Thailand

ထိုင်းနိုင်ငံထွက် အဆင့်မြင့်သစ်သီးဝလံများကို အွန်လိုင်းပလက်ဖေါင်းများမှတစ်ဆင့် ရောင်းချရေး ထိုင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီစဉ်နေခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆင့်မြင့်သစ်သီးများရောင်းချနိုင်ရန် ထိပ်တန်းအွန်လိုင်းပလက်ဖေါင်း(၇)ခုနှင့်ပူးပေါင်းပြီး ရိတ်သိမ်းရာသီအတွင်း လယ်သမားများ၏ ထုတ်ကုန်များရောင်းချရှင်းလင်းနိုင်အောင် နောက်ဆုံးကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr,.Jurin Laksanawisit ၏ ပြောကြားချက်အရ သစ်သီးခြံရှင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်းတို့၏ ခြံထွက်သစ်သီးများကို တင်ပို့နိုင်ခြင်းမရှိသောကြောင့် ယခုအခါ ၎င်းတို့၏ ထုတ်ကုန်များကို အွန်လိုင်းဖြင့် ရောင်းချခြင်းဖြင့် ကူညီပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နောက်ဆုံးအစီအစဉ်အရ ပြည်တွင်းရှိစားသုံးသူများအနေဖြင့်ပြည်ပပို့ကုန်အရည်အသွေး အဆင့်အတန်းရှိ သစ်သီးဝလံများဖြစ်သော သရက်သီး၊ ဒူရင်းသီး၊ မင်းဂွတ်သီး၊ လောင်ဂန်သီး၊ လိုင်ချီးသီးတို့အား ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။ ပါဝင်ကြမည့် အွန်လိုင်း ပလက်ဖေါင်းများမှာ Thailandpostmart ၊ Shopee ၊ Lazada၊ JD Central ၊ Jatujakmall ၊ Cloudmall ၊The Hub Thailand တို့ဖြစ်ကြပါသည်။

မစ္စတာဂျူရင်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အွန်လိုင်း အရောင်းအစီအစဉ်တွင်ပါဝင်ရန် လယ်သမားများ၊ သမဝါယမများ၊ ရပ်ရွာလူထု အခြေပြု စီးပွားရေးလုပ်ငန်းများ နှင့် ပြည်ပတင်ပို့သူများ စုစုပေါင်းအုပ်စု (၅၀) ကျော်အား အစီအစဉ်တွင် ပါဝင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ပို့ကုန်တင်ပို့မှုတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယမန်နေ့က မိတ်ဖက်ပြုလုပ်ခဲ့သည့် Octorocket.asia အပြင် ထိုင်းနိုင်ငံရှိ သစ်သီးများအတွက် အွန်လိုင်းအရောင်းအား ပိုမိုတိုးမြှင့်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးဉီးစီးဌာနအား တရုတ်နိုင်ငံ၏ China’s TMall အပါအဝင် အိနိ္ဒယနိုင်ငံရှိ India’s Bigbasket ၊ ကမ္ဘောဒီးယားနိုင်ငံရှိ Cambodia’s Khaleang.com ၊ ဂျပန်နိုင်ငံရှိ Japan’s Aeon၊ စင်္ကာပူနိုင်ငံ နှင့် အမေရိကန်နိုင်ငံ တို့ရှိ Amazon နှင့် တောင်ကိုရီးယား၏ South Korea’s Lottle စသည့် များစွာသော ထိပ်တန်းအွန်လိုင်းပလက်ဖေါင်းဉီးဆောင်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနအား ထိုင်းပြည်ပတင်ပို့သူများနှင့် နိုင်ငံခြားဝယ်လက်များတို့အကြား သစ်သီးဝလံများရောင်းချနိုင်ရေးအတွက် စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ (Business Matachings) များအား ဆက်လက်ကျင်းပ ဆောင်ရွက်သွားရန်လည်းညွှန်ကြားခဲ့ပါသည်။ တောင်ကိုရီးယား သွင်းကုန်တင်သွင်းသူများနှင့် နောက်ဆုံးသရက်သီး တင်ပို့ရောင်းချမှုဆိုင်ရာ စီးပွားရေးတွေ့ဆုံပွဲ ကျင်းပခဲ့ပြီးနောက် သရက်သီး တန်ချိန်(၃,၂၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅)သန်းအား တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။

မစ္စတာဂျူရင်က အစိုးရအနေဖြင့် တရုတ်နိုင်ငံသို့ ကုန်းလမ်းမှ သစ်သီးဝလံတင်ပို့နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းမှာမနက်ဖြန်မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း၊ လာအိုနှင့်ဗီယက်နမ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဖြတ်သန်းသယ်ဆောင် နိုင်ရေး ပိုမိုအဆင်ပြေစေရေးအတွက် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်စစ်ဆေးရေးဂိတ်(၄)ခုဖြစ်သော Mohan ၊ Youyi Guan ၊ Dongxing၊ Pinxiang စသည့် နယ်စပ်ဂိတ်များမှတစ်ဆင့် သစ်သီးများကို တင်ပို့လျှက်ရှိပါသည်။ ယမန်နှစ်က တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှ လတ်ဆတ်၊ အေးခဲနှင့်အခြောက်ခံထားသော သစ်သီးဝလံတင်ပို့မှုမှာ စုစုပေါင်းသစ်သီးတင်ပို့မှု၏(၅၇%)ရှိပြီး ဝင်ငွေမှာ တန်ဖိုးအားဖြင့် ဘတ်ငွေ (၆၄.၅)ဘီလီယံ ရရှိခဲ့ပါသည်။ ထိုင်း လတ်ဆတ်သော သစ်သီးကုန်သည်များနှင့် ပြည်ပတင်ပို့သူများအသင်း မှ ယခုနှစ်အတွက် သစ်သီးဝလံတင်ပို့မှုမှာ ယမန်နှစ်က တင်ပို့ခဲ့သော ဘတ်ငွေ (၁၁၃)ဘီလီယံ ထက် (၁၀%) ခန့် မြင့်တက်နိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရှိနေသော်လည်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ဝယ်လိုအား မြင့်တက်နေမှုကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

 

Category: Thailand