China(Nanning)

တရုတ်နှင့် တောင်ကိုရီးယားတို့အကြား လေကြောင်းလိုင်းများ တိုးမြှင့်ပြေးဆွဲလာ

Last Updated:

ကိုရိုနာကပ်ရောဂါကြောင့် ကြီးမားစွာထိန်းချုပ်ခံထားရသည့် တရုတ်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံကြားတွင်  လေကြောင်းလိုင်း များ ပြန်လည်စတင်မှုအား တိုးမြှင့် ဆောင်ရွက်လာပါသည်။

Asiana Airlines Inc. မှ ပိုင်ဆိုင်သည့် (စရိတ်သက်သာသော) ဘတ်ဂျက် လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air Busan က တရုတ်နိုင်ငံဘက်မှ ရောဂါကင်းရှင်းကြောင်း အတည်ပြုချက်အပေါ်မူတည်၍ လာမည့်ရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံသို့ လေယာဉ်ပျံသန်းမှုများ စတင်တော့မည်ဖြစ်ကြောင်း ဇူလိုင်လ (၉) ရက်နေ့တွင် ပြောကြား လိုက်ပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့မှ စတင်၍ အင်ချွန်း- ရှန်းကျန့် (Shenzhen) လမ်းကြောင်းအား စတင်ပျံသန်းသွားရေးကမ်းလှမ်းရန်နှင့် ပျံသန်းမည့်အရေအတွက်ကို တိုးမြှင့်သွားရန် Air Busan ကစီစဉ်နေပါ သည်။ ထို့ပြင် သြဂုတ်လအတွင်းအင်ချွန်း- နင်းဘို (Ningbo) လမ်းကြောင်းကိုလည်း ပြန်လည်စတင်သွားရန် ရည်ရွယ်ထားပါသည်။

Air Busan သည် ယခုနှစ် မတ်လ (၉) ရက်နေ့မှစ၍ ကိုရိုနာကူးစက်ရောဂါပျံ့နှံ့ဖြစ်ပွားမှုများကြောင့် အပြည်ပြည်ဆိုင်ရာလေကြောင်း ပြေးဆွဲမှုအားလုံးအား ရပ်ဆိုင်းထားခဲ့ပါသည်။

Asiana လေကြောင်းလိုင်းကလည်း လာမည့်ဇူလိုင်လ (၁၂) ရက်နေ့မှစတင်၍ အင်ချွန်း-နန်းကျင်း (Nanjing) လမ်းကြောင်းအား တစ်ပတ်လျှင်တစ်ကြိမ် ပြန်လည်ပျံသန်းတော့မည်ဖြစ်ကြောင်း၊  လက်ရှိ တွင် အင်ချွန်း- ချန်ချွန်း (Changchun) လမ်းကြောင်း အား တစ်ပတ်လျှင်တစ်ကြိမ် ပျံသန်းပြေးဆွဲပေးနေကြောင်း သိရပါသည်။

Korean Air ကလည်း တရုတ်ပြည်နယ်အစိုးရများနှင့် တရုတ်လေကြောင်းလိုင်း အာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းကာ မကြာမီအချိန်အတွင်း တရုတ်- တောင်ကိုရီးယားလေယာဉ်များ ပြန်လည်ပြေးဆွဲ ရန် အတည်ပြုစာများရယူရန် ကြိုးစားနေကြောင်း သိရပါသည်။

အချက်အလက်များအရ ဇွန်လ (၁) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့အတွင်း တရုတ်လေကြောင်းလိုင်း (၇) ခုအပါအဝင် စုစုပေါင်း လေကြောင်းလိုင်း (၁၀) ခုတို့က တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ အကြား ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ် လေယာဉ်များပြေးဆွဲခဲ့ကြကြောင်း သိရပါသည်။

Korean Air၊ Asiana Airlines နှင့် Jeju Air တို့က တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် အင်ချွန်းမှ တရုတ်နိုင်ငံရှိ  စံရန် (Shenyang)၊  ချန်ချွန်း (Changchun) နှင့် ဝေးဟိုင် (Weihai) မြို့များသို့ ပြေးဆွဲနေပါ သည်။  Air China၊  China Southern Airlines နှင့် China Eastern Airlines အပါအဝင် တရုတ်လေကြောင်းလိုင်း (၇) ခုတို့က  တစ်ပတ်လျှင်တစ်ကြိမ် ချင်းတောင် (Qingdao)၊ စံရန်(Shenyang)နှင့် ရှမန် (Xiamen)မြို့များသို့ လေယာဉ်ပြေးဆွဲနေပါသည်။

Asiana လေကြောင်းလိုင်းမှ ၎င်း၏  WeChat account ပေါ်တွင် ဇူလိုင်လ (၆) ရက်နေ့၌ ကြေငြာချက်အရ လာမည့်ရက်သတ္တပတ်မှစ၍ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း  တောင်ကိုရီးယား၏ အင်ချွန်း မှ တရုတ်၏ ချန်ချွန်း (Changchun)နှင့် နန်းကျင် (Nanjing) နှစ်နေရာသို့ အပတ်စဉ် လေကြောင်းလိုင်းပြေးဆွဲသွားမည်ဟု သိရပါသည်။

ထိုကဲ့သို့ပြေးဆွဲမှု အဆင်ပြေချောမွေ့ပါက ဆိုးလ်မြို့အခြေစိုက် Asiana လေကြောင်းလိုင်းအနေဖြင့် တရုတ်နှင့် တောင်ကိုရီးယားဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်နှင့် နန်းကျင်မှဆိုးလ်သို့ လေယာဉ် လမ်းကြောင်း အသစ်ပြေးဆွဲမှုအား ပထမဆုံး ခွင့်ပြုခြင်းခံရသည့် လေကြောင်းလိုင်းဖြစ်လာပါမည်။

“ ၅  ၁” မူဝါဒမှ ဖောက်ထွက်သောအားဖြင့် ရက်သတ္တတစ်ပတ်လျှင် လေယာဉ်အဝင်နှစ်ကြိမ်၊ အထွက်နှစ်ကြိမ်ပြုလုပ်ခွင့်ပေးရန် Delta Air Lines၊ Lufthansa နှင့် United Airlines တို့အား တရုတ်နိုင်ငံ က ခွင့်ပြုခဲ့ပြီးနောက် Asiana Airlinesက ကြိုးစားလာခြင်း ဖြစ်ပါသည်။

တရုတ်ဉပဒေပြုသူများက ယခုနှစ် မတ်လကုန်တွင် “ ၅     ၁” မူဝါဒအား မိတ်ဆက်ခဲ့ပြီး၊ နိုင်ငံတစ်နိုင်ငံလျှင် ရက်သတ္တတစ်ပတ်လျှင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း တစ်ကြိမ်ဆင်းသက်ခွင့်ပြုကာ ပြည်တွင်းလေယာဉ်အားလုံးအား ၎င်းလေကြောင်း လိုင်းများနှင့်  ချိတ်ဆက်စေသည့် ကန့်သတ်ပျံသန်းစေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

သို့ရာတွင်  တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဌာန(CAAC)က ဇွန်လအတွင်း တရုတ်နိုင်ငံနှင့် အသွားအပြန်လေယာဉ်ပြေးဆွဲခွင့် ပြုထားသော နိုင်ငံများအတွက် ဉီးစားပေးချက်အသစ်များကို ထုတ်ပြန်ကြေငြာထားပါသည်။  ၎င်းကြေငြာချက်အရ ယခုအခါ တရုတ်နိုင်ငံနှင့် နီးကပ်သည့် စီးပွားရေးဆက်ဆံမှုရှိသော နိုင်ငံများ၊ ကိုရိုနာကပ်ရောဂါအား ထိရောက်စွာ ကိုင်တွယ်နှိမ်နင်းနိုင် သည့် စွမ်းရည်ရှိသောနိုင်ငံများ၊  တရုတ်နိုင်ငံတွင် အလုပ်ပြန်လည်စတင်ရန် ပုဂ္ဂိုလ်များအား အမြန်ပြန်လည်စေလွှတ်ရန် လိုအပ်နေသောနိုင်ငံများ၊ တရုတ်နိုင်ငံသားအများအပြားရှိသောနိုင်ငံများနှင့် တရုတ် နိုင်ငံ သို့ စီးပွားရေးလုပ်ငန်းကိစ္စဖြင့် လာရောက်ရေးအတွက် “အစိမ်းရောင်လမ်းကြောင်း” တည်ထောင်ထားပြီးဖြစ်သောနိုင်ငံများအတွက် တရုတ်နိုင်ငံနှင့် လေယာဉ်အသွားအပြန် ပြေးဆွဲမှုများအား လွယ်ကူချောမွေ့စေရန် ခွင့်ပြုထားပြီးဖြစ်ပါသည်။

မေလဆန်း၌  တရုတ်ပြည်မကြီးအတွင်းရှိ လေဆိပ်များသို့ စင်းလုံးငှားလေယာဉ်များအတွက် “အစိမ်းရောင်လမ်းကြောင်း” အတွက် လျှောက်ထားရန် ပြည်တွင်းပြည်ပခရီးသည်တင်လေကြောင်းလိုင်း များအား ခွင့်ပြုခဲ့ရာ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ဆွစ်ဇာလန်တို့က အောင်မြင်စွာ လျှောက်ထားပြီးဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Global Times Net (၁၀-၇-၂၀၂၀)

Category: China(Nanning)