Thailand

ထိုင်းနိုင်ငံတွင် ထိုင်း အစားအစာများ ပြည်ပသင်္ဘောတင်ပို့မှု အလားအလာ ကောင်းမွန်မည်ဟု မျှော်မှန်း

Last Updated:

ပို့ကုန်များအတွက် အလားအလာအလွန်ဆိုးဝါးနေသော်လည်း တကမ္ဘာလုံး၏ ဝယ်လိုအားမြင့်တက်မှုနှင့် ထိုင်းအစားအစာများ၏ အရည်အသွေးတို့ကြောင့် ယခုနှစ်အတွက် ထိုင်းအစားအစာ ပြည်ပသင်္ဘောတင်ပို့မှုအနေဖြင့် (၃%)တိုးတက်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ကပ်ရောဂါအပေါ်ထိန်းချုပ်နိုင်စွမ်းကလည်း ထိုင်းအစားအစာများ၏ လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူများ၏ ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ စက်တင်ဘာလ (၂၂) မှ (၂၆)ရက်နေ့အထိ ကျင်းပသည့် (၃၀)ကြိမ်မြောက် Thaifex-Anuga Asia ပွဲတွင် ထိုင်းအစားအစာထုတ်လုပ်သူများအသင်း ဉက္ကဌ Visit Limlurcha က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကပ်ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးကျဆင်းမှုတို့က ယခုနှစ်အတွက် ပို့ကုန်ကဏ္ဍများစွာအပေါ် (၃၀%-၄၀%)ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် အစားအစာ ပြည်ပတင်ပို့မှုမှာ(၃%)တိုးတက်ပြီး ဘတ်ငွေ(၁.၂၅)ထရီလီယံ ရရှိမည်ဟု ယုံကြည်ထားကြောင်း Mr. Visit ကပြောကြားခဲ့ပါသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် မရှိမဖြစ် ပစ္စည်းများအနေဖြင့် ဝယ်လိုအားလိုအပ်ချက် မြင့်တက်လျက်ရှိနေကြောင်း၊ အထူးသဖြင့် အစားအစာများဖြစ်ကြောင်း၊ ထိုင်းအစားအစာ ထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့သူများအနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုလိုင်းများနှင့်ပတ်သက်၍ ထုထည်ပမာဏကြီးမားသော အစားအစာ ပုံစံထုတ်လုပ်ခြင်းထက်  တစ်ကိုယ်ရေသုံးအသေးစားနှင့် တစ်ခါသုံး အစားအစာပုံစံများအား ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်နိုင်‌ရေးအတွက် ပြန်လည်ချိန်ညိှသင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

အစားအစာထုတ်လုပ်မှုများအနေဖြင့် အစားအစာလုံခြုံစိတ်ချရမှု(food safety)၊ ဗိုင်းရပ်စ်ကာကွယ် မှုနှင့် ကျန်းမာရေးကိစ္စအပေါ် သတိထားဂရုစိုက်နေသော ဖေါက်သည်များကို ကာကွယ်နိုင်ရန် အာရုံစိုက်သင့်ကြောင်း သိရှိရပါသည်။ Mr. Visit က ထိုင်းအစားအစာ ပြည်ပတင်ပို့သူများအနေဖြင့် မတည်ငြိမ်သော နိုင်ငံခြားငွေလဲလှယ်မှု၊ မိုးခေါင်မှုနှင့် Covid-19 ဒုတိယလှိုင်းဖြစ်နိုင်ချေ အလားအလာတို့ကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း Mr.Visit ကပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့် Covid-19 ဒုတိယလှိုင်းကို မကြုံတွေ့ ရင်မဆိုင်ရသောနိုင်ငံများအနေဖြင့် နှစ်သစ်ကူးပွဲတော်အခမ်းအနားများကို စီစဉ်ကျင်းပကြလိမ့်မည်ဖြစ်ပြီး အဆိုပါနှစ်၏ ကျန်ရှိသောလများအတွက် စားနပ်ရိက္ခာ ဝယ်လိုအား မြင့်တက်စေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့အပြင် အသေးစားထုပ်ပိုးမှုနှင့် တစ်ခါသုံးအစားအစာများအပြင် အချိုမှုန့်၊ ဆားနှင့် ဆီမပါဝင်သော အသင့်စား အစားအစာများအတွက်လည်း အလားအလာများ ရှိနေကြောင်း Mr.Visit ကပြောကြားခဲ့ပါသည်။

အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin ကလည်း ထိုင်းနိုင်ငံ အနေဖြင့် အင်းပက်မောင်းထောင်းဌာနီတွင် ပြသပြုလုပ်ခဲ့သော ကုန်စည်ပြပွဲကြီးနှင့် အွန်လိုင်းကုန်စည်ပြပွဲ Virtual Trade Show တို့ကို ပထမဉီးဆုံးအကြိမ်အဖြစ် ပေါင်းစပ်ပြသ ကျင်းပခဲ့ကြောင်းနှင့်အွန်လိုင်း Business Matching ကိုလည်း ကျင်းပနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Thaifex 2020 ပြပွဲတွင် ထိုင်းကုမ္ပဏီပေါင်း(၇၀၈)ခုနှင့် နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ကုမ္ပဏီ ပေါင်း(၁၈၉) ခုတို့ ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။ ယမန်နှစ်က ထိုင်းအစားအစာ ပြည်ပတင်ပို့မှုအနေဖြင့် (၃.၈%)ကျဆင်းခဲ့ပြီး ဘတ်ငွေအားဖြင့် (၁.၀၃)ထရီလီယံရှိခဲ့ကြောင်း၊ သို့ရာတွင် ဒေါ်လာတန်ဖိုးအားဖြင့်ဆိုပါက (၀.၂%) တိုးတက်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၃.၁) ဘီလီယံရှိခဲ့ကြောင်း၊ အစားအစာတင်သွင်းမှုအနေဖြင့် ဘတ်ငွေ(၄၀၁)ဘီလီယံရှိခဲ့ပြီး (၀.၁%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မှတ်တမ်းများအရ ကျဆင်းသွားသော အမည်များမှာ ဆန်(-၂၂%)၊ သကြား(-၁၃.၇%)၊ စည်သွပ်တူနာငါး(-၆%)၊ ပုဇွန်(-၉.၂%)၊ နာနတ်သီး(-၁၅.၇%)တို့ဖြစ်ကြောင်းသိရှိရပါသည်။ အစားအစာ ပြည်ပတင်ပို့မှု တန်ဖိုးများ ကျဆင်းသွားရခြင်းမှာ ကမ္ဘာ့ဝယ်လိုအား ကျဆင်းမှု၊ ဘတ်ငွေတန်ဖိုး  မြင့်တက်မှုနှင့် ကမ္ဘာ့အစားအစာ တန်ဖိုးကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ယမန်နှစ်က ကမ္ဘာ့အစားအစာကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၁.၃)ထရီလီယံ ရှိခဲ့ပြီး(၀.၆%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းအစားအစာ ပြည်ပတင်ပို့မှုမှာ ကမ္ဘာ့အစားအစာ ကုန်သွယ်မှု၏ (၂.၅%)ရှိခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ကမ္ဘာ့အစားအစာတင်ပို့သည့် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ၎င်းတို့အနက် ဆန်ပြည်ပတင်ပို့မှု မှာ (၁၇.၅%)ဖြင့် အကြီးမားဆုံးဈေးကွက်ဝေစုရရှိထားကြောင်း၊ ၎င်းနောက်တွင် ကြက်သားတင်ပို့မှု၊ သကြား၊ ပြုပြင်ထားသောတူနာငါး၊ ပီလောပီနံမှုန့်နှင့် ပုဇွန် တို့ပါဝင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand