China (HongKong)

တရုတ်ပြည်မကြီး၏ကုန်သွယ်မှု အမြင့်ဆုံးအဆင့် တည်ရှိနေရာမှ လျော့ကျလာနိုင်ခြေရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကူးစက်ဖြစ်ပွားလျှက်ရှိသောကြောင့် တရုတ်ပြည်မကြီး၏ နိုင်ငံခြားကုန်သွယ်မှုလမ်းကြောင်းများ အခက်အခဲများရှိနေမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီအတွင်း ကုန်သွယ်မှုလိုငွေပြခြင်းမှာ လွန်ခဲ့သော (၈) နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ နိုင်ငံခြားဈေးကွက်များသို့ ကုန်ပစ္စည်းများ တင်ပို့နိုင်မှုပမာဏ လျော့ကျသွားနိုင်သောကြောင့် စီးပွားရေးပြန်လည်ကောင်းမွန်လာနိုင်သော်လည်း တိုးတက်မှု နှုန်းမှာ နှေးကွေးနေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုကြောင့် ကမ္ဘာ့နိုင်ငံများမှ ဝယ်လိုအားများမှာလည်း လျော့နည်းနေမည်ဖြစ်ကြောင်း၊ နိုင်ငံခြားပို့ကုန်သွင်းကုန်များ တားမြစ်ကန့်သတ်ချက်များ၊ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့်ပိတ်ထားခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကုန်ပစ္စည်းများပြတ်လပ်မှု အရှိန်မြင့်တက်နေမည်ဖြစ်ကြောင်း၊  အဆိုပါဖြစ်ရပ်ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအပေါ် သက်ရောက်မှုများရှိပြီး စီးပွားရေးကျဆင်းနေမည်ဖြစ် ကြောင်း၊ နောက်ထပ်ပြဿနာတစ်ခုမှာ တရုတ်ပြည်မကြီး၏ စီးပွာရေးမှာ ပို့ကုန်ထက်ပြည်တွင်းစားသုံးမှုအပေါ် မှီခိုလျှက်ရှိကြောင်း၊ တရုတ်နှစ်သစ်ကူးကာလကစပြီး စက်ရုံအလုပ်ရုံများ ဆက်တိုက်ပိတ်ထားသောကြောင့် ပြည်သူများလုပ်ခလစာရရှိမှု မရှိခြင်း၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးလုပ်ငန်းများ ပိတ်ထားရမှုကြောင့် ပြည်တွင်းစားသုံးမှုမှ ရရှိသည့်ဝင်ငွေအား လုံလောက်အောင် အစားထိုးကာမိနိုင်မည် မဟုတ်သော်လည်း ကမ္ဘာ့နိုင်ငံ များသို့  ပို့ကုန်တင်ပို့မှုအား လျှင်မြန်စွာပြန်လည် ဆောင်ရွက်နိုင်ရန် တရုတ်ပြည်မကြီးအနေဖြင့် မျှော်လင့်လျှက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ တရုတ်နှစ်သစ်ကူး ပိတ်ရက်များနှင့် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် စက်ရုံများပိတ်ထားခြင်းကြောင့် ထုတ်ကုန်ပမာဏလျော့ကျခဲ့ကြောင်း၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလ အတွင်း ပို့ကုန်တင်ပို့မှုမှာ ၂၀၁၉ ခုနှစ်နှင့် ကာလတူနှိုင်းယှဉ်လျှင် ၁၇. ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သွင်းကုန်အနေဖြင့် (၄) ရာခိုင်နှုန်းသာ လျော့ကျခဲ့ခြင်းမှာ စားသောက်ကုန် များနှင့် ဆေးဝါးပစ္စည်းများတင်သွင်းမှုကြောင့်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၂) လအတွင်း စုစုပေါင်း ကုန်သွယ်မှုလိုငွေ  အမေရိကန်ဒေါ်လာ ၇.၀၉ ဘီလီယံသာရှိပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကုန်သွယ်မှုလိုငွေပြခြင်း ဖြစ်ကြောင်း၊ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုမှာ ၂၇.၇ ရာခိုင်နှုန်း လျော့ကျခဲ့ ကြောင်း၊ ကုန်သွယ်ရေးသဘောတူညီမှု ပထမအဆင့်အနေဖြင့် တရုတ်ကုန်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံအား အခွန် ၁၅ ရာခိုင်နှုန်း၏ တစ်ဝက်သာကောက်ခံရန် သတ်မှတ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့အထိ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ကျဆင်းမှုမှာ အဓိကလျော့နည်းခြင်းဖြစ်ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်၊ ပထမ (၂) လအတွင်း တရုတ်နိုင်ငံမှ အမေရိကန် ကုန်ပစ္စည်းများဝယ်ယူမှုမှာ ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်ပြည်မကြီးအနေဖြင့် ပြည်တွင်းထုတ်လုပ်မှု လျော့ကျခဲ့သောကြောင့် စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးသုံးပစ္စည်းများနှင့် အဓိကလိုအပ်သည့် ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံများမှ တင်သွင်းမှုများမြှင့်တက်ခဲ့ကြောင်း၊ အသားတင်သွင်းမှုမှာ ၁၂၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ပဲပုပ်စေ့တင်သွင်းမှုမှာ ၁၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တရုတ်ပြည်မကြီးတွင် အာဖရိကဝက်တုပ်ကွေး ဖြစ်ပွားခဲ့မှုကြောင့် ဝက်ကောင်ရေ ၂၀၀ မီလီယံခန့် သေဆုံးခဲ့မှုကြောင့် အသားတင်သွင်းမှုမြှင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း အသားစားသုံးမှုမှာ တရုတ်နှစ်သစ်ကူးကာလအတွင်းတွင် မြင့်တက်ခဲ့သော်လည်း ဇန်နဝါရီလကုန်တွင် လျော့ကျခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကြောင့် သွင်းကုန်တင်သွင်းမှုအပေါ် အပြည့်အဝသက်ရောက်မှုရှိခြင်းနှင့် ပတ်သက်၍ မတ်လကုန်တွင် သိသာရှင်းလင်းစွာ သိရှိနိုင်မည်ဖြစ်ကြောင်း ၈-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Mainland Trade Position Set to Worsen” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)