Japan

တရုတ်မှ လုပ်ငန်းစွန့်ခွာမည့် ဂျပန်ကုန်ထုတ်လုပ်ငန်း ၈၇ ခုအတွက် ပံ့ပိုးပေးမည့်အစီအစဉ်ကို (METI) ထုတ်ပြန်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန (METI) က တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေကြသည့် ကုန်ထုတ်လုပ်ငန်းများကို အရှေ့တောင် အာရှနှင့် ဂျပန်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ထောက်ပံ့ပေးသည့် အစီအစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ကြေငြာခဲ့ပါသည်။ ပထမ အကြိမ်ဆောင်ရွက်မည့်အစီအစဉ်တွင် ဂျပန် ကုမ္ပဏီ ၈၇ ခုပါဝင်ပြီး ၎င်းတို့၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာရေး တွက် ယန်း ၇၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆၅၃ မီလီယံ) ခန့် ရှိသည့် ထောက်ပံ့ငွေ ရရှိမည်ဖြစ် ကြောင်း သိရပါသည်။

Sumitomo ကုမ္ပဏီမှ ရာဘာလုပ်ငန်းစက်ရုံများသည် အော်ဂဲနစ်ရာဘာ လက်အိတ်များကို မလေးရှားနိုင်ငံသို့ ပြောင်းရွှေ့ထုတ်လုပ်မည်ဖြစ်ပြီး Shin-Etsu Chemical သည် ဗီယက်နမ် နိုင်ငံသို့ပြောင်းရွှေ့ကာ Rare-earth magnets များ ထုတ်လုပ်မှုကို ဆောင်ရွက်မည်ဖြစ်ပါသည်။ အခြားသော ကုန်ထုတ်လုပ်ငန်း ၅၇ ခုသည် ဂျပန် နိုင်ငံတွင်းတွင် ပြန်လည်လုပ်ကိုင်ကြမည်ဖြစ် ကြောင်း သိရပါသည်။

အိမ်သုံးပစ္စည်းများထုတ်လုပ်သည့် Iris Ohyama သည် လက်ရှိတွင် တရုတ်နိုင်ငံ၊ လျောင်နင်းစီရင်စုရှိ တလျှံဆိပ်ကမ်းမြို့ရှိ စက်ရုံ၌ နှာခေါင်းစည်းများ ထုတ်လုပ်နေပြီး  စူးကျိုးနှင့် ရှန့်ဟိုင်အနောက်ပိုင်းဒေသများရှိ စက်ရုံများတွင် အထည်အလိပ် လုပ်ငန်းဆောင်ရွက်နေပါသည်။

အဆိုပါ ဂျပန်နိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် Kakuda ကုမ္ပဏီသည် ဂျပန်တောင်ပိုင်းရှိ မီရာဂိ စီရင်စုဒေသတွင်အခြေပြုသည့် ၎င်း၏စက်ရုံတစ်ခုတွင် နှာခေါင်းစည်းများ ထုတ်လုပ်မည်ဖြစ်ပြီး ကုန်ကြမ်းအားလုံးကိုလည်း ပြည်ပမှ ဝယ်ယူခြင်းမပြုဘဲ ပြည်တွင်းမှ ထွက်ကုန်များဖြင့်သာ ဆောင်ရွက်မည်ဟုသိရပါသည်။ သန့်ရှင်းရေးသုံး ပစ္စည်းများ ထုတ်လုပ်သည့် Saraya ကုမ္ပဏီသည် အစိုးရ၏ ပံ့ပိုးမှုဖြင့် အရက်ပြန်ပါဝင်သည့် လက်သန့်ဆေးရည်များ ထုတ်လုပ်ရန် ပြင်ဆင်နေပါသည်။

ဂျပန်အစိုးရ၏ ပံ့ပိုးမှုတွင် အကျုံးဝင်သည့် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများတွင် လေယာဉ် သုံး စက်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်သည့်လုပ်ငန်းများ၊ မော်တော်ကား  အစိတ်အပိုင်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဓာတ်မြေသြဇာ ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်း များ၊ စက္ကူထုတ်လုပ်သည့်လုပ်ငန်းများ ပါဝင်ကြောင်းသိရပါသည်။

ဂျပန်အစိုးရသည် ဂျပန်ကုမ္ပဏီများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်စေရန် ၂၀၂၀ ဘဏ္ဍာနှစ်တွင် အပိုထပ်ဆောင်းဘတ်ဂျက်အနေဖြင့် ယန်း ၂၂၀ ဘီလီယံ အထိလျာထားခဲ့ပါသည်။ အဆိုပါဘတ်ဂျက်မှ ယန်း ၂၃.၅ ဘီလီယံကို တရုတ်နိုင်ငံမှ အရှေ့တောင်အာရှနိုင်ငံများသို့ ဂျပန်ကုမ္ပဏီများ ပြောင်းရွှေ့လုပ်ကိုင် နိုင်ရေးအတွက် လျာထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan