China(Nanning)

တရုတ်နိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်အနေထား

Last Updated:

          ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း Tencent Marketing Insight (TMI) မှ ပြုလုပ်ခဲ့သော ဈေးကွက်ဆန်းစစ်ချက်အရ တရုတ်လူငယ်များမှာ အရည်အသွေးကောင်းမွန်လာပြီး၊ စတိုင်လ်ကျကာ တီထွင်ဆန်းသစ်သည့် ပြည်တွင်းထုတ်ကုန်အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းများကို ပိုမို နှစ်သက်လာကြောင်း တွေ့ရပါသည်။

          TMI က မြို့​တော် (၉) မြို့ရှိ အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းပေါင်း (၆၀)  သို့ ၎င်း၏ ဈေးကွက်ဆန်းစစ်သည့် မေးခွန်းလွှာပေါင်း (၂၆၈၁၅) စောင်ကို ဖြန့်ဝေမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ မေးမြန်းခဲ့သည့် လူဦးရေ၏ ထက်ဝက်ဖြစ်သည့် (၄၁၀၉) ဦးမှာ အသက် (၁၀) နှစ်နှင့် (၁၉) နှစ်ကြား လူငယ်များဖြစ်ကြပါသည်။

          ရှန်ဟိုင်းမြို့မှ အသက် (၁၈) နှစ်အရွယ် ကျောင်းသားတစ်ဦးက သူမ၏ အရေပြား ထိန်းသိမ်းစောင့်ရှောက်မှု အထောက်အကူပြုသည့် ကုန်ပစ္စည်းများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ် သော ပစ္စည်းများဖြစ်ပြီး အမြဲဝယ်ယူနိုင်သော၊ ဈေးနှုန်းသက်သာ၍ အရေပြားထိခိုက်စေသည့် ပါဝင်ပစ္စည်းများ မပါဝင်ကြောင်း၊ လူငယ်များအသုံးပြုရန် သင့်လျော်ကြောင်းဖြေကြားထား ပါသည်။

          အဝတ်အထည်နှင့်စပ်လျဉ်း၍ သူမက တရုတ်နိုင်ငံလုပ် အဝတ်အထည်များကို တစ်ထည် လျှင် ယွမ် ၂၀၀ မှ ၃၀၀ ကြားပေးရန် ရည်ရွယ်ကြောင်း၊ အရည်အသွေးနှင့်ဒီဇိုင်း ကောင်းမွန် ကြောင်း ဖြေကြားခဲ့ပါသည်။ သူမအနေဖြင့် လစဉ် မုန့်ဖိုးအဖြစ် ယွမ် ၄၀၀ မှ ၅၀၀ ကြားရှိပြီး သူမ၏ အဝတ်အစားများမှ တရုတ်နိုင်ငံမှ ထုတ်လုပ်သော အထည်များဖြစ်ကြောင်း ဖြေကြား ခဲ့ပါသည်။

          ရှန်ဟိုင်းမြို့မှ အသက် (၁၇) နှစ်အရွယ် Wu Weicheng ၏ ဖြေကြားချက်အရ သူ၏ အတန်းဖော်အများစုမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဟွာဝေး၊ ရှောင်မီ၊ Vivo နှင့် Oppo  တံဆိပ် လက်ကိုင်ဖုန်းများကို သုံးစွဲကြကြောင်း၊ ဟွာဝေး၏ လက်ကိုင်ဖုန်းနည်းပညာနှင့် လုပ်ဆောင်ချက် များမှာ Apple ထက်သာလွန်၍ ဈေးနှုန်းလည် ပိုမိုသက်သာကြောင်း ဖြေကြားခဲ့ပါသည်။

          Wu Weicheng မှာ တရုတ်အဝတ်အထည်ကုန်အမှတ်တံဆိပ် Li Ning ကို နှစ်သက်သူ ဖြစ်ပြီး အရောင်အသွေး တောက်ပကာ၊ ပြင်ပတွင်လည်း စတိုးဆိုင်များရှိကြောင်း၊ ကုန်အမှတ် တံဆိပ်၏ ကိုယ်စားပြုတံဆိပ်မှာ တရုတ်အက္ခရာ မူလပုံစံကို ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် မြင်သည့်တခဏမှာပင် တရုတ်အမှတ်တံဆိပ်ဖြစ်သည့်ကို ပြောနိုင်ကြောင်း၊ သူ့ထံတွင် လစဉ် ဈေးဝယ်နိုင်သော မုန်းဖိုး ယွမ် ၅၀၀ မှ ယွမ် ၆၀၀ ကြားရှိပြီး မုန့်ဖိုးငွေ၏ (၉၀) ရာခိုင်နှုန်းကို တရုတ်တံဆိပ်ကုန်ပစ္စည်းများကို ဝယ်ယူလေ့ရှိကြောင်း ဖြေကြားခဲ့ပါသည်။

          ရှန်ဟိုင်းမှ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူ Fang Ying ဖြေကြားချက် အရ သူမအနေဖြင့် နိုင်ငံမှ တင်သွင်းသော နို့ထွက်ပစ္စည်းများမှာ အာဟာရဓါတ်များ ပိုမိုပါဝင် ကြောင်းသိသော်လည်း တရုတ်မှ နို့ထွက်ပစ္စည်း ကုန်အမှတ်တံဆိပ်များဖြစ်ကြသော Mengniu နှင့်  Guangming တို့မှ ထုတ်လုပ်သောကုန်ပစ္စည်းများကို ပိုမိုနှစ်သက်ကြောင်း၊  ၎င်းကုန်စည်များကို မြင်ရလျှင် သူမငယ်စဉ်က ရုပ်မြင်သံကြားပေါ်၌ တွေ့မြင်ခဲ့ရသော ကြော်ငြာများကို ပြန်လည် သတိရမိကြောင်း ဖြေကြားခဲ့ပါသည်။

          TMI ၏ အစီရင်ခံစာ သုံးသပ်ချက်အရ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း မွေးဖွားလာသူ လူငယ်မျိုးဆက်တို့မှာ တရုတ်ပြည်တွင်း ထုတ်ကုန်စည်များအပေါ် အမှတ် (၁၀) မှတ် အနက် (၉.၄) မှတ် ပေးကြပြီး၊ အမျိုးသားဂုဏ်ဆောင်အမြင်ဖြင့် ရူမြင်ကြကြောင်းသိပါသည်။ ၎င်းလူငယ် မျိုးဆက်တို့မှာ တရုတ်၏ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးနှင့် တစ်ကမ္ဘာလုံးအပေါ် ဩဇာ တိက္ကမ လွှမ်းမိုးလာမှုနှင့်အပြိုင် ကြီးပြင်းလာကြခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် ၂၀၀၃ ခုနှစ်တွင် တရုတ်မှ ပထမဆုံး လူလိုက်ပါစီးနင်းသည့် အာကာသယာဉ်လွှတ်တင်ခြင်း၊ ၂၀၀၈ ခုနှစ်တွင် ဘေကျင်းအိုလံပစ်ပွဲ ကျင်းပခြင်းနှင့် ၂၀၁၀ ပြည့်နှစ်တွင် ရှန်ဟိုင်းပြပွဲကျင်းပခြင်းစသည့် အဓိက အခါသမယကြီးများကို မြင်တွေ့ခဲ့ရကြောင်း၊ ထို့ပြင် တရုတ်၏ ပြည်တွင်း animation နှင့် ရုပ်မြင်သံကြား အစီအစဉ်တို့မှာလည်း တိုးတက်ဖွံ့ဖြိုးလာကြောင်း၊ Palace Museum နှင့် Gansu ပြည်နယ်ရှိ Magao  Grottoes တို့ကဲ့သို့သော ရိုးရာယဉ်ကျေးမှုနေရာများမှာလည်း လူငယ်တို့အား မိမိကိုယ်ကိုယ်ကြည်မှုအမြင် ပိုမိုရှိလာစေကြောင်း TMI ၏ ဒုတိယအထွေထွေမန်နေဂျာ Zhang Jing က သုံးသပ်ပြောကြားထားပါသည်။

          ထို့ပြင် လူငယ်၏ ပြည်တွင်းထုတ်လုပ်ကုန်ပစ္စည်းများကို  အသုံးပြုဝင့်ကြွားလိုစိတ်မှာ ဖက်ရှင်လမ်းကြောင်းဖြစ်လာပြီး၊ သုံးစွဲမှုအလေ့အထဖြစ်လာသဖြင့် ပြည်တွင်းကုန်အမှတ်တံဆိပ် များကို ပိုမိုဖွံ့ဖြိုးလာစေကြောင်း၊ လူငယ်များက ထူးခြားထင်ရှားပြီး လက်တွေ့ကျကျ ဝယ်ယူ နိုင်သည့် ပြည်တွင်းထုတ်ကုန်များအကြောင်းကို အခြားသူများထံသို့ မျှဝေကြကြောင်း၊ မြင့်တက် လာသော ထုတ်လုပ်မှုနှင့် ပိုမိုကောင်းမွန်လာသော အရည်အသွေး ထိန်းချုပ်မှုများကြောင်း အရည်အသွေးမမီဟု နာမည်ကြီးခဲ့သည့် တရုတ်ကုန်ပစ္စည်းများမှာ  အရည်အသွေး ပိုမိုကောင်းမွန် လာကြောင်း၊ ထိုအချက်ကို ကမ္ဘာကသိရှိစေရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် Xu Feifei က သုံးသပ်ပြောကြားထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)