China(Nanning)

တရုတ်အနောက်ပိုင်းဒေသရှိ အရည်အချင်းမီ ရင်းနှီးမြှုပ်နှံသူများသို့ (၁၅) ရာခိုင်နှုန်း အမြတ်ခွန်မူဝါဒမိတ်ဆက်သွားမည်

Last Updated:

တရုတ်အနောက်ပိုင်းဒေသများ၌ ဖွံ့ဖြိုးမှုကြီး ထပ်ဆောင်းဖြစ်ပေါ်လာစေရန် အထူးအခွင့်အရေးပေးမည့် ကော်ပိုရိတ်ဝင်ငွေခွန်အား တိုးချဲ့သွားရန် တရုတ်နိုင်ငံတော်ကောင်စီက ဆုံးဖြတ်လိုက်ပြီဖြစ်ပါသည်။ ယခုနှစ် ဧပြီလ ၁၄ ရက်နေ့၌ ကျင်းပခဲ့သော ထိပ်တန်းအရာရှိများ၏ အစည်းအဝေးပြီးဆုံးပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်အခွန်အကောက်စီမံခန့်ခွဲရေးတို့က ကြေငြာချက်ထုတ်ပြန်ခြင်းဖြစ်ပါသည်။

တရုတ်အနောက်ဘက်ဒေသများရှိ ရင်းနှီးမြှုပ်နှံမှုများအတွက် အမြတ်ခွန်လျှော့ပေးခြင်း

ကြေငြာချက်အရ  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၃၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ နေ့အထိ တရုတ်နိုင်ငံအနောက်ပိုင်းရှိ  အားပေးမြှင့်တင်သောလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့လျှင် ကော်ပိုရိတ်ဝင်ငွေခွန်အား (၁၅) ရာခိုင်နှုန်းပေးဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။  ဤလျှော့ပေါ့ပေးမှု၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်းပါဝင်ပါသည်။ တရုတ်နိုင်ငံရှိ တပြေးညီစံနှုန်းသတ်မှတ်ထားသော ကော်ပိုရိတ်ဝင်ငွေခွန်မှာ (၂၅) ရာခိုင်နှုန်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံရှိ ကော်ပိုရိတ်ဝင်ငွေခွန်မှာ (၂၀) ရာခိုင်နှုန်း ဖြစ်ပါသည်။

တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသများတွင် ချုံချင်းမြူနီစီပယ်ဒေသ၊ စီချွမ်း၊ ကွမ်ကျိုး၊ ကွမ်ရှီး၊ ယူနန်၊ တိဘက်၊ ဂန်းစု၊ ချင်းဟိုင်၊ နင်းရှ၊ ရှန်းရှီး၊ မွန်ဂိုလီးယား အတွင်းပိုင်းနှင့် စင်ကျန်းတို့ပါဝင်ပါသည်။ ၎င်းဒေသများအပြင် ရှန်းရှီး (Xiangxi)၊ အန်ရှီ (Enshi)၊ ရန်ပင်း (Yanbian) နှင့် ဂန်ကျိုး (Ganzhou) ကဲ့သို့သော အခြားပြည်နယ်များ၏ ဒေသနှင့်မြို့တော်အချို့ကိုပါ ၎င်းမူဝါဒဖြင့် ခွင့်ပြုမည်ဖြစ်ပါသည်။

၎င်းမူဝါဒအောက်၌ ခံစားနိုင်ရန် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အနောက်ပိုင်းဒေသတွင် ဖွံ့ဖြိုးလာစေရေး အားပေးမြှင့််တင်ထားသော လုပ်ငန်းအမျိုးအစားများ၌ ရင်းနှီးမြုပ်နှံမှုပြုရပါမည်။  အလားအလာရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့်ရှိြပီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား သင့်လျော်သည့်ရင်းနှီးမြှုပ်နှံမှုပြုနိုင်ရေးအတွက် ဈေးကွက်သုတေသနကြိုတင်ပြုလုပ်ရန် အချိန် (၈) လကြိုတင်ပေးထားခြင်းဖြစ်သောကြောင့် မူဝါဒကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်သက်ရောက်စေမည်ဖြစ်ပါသည်။

အနောက်ပိုင်းဒေသများ၏ တွန်းအားပေးသည့် လုပ်ငန်းများစာရင်း

ကုမ္ပဏီတစ်ရပ်အနေဖြင့် အထူးအခွန်နှုန်းထားကို ရရှိခံစားရန် ၎င်း၏စုစုပေါင်း ဝင်ငွေရရှိမှု၏ အနည်းဆုံး (၆၀) ရာခိုင်နှုန်းအား အနောက်ပိုင်းဒေသရှိ ဖွံ့ဖြိုးလာစေရန် တွန်းအားပေးထားသည့် လုပ်ငန်းများတွင် အဓိကရင်းနှီးမြှုပ်နှံမှုမှ ရရှိရမည်ဖြစ်ပါသည်။ 

ပြည်နယ်တစ်ခုစီအတွက် အမျိုးအစား (၃၀) ခန့်ပါဝင်သော မတူညီသည့် စာရင်းတစ်ခုစီရှိကြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဉီးစားပေးစံနှုန်းအား ညီမျှစွာထားရှိပေးသည်ကို တွေ့ရပါသည်။ ဉပမာ - ယူနန်စာရင်း၌ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားများ အတွက် လက်ခံခွင့်ပြုပေးထားပါသည် -

 (၁)     ရေတွင်ပျော်ဝင်နိုင်သည့်ဓာတ်မြေသြဇာ

(၂)   လျှပ်စစ်ထုတ်လုပ်ရေး၊ လွှဲပြောင်းပေးပို့ရေး၊ ဖြန့်ဖြူးရေးနှင့် ထိန်းချုပ်ရေးပစ္စည်းများနှင့် အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ်ပစ္စည်း   ကိရိယာများ ထုတ်လုပ်ခြင်း၊

(၃)     ဆေးဘက်ဆိုင်ရာနှင့် ဇီဝဆိုင်ရာ အသုံးအဆောင်များထုတ်လုပ်ခြင်း

(၄)  တောင်တန်းဒေသများအတွက် သင့်လျော်သည့် ဆန်၊ ပြောင်း၊ အာလူးနှင့် ကြံတို့စိုက်ပျိုးရာတွင် အသုံးပြုနိုင်သည့် လယ်ထွန်စက်၊ ရိတ်သိမ်းစက် ကဲ့သို့သော ခေတ်မီလယ်ယာစိုက်ပျိုးရေး စက်ကိရိယာများထုတ်လုပ်ခြင်း

(၅)  မော်တော်ယာဉ်နှင့် အထူးရည်ရွယ်ချက်ဖြင့် အသုံးပြုသောယာဉ်များ၊ ကြံသကြားထုတ်လုပ်သည့်စက်များ၊ ကျေးရွာများသို့ ရေပေးဝေရေး စီမံကိန်းများ တည်ဆောက်လည်ပတ်ရေးအတွက် စက်ကိရိယာများ ထုတ်လုပ်ခြင်း

(၆)    အဝေးပြေးခရီးသည် သယ်ယူပို့ဆောင်ရေး

(၇)    လေဆိပ်များလည်ပတ်ရေး

(၈)     cloud တွက်ချက်နည်းများ အသုံးပြုခြင်းနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ

(၉)  Broadband ကွန်ယက်တည်ဆောက်ရေးနှင့် လည်ပတ်ရေး၊ ထောက်ပို့ သယ်ယူပို့ဆောင်ရေးအသုံးအဆောင်များ တည်ဆောက်ရေးနှင့် လည်ပတ်ရေး

(၁၀)  စိုက်ပျိုးရေးအတွက်၊ ကျေးလက်ဒေသနှင့် လယ်သမားများအတွက်၊ အသေးစားနှင့် အငယ်စားလုပ်ငန်းများအတွက်နှင့် လုပ်ငန်းတစ်ခုချင်း အတွက် အသေးစားချေးငွေဝန်ဆောင်မှုလုပ်ငန်းများ

(၁၁)  အနုပညာနှင့် (သီချင်း၊ အက၊ ပန်းချီ၊ ဒီဇိုင်း၊ ကျောက်မျက်လက်မှုပညာ) ကျွမ်းကျင်မှုများအတွက် သင်တန်းများပေးခြင်း

(၁၂)   တေးဂီတကျောင်းများဖွင့်လှစ်ခြင်း

(၁၃)   ကျေးလက်မိလ္လာ၊ အမှိုက်သရိုက်နှင့် တိရိစ္ဆာန်အညစ်အကြေးများကို စီမံ ခန့်ခွဲရေး

တရုတ်အနောက်ဘက်ဒေသများ၏ ပို့ကုန်ဈေးကွက်များ၊ တန်ဖိုးနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမကုန်သွယ်ရေးဖွံ့ဖြိုးမှု

အလုံးစုံခြုံငုံကြည့်ရလျှင် ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းဝင်နိုင်ငံများ၏ ကုန်သွယ်မှုမှာ (၉.၉) ရာခိုင်နှုန်း တိုးတက်ခဲ့သည်ကိုတွေ့ရပြီး တရုတ်တစ်နိုင်ငံလုံး၏ ပို့ကုန်သွင်းကုန်ပမာဏစုစုပေါင်းတွင် (၂၉.၃) ရာခိုင်နှုန်း ပါဝင်ခဲ့ပါသည်။ တရုတ်ရှိ အနောက်ပိုင်းဒေသများမှ ပို့ကုန်ဈေးကွက်များကို ဖွံ့ဖြိုးရန် အခွင့်အရေးရှာဖွေနေကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ယခုလျှော့ချပေးမည့် ဝင်ငွေခွန်မှာ အထူးသင့်လျော်သကဲ့သို့ဖြစ်နေပါသည်။

တရုတ်အနောက်ဘက်ဒေသ၏ ပထဝီဝင်အနေအထား

တရုတ်အနောက်ဘက်ဒေသရှိ လူဉီးရေ (၃၆၆) သန်း၏ ဝယ်လိုအား၊ ၎င်းနှင့် ဆက်စပ်တည်ရှိသော ဒေသတွင်းနိုင်ငံများ၏ အနေအထား၊ (ဆိပ်ကမ်း၊ သိုလှောင်ရုံနှင့် အကောက်ခွန်အဆောင်အယောင်များအပါအဝင်) ရှိပြီး ကုန်စည်ထောက်ပံ့ရေးကွင်းဆက် အခြေခံအဆောက်အအုံတို့ကိုကြည့်ပါက  သိသာထင်ရှားမှုကို မှန်းဆနိုင်ပါသည်။

လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များနှင့် တရုတ်အနောက်ဘက်ဒေသ

အခွန်နှင့် လွတ်လပ်သောကုန်သွယ်ရေးတို့အားဖြင့် တရုတ်အနောက်ပိုင်းဒေသအတွက် တွန်းအားပေးထားသည့်လုပ်ငန်းများကို စူးစမ်းလိုသော နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက် အမြတ်ခွန်အား (၁၅) ရာခိုင်နှုန်းလျှော့ချထားပြီး တခြားအခွင့်အလမ်း များလည်း ရှိနေသည်။

တရုတ်-အာဆီယံ

အနောက်ဘက်ဒေသရှိ ယူနန်၊ ကွမ်ရှီးနှင့် တိဘက်တို့မှာ အာဆီယံနိုင်ငံများဖြစ်သည့် လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့နှင့် ထိစပ်နေပါသည်။  အာဆီယံအဖွဲ့အစည်း ဝင်နိုင်ငံများတွင် လွတ်လပ်သောကုန်သွယ်မှုနယ်မြေရှိသည့်အတွက် ကုန်ပစ္စည်းများကို ဒေသတွင်း၌ လွတ်လပ်စွာစီးဆင်းနိုင်ပါသည်။  တရုတ်နိုင်ငံမှာလည်း အာဆီ ယံနှင့် မိတ်ဖက်နိုင်ငံဖြစ်သဖြင့် အာဆီယံနိုင်ငံများသို့ ကုန်စည်ပို့ဆောင်သည့်အခါ လျှော့ချပေးသော (သို့မဟုတ်) အခွန်ကင်းလွတ်ခွင့် ရရှိထားပါသည်။ ၎င်းအချက်ကို လက်ကိုင်ပြုလျက် ပိုမိုဖွံ့ဖြိုးစေလိုသည့် တရုတ်အနောက်ပိုင်းဒေသတွင် နိုင်ငံခြားလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံစေရန် တရုတ်က ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။

တရုတ်နှင့် ယူရေးရှန်စီးပွားရေးသမဂ္ဂ (Eurasian Economic Union)

တရုတ်အနောက်ဘက်ရှိ ရှင်းကျန်းနှင့်မွန်ဂိုလီးယားအတွင်းပိုင်းဒေသတို့မှာ ကာဇက်စတန်၊ ကရစ်ကစ်စတန်နှင့် ရုရှတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ ထိုကဲ့သို့ ထိစပ်နေသောနိုင်ငံများမှာ ယူရေးရှန်းစီးပွားရေးသမဂ္ဂ၏ အစိတ်အပိုင်းများဖြစ်ကြပြီး၊ တရုတ်နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုး ထားကြပါသည်။ လက်ရှိ ၌ အခွန်အခ လျှော့ချရေးနှင့် ကင်းလွတ်ခွင့်ပြုရေးတို့ကို ဆွေးနွေးလျက်ရှိကြပါသည်။

သုံးသပ်ချက်

တရုတ်နိုင်ငံ၏ အနောက်ဘက်ဒေသများအနက် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကပ်လျက်တည်ရှိသည့်ပြည်နယ်ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်ရေးမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ မော်တော်ယာဉ်များ၊ လယ်ယာသုံးစက်ကိရိယာများ နှင့် ဓာတ်မြေသြဇာများကို တင်သွင်းလေ့ရှိကြရာ၊ ယခုကဲ့သို့ တရုတ်အစိုးရ၏ အမြတ်ခွန်လျှော့ပေါ့ပေးသည့် ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မှုများကြောင့် ၎င်းသွင်းကုန်အမျိုးအစားများအတွက် ဈေးနှုန်းများ ပိုမိုလျော့ကျလာနိုင်ပါသည်။  ထို့ပြင် ပို့ကုန်ပိုင်းတွင်လည်း တရုတ် အနောက်ဘက်ဒေသများကို ဖြတ်သန်းလျက် ယူရေးရှန်းစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဆီသို့ ကုန်စည်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ပေါ်ထွက်လာနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing (၆-၅-၂၀၂၀)

Category: China(Nanning)