တွင် ခွဲဝေချထားပေးခဲ့ပါသည်။ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် အမျိုးသားကျန်းမာရေးကော်မရှင်တို့အနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာတွင် အသုံးပြုရန်ရန်ပုံငွေအဖြစ် တရုတ်ယွမ်ငွေ ၆၀.၃၃ ဘီလီယံ အမေရိကန်ဒေါ်လာ ၁၂.၈ ဘီလီယံ အား ၂၇.၁.၂၀၂၀ ရက်နေ့တွင် ခွင့်ပြုပေးကြောင်း ကြေညာခဲ့ပါသည်။

တရုတ်အမျိုးသားဘဏ် (People’s Bank of China) အနေဖြင့် ငွေကြေးဈေးကွက်အတွင်း လှည့်လည်သုံးစွဲမှုအဆင်ပြေစေရန် ဘဏ်များအနေဖြင့် ငွေချေးမှုများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ကာလတိုစာချုပ်များဝယ်ယူပေးခြင်းဖြင့် နိုင်ငံ၏ ငွေကြေးဈေးကွက်အတွင်းသို့ ၃.၂. ၂၀၂၀ ရက်နေ့တွင် တရုတ်ယွမ်ငွေ ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၇၀ ဘီလီယံကျော်) အား လည်ကောင်း၊ ၄.၂.၂၀၂၀ ရက်နေ့တွင် တရုတ်ယွမ်ငွေ ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၂ ဘီလီယံခန့်) အားလည်းကောင်း အသီးသီးထည့်သွင်းပေးခဲ့ပါသည်။ ကူးသန်းရောင်းဝယ်ရေးဘဏ် များအနေဖြင့် ဆေးရုံသုံးမျက်နှာဖုံးများ၊ ဗိုင်းရပ်စ်စမ်းသပ်သည့် ပစ္စည်းများ၊ အခြားဆေးဝါးများ ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီများသို့ အတိုးနှုန်းသက်သာစွာဖြင့် ငွေချေးပေးနိုင်ရန်အတွက် တရုတ်အမျိုးသားဘဏ်အနေဖြင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များအား သက်သာသော အတိုး နှုန်းဖြင့် ငွေကြေးများထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ၂၀၂၀ ပြည်နှစ်၊ ဖေဖော်ဝါ ရီလပထမပတ်အတွင်း နိုင်ငံသုံးငွေကြေားတန်ဖိုးကျဆင်းခဲ့ပြီး တရုတ်နိုင်ငံ ဗဟိုဘဏ်မှ ယခုဖြစ် ပေါ်လျက်ရှိသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဈေးကွက်အပေါ် ထိခိုက်မှုသည် ယာယီသာဖြစ်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

ခရီးသွားကဏ္ဍ

တရုတ်နိုင်ငံမှ ခရီးသွားများသည် နို်ငငံတကာခရီးသွားများအနက် ငွေသုံးစွဲနိုင်မှု အမြင့်ဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း ပြည်ပသို့ သွားရောက်လည်ပတ်သူဦးရေ (၁၅၀) သန်း၊ သုံးစွဲမှုအမေရိကန် ဒေါ်လာ (၂၇၇) ဘီလီယံအထိ ရှိခဲ့ကြောင်းသိရှိရပါသည်။ တရုတ်အစိုးရအနေဖြင့်  ယခုဖြစ်ပွား လျက်ရှိသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဟူပေပြည်နယ်အတွင်း နေထိုင်သူ လူဦးရေ စုစုပေါင်း သန်း(၅၀) ကျော်ရှိသည့် မြို့ပေါင်း(၁၆)မြို့တွင် အများသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို ရပ်နားခြင်း၊ ပြည်ပသို့ခရီးသွားလာခြင်းများကိုလည်း ယာယီတားမြစ် ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ အမေရိကန်နိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ လည်း၎င်းတို့၏ နိုင်ငံသားများအား တရုတ်နိုင်ငံသို့ ခရီးသွားလာခြင်း မပြုရန် တိုက်တွန်းထား ပါသည်။ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှလည်း တရုတ်နိုင်ငံ၊ ဟူပေ ပြည်နယ်မှ လာရောက်လည်ပတ်သူများအား လက်မခံကြောင်း ထုတ်ပြန်ထားပါသည်။ ရုရှားနှင့် မွန်ဂိုလီးယားနိုင်ငံတို့အနေဖြင့် တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များအား ပိတ်ထား ကြောင်းသိရှိရပါသည်။ ထို့အပြင် ကမ္ဘာတစ်ဝှမ်းမှ ပျံသန်းလျက်ရှိသည့် လေကြောင်းလိုင်းများ အနေဖြင့်လည်း တရုတ်နိုင်ငံသို့ပျံသန်းမည့် ခရီးစဉ်များအား ဖျက်သိမ်းခဲ့ပါသည်။

သို့ဖြစ်ရာ လက်ရှိဖြစ်ပွားလျက်ရှိသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်စေသည့် အကျိုးသတ်ရောက်မှုများ ဖြစ်ပေါ်လာမည်ဟု ခန့် မှန်းထားကြပြီး တရုတ်နိုင်ငံမှ ခရီးသွားများ အများဆုံး သွားရောက်လည်ပတ်လျက်ရှိသည့် ထိုင်း နိုင်ငံသည် ရှေ့လာမည့် (၃) လပိုင်းအတွင်း အနည်းဆုံးခရီးသွားဦးရေ (၂) သန်းကျော် လျော့နည်း သွားမည်ဟု ခန့်မှန်းထားပါသည်။ ဂျပန်ခရီးသွားကုမ္ပဏီများအနေဖြင့် လေ့လာရေးခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့် ပြည်ပသို့ခရီးသွားလာမှုအား (၆) လတာ ပိတ်ပင်ထားမည်ဆိုပါက တရုတ်ခရီးသွားများမှ သုံးစွဲငွေအမေရိကန်ဒေါ်လာ (၈၃.၁) ဘီလီယံကျဆင်းသွားမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ (၀.၁) ရာခိုင်နှုန်း ကျဆင်း သွားမည်ဟု စီးပွားရေးပညာရှင်များမှ သုံးသပ်ထားပါသည်။

စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် စားသုံးမှုကဏ္ဍ

တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဝယ်လိုအား၊ စက်မှုလုပ်ငန်း၊ နိုင်ငံ့စီးပွားရေး စည်းမျဉ်း စည်းကမ်းများသည် ပြီးခဲ့သည့် (၁၇) နှစ်နှင့် နှိုင်းယှဉ်ပါက အလွန်ပြောင်းလဲခဲ့ပါသည်။ တရုတ် နိုင်ငံ၏ ဝယ်လိုအားပုံစံသည် ရင်းနှီးမြှပ်နှံမှု အဓိကကျသည့် ပုံစံအစား စားသုံးမှုအား အဓိက ထားသည့်ပုံစံအဖြစ်သို့ ပြောင်းလဲခဲ့ကြောင်း၊ လွန်ခဲ့သည့် (၁၇) နှစ် SARS ရောဂါ ဖြစ်ပွားစဉ်က ရင်းနှီးမြှပ်နှံမှုကဏ္ဍသည် နိုင်ငံစီးပွားရေး၏ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၀၃ ခုနှစ်၊ ဒုတိယလေးလပတ် အတွင်းကျဆင်းခဲ့ပြီးသည့်နောက် လျင်မြန်စွာပြန်လည်တိုးတက်လာခဲ့သည့်အတွက် အဆိုပါ ရောဂါသည် ရင်းနှီးမြှပ်နှံမှုအပေါ် အကန့်အသတ်ဖြင့်သာ အကျိုးသက်ရောက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်မှ စတင်၍ စီးပွားရေးတည်ငြိမ်မှုရှိရန်အတွက် စားသုံးမှုသည် အဓိကမောင်းနှင်အား ဖြစ်လာခဲ့ပြီး အခြေခံအဆောက်အဦးဆောက်လုပ်ရေးလုပ်ငန်းများ၊ ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ လျှော့ကျလာခဲ့ကြောင်း၊ နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တိုးတက် နှုန်းတွင် စားသုံးမှုပါဝင်မှု အချိုးအစားသည် ၂၀၀၃ ခုနှစ်တွင် (၃၅.၄) ရာခိုင်နှုန်း သာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် (၅၇.၈) ရာခိုင်နှုန်း အထိပါဝင်ကြောင်း၊ သို့ဖြစ်ရာ ရုတ်တရက် ဖြစ်ပွားလာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအန္တရာယ်သည် ဆောင်းရာသီပွဲတော် ရုံးပိတ်ရက်များအတွင်း လူထုအနေဖြင့် ကျွေးမွေးဧည့်ခံခြင်း ၊ ဈေးဝယ်ထွက်ခြင်း၊လည်ပတ်ခြင်း၊ခရီးသွားခြင်းစသည့် နေ့စဉ်စားသုံးမှုများအပေါ် ကြီးမားသည့် အဟန့်အတား ဖြစ်စေသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် များစွာထိခိုက်စေမည်ဖြစ်ကြောင်း ၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး တိုးတက်မှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၏ ပထမလေးလပတ်အတွင်း၌ (၅) ရာခိုင်နှုန်းသို့ ကျဆင်းနိုင် ဖွယ်ရှိသည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းရှိ စားသုံးသူ ဈေးကွက်တွင်လိုအပ်သော စားသုံးကုန်ပစ္စည်းများ အားအချိန်နှင့် တပြေးညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရောဂါကူးစက်မှုကို ထိန်းချုပ် နိုင်ရန်အတွက် နှစ်သစ်ကူးရုံးပိတ်ရက်များအား ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ တိုးမြှင့်ထားပြီး မလိုအပ်ပဲလူစုခြင်းများ ဆောင်ရွက်ခြင်းမပြုရန်၊ ရုံးလုပ်ငန်းများအား Online မှ တစ်ဆင့် ဆောင်ရွက်ရန် လမ်းညွှန်မှုများ ဆောင်ရွက်ထားပါသည်။ Apple ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံရှိ ၎င်းတို့၏ အရောင်းစင်တာများ ၊ ရုံးများအား ၂၀၂၀ ပြည့်နှစ် ၊ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ ယာယီပိတ်ထားပါသည်။ Starbuck အနေဖြင့် တရုတ်နိုင်ငံရှိ ၎င်းတို့၏ ဆိုင်ထက် ဝက်ကျော်အား ယာယီပိတ်ထားပါသည်။

နိဂုံးနှင့် သုံးသပ်ချက်

တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကာလ မတိုင်မီတွင် တရုတ်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ် ရေးစစ်ပွဲတင်းမာမှုများ မြင့်တက်လာခြင်း ၊ ပြည်တွင်းဝယ်လိုအား ကျဆင်းလာခြင်း ၊၂၀၁၉ ခုနှစ် အတွင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး ( Gross Domestic Product-GDP ) သည် ၁၉၉၀ ပြည်နှစ်လွန်ကာလများအတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့ ပါသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့လူဉီးရေအများဆုံး ၊ ကုန်ထုတ်လုပ်မှုအမြင့်မားဆုံးနှင့် ရေနံစိမ်းအများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်သည့်အတွက် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးတွင် ချိတ်ဆက်ပါဝင်လျက်ရှိပြီး နိုင်ငံ၏ ကြီးမားသော လူဉီးရေသည် ကမ္ဘာနိုင်ငံများ၏ မော်တော်ယာဉ် များ၊ ဇိမ်ခံပစ္စည်းများမှစ၍ စားသုံးကုန်ပစ္စည်းများအထိ ရောင်းချနိုင်သည့် ကြီးမားသော ဈေးကွက်ကို ပိုင်ဆိုင်ထားပါသည်။

တရုတ်နိုင်ငံ၌ ၂၀၀၂ ခုနှစ်တွင် SARS ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် တရုတ်ပြည်မကြီး အနေဖြင့် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးတွင် ၁.၁ ရာခိုင်နှုန်း ၊ စီးပွားရေး၏ အဓိက မောင်းနှင်အားတစ်ခုအဖြစ် ဝန်ဆောင်မှုကဏ္ဍာအား ဆောင်ရွက်လျက် ရှိသည့် ဟောင်ကောင် နိုင်ငံအနေဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (၂.၆) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရ ပါသည်။ သို့ရာတွင် SARS ရောဂါဖြစ်ပွားပြီးသည့် ၂၀၀၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် ကမ္ဘာ့ဆဌမ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်မှ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိလာပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားအရန်ငွေပိုင်ဆိုင်မှုသည် အမေရိကန်ဒေါ်လာ (၁၄.၅၅) ထရီလီယံရှိခဲ့ပြီး ဥရောပနိုင်ငံများ၏ စုစုပေါင်းပိုင်ဆိုင်မှုနီးပါးအထိ ရောက်ရှိခဲ့ပါသည်။ တရုတ်နိုင်ငံ သည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများအတွက် မရှိမဖြစ်အရေးပါသည့် ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပြီး အမေရိကန်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ အနေဖြင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို အများဆုံးဝယ်ယူခဲ့ပြီး ဥရောပနိုင်ငံများနှင့် ဘရာဇီးနိုင်ငံတို့အနေဖြင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်း အများဆုံး တင်ပို့ရောင်းချလျက်ရှိပါသည်။

တရုတ်နိုင်ငံတွင် လတ်တလောလျင်မြန်စွာပျံ့နှံ့လျက်ရှိသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ် မှုများ ဆောင်ရွက်နိုင်ရန် အစိုးရအနေဖြင့် အပြင်းအထန် ကြိုးစားဆောင်ရွက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရပ်တန့်လုနီးပါး ကျဆင်းလျက်ရှိပါသည်။ သို့ဖြစ်၍ ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကျဆင်းမှုကြောင့် ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးကျဆင်းနိုင်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်လာနိုင်သည်ဟု စီးပွားရေး ပညာရှင်များမှ သုံးသပ်လျက်ရှိပါသည်။

တရုတ်နိုင်ငံတွင် ကြွယ်ဝချမ်းသာသည် လူဉီးရေများပြားလာခြင်းကြောင့် ခရီးသွားခြင်း ၊ ဇိမ်ခံ ပစ္စည်းများသုံးစွဲပိုမိုသုံးစွဲလာနိုင်ခြင်း၊ ခရီးသွားလာရေးကဏ္ဍတွင် တရုတ်နိုင်ငံအပေါ် မှီခိုအားထား လျက်ရှိခြင်း၊ တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ သည် SARS ရောဂါဖြစ်ပွားစဉ်ကထက် အဆမတန် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိသည့်အတွက် တစ်ကမ္ဘာလုံးမှ မှီခိုအားထားနေရသည့် အနေအထားတွင်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ထိခိုက်မှုများဖြစ်ပေါ်လာ မည်ဆိုပါက အကျိုးဆက်အနေဖြင့် တစ်ကမ္ဘာလုံးတွင်လည်း ကြီးမားသော ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ လက်ရှိဖြစ်ပွားလျက်ရှိသည့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်သည် SARS ရောဂါဖြစ်ပွားစဉ်ကထက် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် လာမည်ဟု Cornell University မှ စီးပွားရေးဆိုင်ရာ ပါမောက္ခဖြစ်သူ Eswar Prasad မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

         

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်း)

 

Category: China(Beijing)