China(Nanning)

ထပ်မံပြုပြင်ပြောင်းလဲမှုများအတွက် မူဝါဒများထုတ်ပြန်ရန်ရှိသည့် ကွမ်ရှီး

Last Updated:

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြုပြင်ပြောင်းလဲရေးစီမံဆောင်ရွက်မှုအသစ် (၁၃၃) ခုအား မိတ်ဆက်သွားရန် အစီအမံများဖြင့် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ရန်နှင့် တံခါးဖွင့်ပေးမှုများ ပိုမိုပြုလုပ်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဧပြီလ (၂၀) ရက်နေ့၌ ကွမ်ရှီးပါတီကော်မတီ၏ ပြုပြင်ပြောင်းလဲရေး ကော်မတီရုံး၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်များက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

စီမံဆောင်ရွက်မှုများတွင် အဓိကပြုပြင်ပြောင်းလဲမည့်လုပ်ငန်းပေါင်း (၅၄) ခုနှင့် အထွေထွေပြုပြင်ပြောင်းလဲမည့်လုပ်ငန်းပေါင်း (၇၉) ခုတို့ပါဝင်ပါသည်။

၎င်းတို့အနက် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုစနစ်၏ ပြုပြင်ပေါင်းလဲရေးတွင် ပါဝင်သော (၁၅) ခုမှာ ဖန်ချန်းကန် နိုင်ငံတကာဆေးဘက်ဆိုင်ရာတံခါးဖွင့် စမ်းသပ်ဇုန် တည်ဆောက်ရေး၊ တရုတ် (ကွမ်ရှီး) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်အတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု လွယ်ကူချောမွေ့စေမှုမြှင့်တင်ရေး၊ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များဖွံ့ဖြိုးမှုအား အရှိန်မြှင့်တင်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထပ်ဆောင်းအသုံးချရေးတို့အပေါ် အလေးထားဆောင်ရွက်မည်ဖြစ်ပါ သည်။

စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲမှုတွင် ရင်းမြစ်များအား ဈေးကွက်ဉီးစားပေး ခွဲဝေမှုကိုတိုးတက်စေခြင်း၊ ရှေ့တန်းရောက် စက်မှုကုန်ထုတ်လုပ်မှုများနှင့် ခေတ်မီ ဝန်ဆောင်မှုလုပ်ငန်းများ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ခြင်းနှင့် ကွမ်တုန်း- ဟောင်ကောင်- မကာအို မဟာပင်လယ်ကွေ့ဒေသ၏ လုပ်ငန်းပြောင်းရွှေ့မှုများအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အပေါ် အလေးထားသည့် စီမံဆောင်ရွက်မှုပေါင်း (၂၈) ခုတို့အား ကွမ်ရှီးက မူဝါဒချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

ဂေဟစနစ်ဆိုင်ရာမြို့ပြုလူနေမှုစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ခေတ်မီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစနစ်တစ်ရပ်တည်ထောင်ရေးနှင့် ကွမ်ရှီးရှိ အရေးပါသောမြစ် များ၏ ဂေဟစနစ်ဆိုင်ရာ ရေထုထည်ကာကွယ်ရေးတို့ကို ခြုံငုံမိသည့် စီမံဆောင်ရွက်မှု (၇) ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အစိုးရစီမံခန့်ခွဲမှုနှင့် ဉပဒေရေးရာစနစ်နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမည့် စီမံဆောင်ရွက်မှု (၁၈) ရပ်တို့အား တရားဉပဒေစိုးမိုးရေးအောက်တွင် အစိုးရတစ်ရပ်ကို ခိုင်မာစွာတည်ဆောက်ခြင်း၊ အဓိကဆုံးဖြတ်ချက်ချမှတ်ရေးအတွက် သက်တမ်း တလျှောက်လုံးတည်တံ့မည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စနစ်တည်ဆောက်ရေး နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု ခေတ်မီလာစေရေး မြှင့်တင်ခြင်းတို့အပေါ် အလေးထားသွားမည် ဖြစ်ပါသည်။

လူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးစနစ် (၁၇) ရပ်တွင် အများပြည်သူကျန်းမာရေး အရေးပေါ် စီမံခန့်ခွဲမှုစနစ်များ တိုးတက်ရေး၊  ဆေးဘက်ဆိုင်ရာလုံခြုံရေးစနစ်၏ ပြုပြင်ပြောင်းလဲမှုအား ပိုမိုနက်ရှိုင်းလာစေရေး၊ မူလတန်းနှင့် အလယ်တန်းကျောင်းများ ရှိ ဆရာများအပေါ် ဝန်ထုပ်ဝန်ပိုးများလျှော့ချရေးနှင့် တက္ကသိုလ်များနှင့် ကျောင်းများတွင်  အလုပ်သမားပညာပေးမှုများ ပိုမိုခိုင်မာအားကောင်းလာစေရေးတို့အပေါ် အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးရေးကိုအထောက်အကူပြုမည့် စီမံဆောင်ရွက်မှု (၁၂) ရပ်ကိုလည်း အလေးထားဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၄-၂၀၂၀)

Category: China(Nanning)