China(Nanning)

တရုတ်နိုင်ငံ၏ ကော်ဖီဈေးကွက်တွင် ဦးဆောင်လျက်ရှိသည့် Luckin Coffee Inc.

Last Updated:

          ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံ၏ ကော်ဖီကဏ္ဍတွင် Starbucks ကို သာလွန်လျက် Luckin Coffee Inc. က အကြီးမားဆုံး လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်း ဖြစ်လာပါသည်။ ယခုအခါ ၎င်းလုပ်ငန်းက စီးပွားရေးကွန်ယက်ကို တိုးချဲ့ရန်အလို့ငှာ ကော်ဖီနှင့် သွားရည်စာ အလိုအလျောက် ရောင်းချပေးသော စက်များ ဈေးကွက်သို့ ဝင်ရောက်လာပါသည်။

          ရှမန်အခြေစိုက် Luckin Coffee Inc. လုပ်ငန်းက ရုံးအဆောက်အအုံများ၊ ကျောင်းများ၊ လေဆိပ်များ၊ ဘတ်စ်ကားဂိတ်များ၊ ဓါတ်ဆီဆိုင်များ၊ အဝေးပြေးကားဂိတ်များနှင့် ရပ်ကွက်များ မှ စားသုံးသူများထံသို့ ပိုမိုရောက်ရှိစေရန် ကော်ဖီရောင်းချပေးမည့် Luckin Coffee Express နှင့် သွားရည်စာနှင့်ဖျော်ရည် ရောင်းချပေးမည့် Luckin Pop အပါအဝင် စက်အမျိုး အစားနှစ်မျိုးအား ထားရှိပေးသွားမည် ဖြစ်ပါသည်။

          ၂၀၁၉ ခုနှစ်ကုန်ပိုင်း၌ တရုတ်တစ်နိုင်ငံလုံးတွင် Luckin Coffee Inc. ၏ တနိုင်တပိုင် ဆိုင်ပေါင်း (၄၅၀၇) ဆိုင်ရှိခဲ့ပြီး ဆိုင်အရေအတွက်အားဖြင့် အများဆုံးကော်ဖီလုပ်ငန်း ဖြစ်လာ ပါသည်။ ပြီးခဲ့သည့်နှစ် စတုတ္ထ (၃) လပတ်တွင် ဖောက်သည်အသစ်ဦးရေ (၁၀) သန်း ထပ်မံ ရှာဖွေနိုင်ခဲ့သောကြောင့် ၂၀၁၉ ခုနှစ် အကုန်တွင် ဖောက်သည်စုစုပေါင်း သန်း (၄၀) ရှိလာခဲ့ပါ သည်။ လက်ဖျော်လက်ဖက်ရည်၊ သွားရည်စာနှင့် လက်လီဆိုင်ခွဲ အသစ်များသို့ လက်လှမ်းမီ ရောက်ရှိသည့် ဖောက်သည်အရေအတွက် တိုးပွားလာစေရန် ရည်ရွယ်လျက် ယခုထားရှိသွား မည့် အလိုအလျောက်ရောင်းချသော စက်များတွင် ဈေးလျော့၍ ရောင်းချသွားမည်ဟု သိရပါ သည်။

          Starbucks ၌မူ တရုတ်တစ်နိုင်ငံလုံး၌ ဆိုင်ခွဲပေါင်း (၄၁၀၀) ရှိပြီး ခြုံငုံမိသော နယ်ပယ် ဒေသအရေအတွက်မှာ Luckin ထက် ပိုမိုကြီးမားပါသည်။ သို့ရာတွင် Luckin လုပ်ငန်း၏ အလို အလျောက် ဈေးရောင်းသည့် စက်များထားရှိမည့် အစီအစဉ်ကြောင့် ဈေးကွက်ရောက်ရှိမှု နယ်မြေများကို ပိုမိုတိုးချဲ့နိုင်မည်ဖြစ်ကြောင်း အစားအစာနှင့် အဖျော်ယမကာ သုတေသီ တစ်ဦးက ပြောကြားခဲ့ပါသည်။

          Luckin Coffee ဖောက်သည်များ၏ အရေအတွက် ပိုမိုမြင့်တက်လာကြောင်း Luckin Coffee ၏ အမှုဆောင်အရာရှိချုပ် QianZhiyaက မှတ်ချက်ပြုထားပါသည်။ အထူးသဖြင့် အလိုအလျောက်ဈေးရောင်းချသည့် စက်များတွင် ရင်းနှီးမြှုပ်နှံမှုမှာ သက်သာပြီး၊ ဆိုင်ခန်းခ မပေးရသည့်အပြင် နေရာဒေသကန့်သတ်ချက်လည်း နည်းပါးကြောင်း၊ လက်တွေ့တွင် အလို အလျောက်ဈေးရောင်းသည့်စက်များ၌ ရင်းနှီးမြှုပ်နှံမှုမှ အမြန်ပြန်လည်ရရှိနိုင်ခြေနှေးကွေး ကြောင်း၊ သို့သော် အလိုအလျောက်ဈေးရောင်းသည့် စက်များ၊ ဆိုင်များ၊ e-commerce ဖြင့် ရောင်းချမှုများမှာ ပိုမိုနီးကပ်စွာလည်ပတ်သည့် လက်လီရောင်းချသည့် ကွန်ယက်များဖြစ်လာ ကြောင်း၊ ထို့ကြောင့် လစဉ်စားသုံးသူဖောက်သည်များနှင့် အမှတ်တံဆိပ်တစ်ခုတည်းအပေါ် သစ္စာရှိရှိ စားသုံးသူများ များပြားလာကြောင်း QianZhiyaက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

          ဈေးကွက်အတိုင်ပင်ခံ Mintel ၏ အချက်အလက်များအရ တရုတ်နိုင်ငံ၏ ကော်ဖီ ဈေးကွက်မှာ လျင်မြန်စွာ တိုးတက်နေပြီး ၂၀၁၈ ခုနှစ်အတွင်း ယွမ်ငွေ (၆၄.၇) ဘီလီယံသို့ ရောက်ရှိခဲ့သည်ကို တွေ့ရပါသည်။ ၎င်းပမာဏမှာ ၂၀၁၇ ခုနှစ်ကထက် (၇.၅) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကာ၊ ၂၀၂၃ ခုနှစ်အထိ နှစ်စဉ် တိုးတက်မှုနှုန်း (၆) ရာခိုင်နှုန်းဖြင့် ဆက်လက် တိုးတက်သွားမည်ဟု မျှော်မှန်းထားပါသည်။

          တရုတ်ကော်ဖီဈေးကွက်၌ လက်ဖြင့်ဖျော်စပ်သော လက်ဖက်ရည်နှင့် လက်ဖက်ရည် အခြေခံ ဖျော်ရည်များကို သောက်သုံးသူများပြားလာကြောင်း၊ တရုတ်နိုင်ငံတွင် အရည်အသွေး မြင့် ကော်ဖီရောင်းချပေးသော အလိုအလျောက် ကော်ဖီစက်များကို ပိုမိုထားရှိရန် အလားအလာ ကောင်းများရှိကြောင်း သိရပါသည်။

          ပြီးခဲ့သည့်နှစ်က Nestle သည် Starbucks နှင့် ပူးပေါင်း၍ ရုံးများ၊ အိမ်များတွင် မိမိကိုယ်တိုင် ကော်ဖီစက်ဖြင့် ကော်ဖီဖျော်စပ်ပေးနိုင်သည့် ဗူးငယ်အမျိုးအစားအသစ်များကို မိတ်ဆက်ထုတ်လုပ်ပေးခဲ့ပါသည်။တရုတ်နိုင်ငံတွင် လူကြိုက် အများဆုံး ကော်ဖီအမျိုးအစား များမှာ အမှတ်စဉ် (၁) မှ အစဉ်လိုက်အားဖြင့် Latte ကော်ဖီ၊ Cappuccino ကော်ဖီ ၊ Mocha ကော်ဖီ ၊ Caffe American ကော်ဖီ ၊ Cubita ကော်ဖီ ၊ Espresso ကော်ဖီနှင့် ကော်ဖီအေးတို့ဖြစ်ကြောင်း သိရပါသည်။

 

ရင်းမြစ်- China Daily

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)