Thailand

ထိုင်းစီးပွားရေးဘဏ်မှ GDP တိုးတက်မှုနှုန်း (၁ ရာခိုင်နှုန်း) အောက် ရောက်ရှိနိုင်ကြောင်း သတိပေး

Last Updated:

ဗဟိုဘဏ်အကြီးတန်းအရာရှိတစ်ဉီး၏ပြောကြားချက်အရ ထိုင်းစီးပွားရေးဘဏ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုသည် တစ်နှစ်ပတ်လုံးဆက်လက်ဖြစ်ပွားမည်ဆိုပါက ၂၀၂၀ ခုနှစ်တွင် စီးပွားရေးသည် (၁%) အောက်တွင်သာရှိနိုင်သည်ဟု ခန့်မှန်းထား ကြောင်းပြောကြားခဲ့ပါသည်။

အကယ်၍ ဗိုင်းရပ်စ်သည်ဗဟိုဘဏ်၏ ခန့်မှန်းထားသည်ထက်ပို၍ တစ်နှစ်ပတ်လုံးပျံ့နှံ့ ဖြစ်ပွားမည်ဆိုပါက GDP တိုးတက်မှုနှုန်းသည် (၁%) အောက်တွင်သာရှိနိုင်ကြောင်း ငွေကြေးမူဝါဒအဖွဲ့၏ စီးပွားရေးနှင့်မူဝါဒရေးရာဉီးစီးဌာန အကြီးတန်း ညွှန်ကြားရေးမှူး Don Nakornthab က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် နည်းပညာဆိုင်ရာကျဆင်းမှုသို့ ကျဆင်းသွားနိုင်ဖွယ်ရာရှိကြောင်း၊ ၎င်းသည် ဗိုင်းရပ်စ်ဖြစ်ပွားမှု မည်မျှကြာမြင့်မည်ဆိုသည့်အပေါ် မူတည်နေကြောင်း ဖြစ်နိုင်ချေအပေါ် မှတ်ချက်ပြုလျှက်ရှိနေကြပါသည်။ စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်နိုင်ကြောင်း၊ သို့ရာတွင် စီးပွားရေးဆိုင်ရာ အချက်အလက်များအပေါ် ပြည့်စုံစွာ စဉ်းစားသုံးသပ်ရန်လိုအပ်ကြောင်း Mr. Don က ပြောကြားခဲ့ပါသည်။

ထိုင်းဘဏ်အနေဖြင့် ယခုနှစ် (၃) လအတွင်း စီးပွားရေးကျဆင်းမည်ဟု မျှော်လင့်ကြောင်း၊ ဗိုင်းရပ်စ်ပျံ့နှံ့မှုအနေဖြင့် ရပ်တန့်ခြင်းမပြုမီ လာမည့်လအနည်းငယ်အတွင်း က်လက်ဖြစ်ပွားမည်ဟု ၎င်းကပြောကြားခဲ့ပါသည်။

နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ကထက် (၄၅%) ကျဆင်းခဲ့သဖြင့် စီးပွားရေးတိုးတက်မှုသည် ဖေဖေါ်ဝါရီလတွင် သိသိသာသာကျဆင်းသွားလိမ့်မည် ဖြစ်ပါသည်။ ခရီးသွားကဏ္ဍအနေဖြင့် ၂၀၁၉ ခုနှစ်တွင် GDP ၏ (၁၁.၁%) ရှိပြီး မကြာသေးမီနှစ်များအတွင်းက စီးပွားရေးတိုးတက်မှု၏ မောင်းနှင်အား အင်ဂျင်ဖြစ်ခဲ့သော ခရီးသွားကဏ္ဍမှာ ဗိုင်းရပ်စ်ကူးစက်မှု၏ ဒါဏ်ကို ဆိုးရွားစွာခံနေရပါသည်။

Mr.Don က ထိုင်းနိုင်ငံတွင် ဗိုင်းရပ်ဖြစ်ပွားမှုသည်တတိယအဆင့်သို့ရောက်ရှိနိုင်သော်လည်း ယခုအခါ ဒုတိယအဆင့်တွင် ရောဂါကူးစက်မှုကို ထိန်းချုပ်စီမံခန့်ခွဲနိုင်ခဲ့ ခြင်းကြောင့် ၎င်း၏ အကျိုးသက်ရောက်မှုမှာ စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့ပါသည်။

ယခင်နှစ်ဒီဇင်ဘာလက ဗဟိုဘဏ်သည် ၂၀၂၀ခုနှစ်တွင် စီးပွားရေးတိုးတက်မှု အလားအလာကို ၃.၃%) မှ (၂.၈%) သို့ လျှော့ချခဲ့ပြီး ၎င်း၏ခန့်မှန်းချက်အား မတ်လ (၂၅) ရက်နေ့တွင် ပြန်လည်သုံးသပ်ရန် စီစဉ်ထားပါသည်။

ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်မှာတရုတ်နိုင်ငံဖြစ်ကြောင်း၊ ၎င်းမှ ကူးစက်ပျံ့နှံ့မှု စတင်ခဲ့ကြောင်း၊ ၎င်း၏ စီးပွားရေးဒေသတစ်ချို့မှာ မြင့်တက်နေခဲ့ကြောင်း၊သို့ရာတွင် တရုတ်ပြည် အပြင်ဖက်တွင် ကူးစက်မှုများလာကြောင်းပြောကြားခဲ့ပါသည်။ ဇန်နဝါရီလ တွင် ခရီးသွားဝင်ရောက်မှုမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် (၂.၅%) တိုးတက် ခဲ့ကြောင်း၊ အဓိကအားဖြင့် မလေးရှား၊ ရုရှား၊ ဟောင်ကောင် စသည်တို့မှ နှစ်သစ်တွင် ဝင်ရောက်မှုတိုးတက်ခဲ့ခြင်းဖြစ်ပါသည်။ ဇန်နဝါရီလတွင် ခရီးသွား ဝင်ရောက်မှုမှာ စုစုပေါင်း (၃.၈) သန်းရှိခဲ့ပါသည်။

ဇန်နဝါရီလက တရုတ်ခရီးသွား (၉၀%) ကျဆင်းခဲ့ကြောင်း ၊ တရုတ်အစိုးရအနေဖြင့် ကပ်ရောဂါဖြစ်ပွားမှုနှင့် အလုပ်လက်မဲ့များပြားလာမှုကြောင့် အလုပ်သမား ဈေးကွက်ထိခိုက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့်ပြင်ပသို့ထွက်သည့် အုပ်စုလိုက် ခရီးသွားများကို တားမြစ်ခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။

ပထမလတွင်ထိုင်းနိုင်ငံ၏စီးပွားရေးမှာ နှေးကွေးသောလမ်းကြောင်းတွင်ဆက်လက်တည်ရှိ နေပါသည်။ ရွှေမှလွဲ၍ ပို့ကုန်ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်လက (၀.၉%) ကျဆင်းခဲ့ရပြီးနောက် ယခုလတွင် (၁.၃%) ကျဆင်းခဲ့ပါသည်။ သို့ရာတွင် ထိုင်းနိုင်ငံ အနေဖြင့် ဇန်နဝါရီလတွင် ရွှေအပါအဝင်ပို့ကုန်တင်ပို့မှု (၃.၅%) တိုးတက်မှု ရှိခဲ့သော အာဆီယံ၏ တစ်ခုတည်းသော နိုင်ငံဖြစ်ပါသည်။

ကုန်ထုတ်လုပ်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူ့အသုံးစရိတ်များသည်ပြီးခဲ့သည့်လက ကျဆင်းခဲ့ပါသည်။ ပုဂ္ဂလိကစားသုံးမှုသည် နှေးကွေးသောနှုန်းဖြင့် တိုးတက်ခဲ့ပြီး လယ်ယာဝင်ငွေမှာ မြင့်တက်ခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအပြင် မိုးခေါင်မှုအခြေအနေများနှင့် ၂၀၂၀ ဘတ်ဂျက်ခွဲဝေမှု နှောင့်နှေးမှုအခြေအနေများကိုလည်း စောင့်ကြည့်လျှက်ရှိကြောင်း Mr.Don ကပြောကြားခဲ့ပါသည်။ မိုးခေါင်မှုမှာလည်းဆိုးဝါးကြောင်း၊မိုးရွာသွန်းမှု နည်းပါးခြင်း ကြောင့် ဆည်မြောင်းရေကာတာများ တွင်ရေခမ်းခြောက်မှု အကျပ် အတည်းနှင့် ရင်ဆိုင်နေရပါသည်။

၂၀၂၀ ခုနှစ်ဘတ်ဂျက်ဉပဒေပြဌာန်းလိုက်ခြင်းသည် ယခုနှစ် ဒုတိယ (၃) လပတ်တွင် ဘတ်ဂျက် ငွေပေးချေမှုကိုပြုလုပ်ရန် မျှော်လင့်ထားသဖြင့် ပြည်တွင်းသုံးစွဲမှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post   

Category: Thailand