Thailand

ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်ပြည်ပို့ကုန်မြင့်တင်ရေး အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ပို့ကုန်တိုးတက်မှု (၃-၄%) ရရှိစေရေးအတွက်  ပြည်ပပို့ကုန်မြှင့်တင်ရေး  လှုပ်ရှား မှုပေါင်း (၁၅၂) ခုကို  ဆောင်ရွက်သွားရန် စီစဉ်လျှက်ရှိနေကြောင်းနှင့် အလားအလာရှိသော  ကုန်သွယ်ဖက်နိုင်ငံများနှင့် အသေးစား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (Mini FTAs) များအား  မြှင့်တင်ဆောင်ရွက်သွားရန်လည်း မျှော်မှန်းထားကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Phusit Tatanakul က ဝန်ကြီးဌာနအနေဖြင့် သမရိုးကျ၊ အလယ်အလတ်အဆင့်နှင့် ဈေးကွက်အသစ်များတို့တွင် အွန်လိုင်းနှင့် အော့ဖ်လိုင်းနှစ်မျိုးလုံးဖြင့် ပြည်ပပို့ကုန်မြှင့်တင်ရေးလှုပ်ရှားမှုပေါင်း (၁၅၂) ခုကို ဆောင်ရွက်သွားရန် ရည်ရွယ်ထား ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ လှုပ်ရှားမှုများတွင် ဆန်၊ ပီလောပီနံ၊ ကြက်သား၊ ရာဘာ၊ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းများ၊ ဟာလာအစားအစာများ၊ ဖက်ရှင်ပစ္စည်းများ၊ လူနေမှုပုံစံပစ္စည်း များ၊  တိရစ္ဆာန်အစားအစာများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ စသည့် အဓိကရည်မှန်းထားသည့် ထုတ်ကုန်များအတွက် အွန်လိုင်း စီးပွားရေးတွေ့ဆုံပွဲ (Online Business Matchings) များ ပါဝင်ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် THAIFEX ANUGA Asia ၊ Bangkok Gems & Jewellery Fair နှင့် Thailand International Logistic Fair စသည့် အွန်လိုင်း Virtual ကုန်စည်ပြပွဲများကို ကျင်းပရန် စီစဉ်ထားရှိခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် Spas စသည့်လုပ်ငန်းများဆိုင်ရာ ထုတ်ကုန် များအတွက်  အရောင်းမြှင့်တင်ရေးလှုပ်ရှားမှုများကိုလည်း စီစဉ်ထားကြောင်း သိရှိရပါသည်။

အစားအစာများ၊ အစားအသောက်များ၏ ဆန်းသစ်တီထွင်မှုများနှင့် ဆန်၊ ဒီဂျစ်တယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ထိုင်းသစ်သီးဝလံများကဲ့သို့သော ထိုင်းထုတ်ကုန် များ၏ ပုံရိပ်မြှင့်တင်ရေးဆိုင်ရာ လူထုဆက်ဆံရေးလှုပ်ရှားမှုပွဲများကိုလည်း တရုတ်နိုင်ငံ၏ မြို့ကြီး (၁၃) မြို့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် လယ်ယာထုတ်ကုန်ပစ္စည်းများ၊ အစားအစာ၊  အဖျော်ယမကာနှင့် အစားအစာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ကုန်စည်ပြပွဲများ၊   စီးပွားရေးဆိုင်ရာတွေ့ဆုံမှုများ၊ အရောင်းမြှင့်တင်ရေးပွဲများကို ကုန်တိုက်ကြီးများတွင် လှုပ်ရှားမှုပေါင်း (၅၆) ခုဖြင့် ကျင်းပဆောင်ရွက်သွားရန် ကတိပြုထားကြောင်း သိရှိရပါသည်။

ဌာနအတွက် နောက်ထပ်အလေးပေးဆောင်ရွက်မည့်  အခြားအစီအစဉ်တစ်ခုမှာ BCG ဟုခေါ်သည့် ဇီဝ (Bio)၊ Circular နှင့်အစိမ်းရောင် (Green) ထုတ်ကုန်များ တင်ပို့ရောင်းချရေးဖြစ်ပြီး SMEs လုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်သွားရန်နှင့် လူမှုအဖွဲ့အစည်းများ၏ ထုတ်ကုန်ထုတ်လုပ်သူများအား လေ့ကျင်ရေးသင်တန်း များနှင့် ဆွေးနွေးပွဲအစီအစဉ်များမှတစ်ဆင့် ပြည်ပပို့ကုန်တင်ပို့သူများ ဖြစ်လာစေရန်ဖြစ်ကြောင်း သိရှိရပါသည်။

ဉီးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများအား ကုန်သွယ်ဖက်နိုင်ငံများ၏ အိုမီခရွန်ဗိုင်းရပ်စ်သက်ရောက်မှုများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအစီအစဉ် များ၏ သက်ရောက်မှုများအပေါ် အနီးကပ်စောင့်ကြည့်သွားရန် ညွှန်ကြားထားကြောင်း၊ အကယ်၍  အတားအဆီးများရှိလာပါက ၎င်းတို့အနေဖြင့် ချက်ချင်း သတင်း ပို့ရန်ဖြစ်ကြောင်း သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန အနေဖြင့်  အလားအလာရှိသော ကုန်သွယ်ဖက်နိုင်ငံများနှင့် အသေးစားလွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် (Mini FTA) များအတွက် ဆွေးနွေးပွဲများကို   အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း၊ အိန္ဒိယနိုင်ငံ Telangana နှင့် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။

Mini FTAs များအတွက် အလားအလာရှိသော အခြားနယ်ပယ်ဧရိယာတို့မှာ တရုတ်ပြည်မှ Gansu၊ Shanhai နှင့် Shenzhen ပြည်နယ်များ၊ တောင်ကိုရီးယားမှ ဘူဆန် (Busan)၊ နိုင်ဂျီးရီးယားမှ Abuja ၊ တောင်အာဖရိကမှ Johannesburg တို့ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဉီးစီးဌာန ညွှန်ကြား ရေးမှူးချုပ် Mr.Phusit ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၎င်းက အိုမီခရွန်၏ သက်ရောက်မှုကြောင့် ယခုနှစ် ပထမနှစ်ဝက်တွင် ပြည်ပပို့ကုန်များ နှေးကွေးနိုင်ကြောင်း အသိအမှတ်ပြုပြောဆိုခဲ့ပြီး  ဒုတိယနှစ်ဝက်တွင် ပိုမို ကောင်းမွန်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အတွက် ပို့ကုန်တိုးတက်မှုအနေဖြင့် (၃-၄%) ရရှိနိုင်မည်ဖြစ်ပြီး ဘတ်ငွေ (၈.၉၈-၉.၀၇) ထရီလီယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာအားဖြင့်ဆိုပါက (၂၈၀) ဘီလီယံအထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းမှာ ၂၀၂၁ ခုနှစ်တွင် ခန့်မှန်းခဲ့သော (၁၆%) တိုးတက်မှုထက် ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ပို့ကုန်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့်အချက်များတွင် ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးနာလန်ထူလာမှု၊ ဘတ်ငွေတန်ဖိုးအားနည်းမှု၊ ရေနံဈေး မြင့်တက်မှုကြောင့် ရေနံနှင့်ဆက်စပ်နေသော ပြည်ပပို့ကုန်များ၏ ပြည်ပပို့ကုန်တန်ဖိုးတိုးတက်မှု၊ ယခုနှစ်တွင်စတင်မည့် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (RCEP) တို့ပါဝင်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand