Japan

တိုယိုတာက သြဂုတ်လအတွင်း ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ မော်တော်ကားထုတ်လုပ်မှုများ နာလန်ထူလာနိုင်ရန် မျှော်လင့်နေ

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဂယက်ကြောင့် တိုယိုတာမော်တာကော်ပိုရေးရှင်း၏ မော်တော်ကားထုတ်လုပ်မှုသိသိသာသာကျဆင်းခဲ့မှုသည် လက်ရှိတွင် တဖြည်းဖြည်း နာလန်ထူလာသည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လတွင် ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ စက်ရုံများမှထုတ်လုပ်မှုမှာ မူလရည်မှန်းထားသည်ထက် ၂ % ခန့်သာ လျော့နည်း နိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

တိုယိုတာမော်တာသည် မူလက သြဂုတ်လအတွင်း ကားစီးရေစုစုပေါင်း ၇၅၀၀၀၀ ခန့် လျော့ချထုတ်လုပ်ရန် ရည်မှန်းထားသော်လည်း လက်ရှိအခြေအနေအရ ကားအစီးရေ ၁၅၀၀၀ ခန့်သာ လျော့ချထုတ်လုပ်မည်ဖြစ်ကြောင်း ဆိုပါသည်။ သြဂုတ်လအတွက် ကားအစီးရေ လျော့ချ ထုတ်လုပ်မှုနှုန်းသည် အနည်းဆုံးဖြစ်ပြီး ဇူလိုင်လအတွင်း ၁၀ % ခန့်လျော့ချထုတ်လုပ်ခဲ့ကာ ဇွန်လအတွင်းကမူ ၄၀ % ခန့်အထိ လျော့ချခဲ့ရကြောင်း သိရပါသည်။

ဂျပန်နိုင်ငံ၊ မြို့တော်တိုကျိုတွင် ကိုရိုနာဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရချိန်တွင် ယခုလ အစောပိုင်းက တိုယိုတာမော်တာရုံးချုပ်မှ ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှု စစ်ဆေးတွေ့ရှိရပါကြောင်း တိုယိုတာမော်တာက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၁၇ ရက်နေ့တွင် အဆိုပါ စက်ရုံကို ရောဂါပိုးကင်စင်ကြောင်း အတည်ပြုခဲ့ပြီး အချိန်တိုအတွင်း လုပ်ငန်းခွင်ပြန်လည် စတင်နိုင်ခဲ့ကြောင်း သိရပါသည်။

ကပ်ရောဂါပြန့်ပွားနေချိန်အတွင်း တိုယိုတာမော်တာအနေဖြင့် ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပထမနှင့် တတိယသုံးလပတ်ကာလများအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းများကို ရပ်နားရန် ပြင်ဆင်နေပြီးနှင့် သတင်းထုတ်ပြန်မှုမျှသာ ဆောင်ရွက်မည်ဖြစ် ကြောင်း ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

တိုယိုတာမော်တာသည် ကမ္ဘာတစ်ဝှမ်းရှိ ၎င်း၏ ထုတ်လုပ်မှုများသည် ကပ်ရောဂါပြန့်ပွားမှုကြောင့် ရပ်နားထားရမှုမှ မူလလုပ်ငန်းဆောင်ရွက်မှုလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနေသော်ငြားလည်း ယခင် ၂၀၁၉ ခုနှစ်၏ ထုတ်လုပ်မှုနှင့် ရောင်းချမှုများနှင့် နှိုင်းယှဉ်ပါက ဆက်လက်လျော့ကျနေဆဲဖြစ်ကြောင်း သိရပါသည်။  လက်ရှိနောက်ဆုံးခန့်မှန်းလျာထားချက်စာရင်းများအရ တိုယိုတာအနေဖြင့် ပြီးခဲ့သည့်နှစ်က ထုတ်လုပ်မှုထက်  ၉ % ခန့် လျော့ချလျာထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan