China(Beijing)

တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလာသည့်အတွက် စီးပွားရေးပြန်လည်ကောင်းမွန် လာစေရန် စီမံဆောင်ရွက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟုပြောကြားခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံ၏ စားသုံးသူငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် (၇)လတာ ကာလအတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ ကျဆင်းခဲ့သည့်အတွက် နိုင်ငံအနေဖြင့် စီးပွားရေးပြန်လည်တိုးတက်လာစေရန် ဆောင်ရွက်မည့်အစီအမံများ ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှု၏ အဓိကအချက်တစ်ခုဖြစ်သည့် စားသုံးသူဈေးဆနှုန်းကိန်း (CPI)သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း၌ ပြီးခဲ့သည့်နှစ်ထက် (၄.၃)ရာခိုင်နှုန်း မြင့်တက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလသို့အရောက်တွင် ပြီးခဲ့သည့်နှစ် ထက်(၃.၃)ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည့်အတွက် (၇)လတာ ကာလအတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်ဟု အမျိုးသားစာရင်းအင်းဗျူရိုမှ ပြောကြားခဲ့ကြောင်း၊ ထိုကဲ့သို့ ငွေကြေးဖောင်းပွသည့် ဖိအားသက်သာလာရခြင်းမှာ လုပ်ငန်းအများစု ပြန်လည်လည်ပတ်လာပြီး နေထိုင်မှုပုံစံများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သဖြင့် အစားအသောက်ရောင်းလိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ အလားတူပင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် စားသုံးကုန်ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက်(၁၄.၈)ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ မတ်လထက်(၃.၅)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စားသုံးကုန်ငွေကြေးဖောင်းပွမှုနှုန်းတွင် သက်ရောက်မှုအမြင့်ဆုံးဖြစ်သည့် ဝက်သားဈေးနှုန်း သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း (၁၁၆.၄)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ပြီးခဲ့သည့်နှစ်ထက်(၉၆.၉)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စားသုံးသူ ဈေးဆနှုန်းကိန်း(CPI) သည် အစားအသောက် ရောင်းလိုအားမြင့်တက်လာခြင်းနှင့် ဝက်သားဈေးနှုန်းများအပေါ် များစွာမူတည်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ လာမည့်လများအတွင်း CPI ဆက်လက် ကျဆင်းနိုင်ဖွယ်ရှိသည်ဟု လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း၊ ငွေကြေးဖောင်းပွ မှုကျဆင်းလာသည့်အတွက် စီးပွားရေးပြန်လည်ဦးမော့လာစေရန် အလားအလာကောင်းသည့် အခြေအနေများ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း၌ အစားအသောက် မဟုတ်သည့် ကုန်စည်များ၏ ဈေးနှုန်းမြင့်တက်မှုသည် (၀.၄)ရာခိုင်နှုန်း နှေးကွေးသွားခဲ့ကြောင်း၊ စက်ရုံထွက်ဈေးနှုန်းများအား မူတည်တွက်ချက်သည့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI)သည်လည်း ပြီးခဲ့သည့်နှစ်ထက် (၃.၁)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထိုကဲ့သို့ကျဆင်းခြင်းမှာ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများ ကျဆင်းခြင်း၊ Covid-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့်အတွက် တင်ပို့မှုကျဆင်းခြင်း၊ ဝယ်လိုအားနှေးကွေးခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီစေရန် တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၂ ရက်နေ့တွင်  စတင်ကျင်းပပြုလုပ်မည့် အမျိုးသား ပြည်သူ့ကွန်ကရက်၏ နှစ်စဉ်ညီလာခံတွင် ဘဏ္ဍာရေးဆိုင်ရာ စီမံဆောင်ရွက်မှုများအား ချမှတ်သွားမည်ဟု မျှော်လင့်ထားကြောင်း၊ အဆိုပါအစီအမံများသည် နိုင်ငံ၏ နှစ်စဉ်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ (၁၀)ပုံ (၁)ပုံ ဖြစ်သည့် တရုတ်ယွမ်ငွေ(၁၀)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၁ ထရီလီယံ) ထက် ကျော်လွန်မည်ဟု ခန့်မှန်းထားကြောင်း၊ အလားတူပင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်တက်လာစေရန် အခြားစီမံဆောင်ရွက်မှုများ ချမှတ်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ထားကြောင်း၊ တရုတ်နိုင်ငံသည် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထိခိုက်ခြင်းခံခဲ့ရသည့် အဓိကကျသည့် ဖွံ့ဖြိုးဆဲစက်မှုလုပ်ငန်းများတည်ထောင်မှုကို အထောက်အကူပြုစေမည့် စီမံဆောင်ရွက်မှုများချမှတ်ရန် ရည်မှန်းထားသည်ဟု စီးပွားရေးထိပ်တန်းအရာရှိ မှ ပြောကြားခဲ့ကြောင်း၊ အရေးပါသည့် ဖွံ့ဖြိုးဆဲစက်မှုလုပ်ငန်းများ တည်ထောင်ခြင်းဖြင့် အရေးပါသည့် ဖွံ့ဖြိုးဆဲစက်မှုလုပ်ငန်းများ ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်အရေးကြီးကြောင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင်(NDRC) အနေဖြင့် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်၊ အစိုးရမှ ထောက်ပံ့ပေးမှုဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအား လမ်းညွှန်ဆောင်ရွက်ရန်၊ အရေးပါသည့် ဖွံ့ဖြိုးဆဲစက်မှုလုပ်ငန်းများ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း NDRC ၏ ဒုတိယအတွင်းရေးမှူးချုပ်၊ Zhao Chenxin မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

ရင်းမြစ်(၁၃-၅-၂၀၂၀)ရက်နေ့ထုတ် China Daily သတင်းစာ

( မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)