Thailand

ထိုင်းနိုင်ငံအနေဖြင့်ပို့ကုန်ဈေးကွက်ချဲ့ထွင်ရန်FTAs များကိုပိုမိုစဉ်းစားလာခြင်း

Last Updated:

 ထိုင်းနိုင်ငံအနေဖြင့် ပို့ကုန်ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံများနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTAs) ဆိုင်ရာများကို ယခုနှစ် ဒုတိယနှစ်ဝက်ပိုင်းတွင် လေ့လာသွားရန် စီစဉ် ထားကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုဆိုင်ရာ စေ့စပ်ညိှနှိုင်းရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Auramon Supthaweethum က ဌာနအနေဖြင့် အဆိုပါ လေ့လာမှုအတွက် (၆) လမှ (၁၂) လခန့်အထိ ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။

လေ့လာမှုအတွင်း သက်ဆိုင်သူအားလုံးကို ၎င်းတို့၏ သဘောထားများအား ထုတ်ဖေါ်ပြောကြားခွင့်ဖြင့် လူထုကြားနာပွဲများကို လည်း ကျင်းပသွားမည်ဖြစ်ကြောင်း သူမကပြောကြားခဲ့ပါသည်။

Mrs. Auramon ၏အဆိုအရ FTAs အသစ်များနှင့်ပတ်သက်သော လေ့လာဆန်းစစ်မှုများကို ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဂျူရင် ဉီးဆောင်ကျင်းပခဲ့သည့်အစိုးရနှင့် ပုဂ္ဂလိကပူးတွဲကော်မတီအစည်းအဝေးတွင် ပုဂ္ဂလိက ဖက်မှ အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် နိုင်ငံပေါင်း (၁၈) နိုင်ငံတို့နှင့် FTAs ပေါင်း (၁၄) ခုရှိပြီး ယခုနှစ်အစောပိုင်း ကစတင်အသက်ဝင်ခဲ့သည့် ဒေသတွင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှု၏ အဖွဲ့ဝင်လည်းဖြစ်ပါသည်။ နိုင်ငံခြားကုန်သွယ်မှုဌာန၏ အဆိုအရ ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ FTAs အသုံးပြုမှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၆.၃) ဘီလီယံရှိပြီး  ၎င်းမှာ (၆) နှစ်အတွင်း အမြင့်မားဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ယမန်နှစ်က FTAs အခွင့်အရေးအသုံးချမှုသည် (၇၈.၂%) မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် FTAs အသုံးချမှုသည် (၇၆.၅%) သာမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

FTAs ပေါင်း (၁၄) ခုအောက်တွင် FTAs အခွင့်အရေးအပေါ် အများဆုံးအသုံးချမှုများအနေဖြင့် အာဆီယံ (အမေရိကန်ဒေါ်လာ ၂၆.၃ ဘီလီယံ၊ ၃၅.၉%)၊ တရုတ် (အမေရိကန်ဒေါ်လာ ၂၅.၃ ဘီလီယံ၊ ၃၃.၂%)၊ ဂျပန် (အမေရိကန်ဒေါ်လာ ၆.၆၉ ဘီလီယံ၊ ၈..၄၉%)၊ ဩစတြေးလျ (အမေရိကန်ဒေါ်လာ ၆.၁၅ ဘီလီယံ၊ ၂၃.၂%)၊ အိန္ဒိယ (အမေရိကန်ဒေါ်လာ ၅၂၃ သန်း၊ ၁၉.၉%) စသည်ဖြင့် အသီး သီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

FTAs အခွင့်အရေးအပေါ် အများဆုံးအသုံးချမှုသည့် ထိပ်တန်းထုတ်ကုန် (၅) ခုမှာ အလေးချိန် (၅) တန်ထက်မပိုသည့် ကုန်တင်ကား (Truck) များ၊ လတ်ဆပ်သည့်ဒူရင်းသီးများ၊ (၂,၅၀၀ cc) အင်ဂျင်ပါဝါရှိသည့် ခရီးသည်တင်ကားများ၊ သဘာဝရာဘာထုတ်ကုန်များ နှင့် ကြက်သားတို့ဖြစ်ကြောင်း သိရှိရပါသည်။              

FTAs အခွင့်အရေးကို အသုံးပြုတင်သွင်းလာသည့် သွင်းကုန်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် (၂၈.၅%) မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ (၄၄.၉) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။  ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ပူးတွဲကုန်သွယ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် ဗြိတိန် နိုင်ငံနှင့် FTAs ဆိုင်ရာ စေ့စပ်ညိှနိုင်းမှုအစီရင်ခံစာအား တင်ပြခဲ့ကြောင်း သိရှိရပါသည်။ ဗြိတိန်နိုင်ငံအနေဖြင့် ပထမဉီးဆုံးကော်မတီ အစည်းအဝေးကို လန်ဒန်မြို့တွင်  အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် အဆိုပြုခဲ့ကြောင်း သူမကပြောကြားခဲ့ပါသည်။

ထိုင်း- ဗြိတိန် စီးပွားရေးဉီးဆောင်ကောင်စီ  အဖွဲ့ဝင်များဖြစ်ကြသည့်   ထိုင်းစီးပွားရေးခေါင်းဆောင်များအား အဆိုပါအစည်းအဝေး သို့တက်ရောက်ရန် ဖိတ်ကြားထားကြောင်း၊ အထူးသဖြင့် လယ်ယာထွက်ကုန်၊ အစားအစာ၊ အဖျော်ယမကာ၊ ဘဏ္ဍာရေး၊ ကျန်းမာ ရေးနှင့် ဒီဂျစ်တယ် စသည့်စီးပွားရေးကဏ္ဍများအား စီးပွားရေးအခွင့်အလမ်းများ ရှာဖွေနိုင်ရန်နှင့် စီးပွားရေးဆက်ဆံမှုများအား ခိုင်မာစေရေးဆောင်ရွက်နိုင်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေးသည် ထိုင်းနှင့် ဗြိတိန်နိုင်ငံတို့အကြား FTAs ဆိုင်ရာစေ့စပ်ညိှနှိုင်းမှုအတွက် ကုန်သွယ်မှုဆိုင်ရာလမ်းကြောင်း (Channel) သစ်တစ်ခုဟု ယူဆကြောင်း၊ ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညိှနှိုင်းမှုဌာနအနေဖြင့် ထိုင်း- ဗြိတိန် FTAs ၏ အကျိုးသက် ရောက်မှုများကို လေ့လာဆန်းစစ်လျှက်ရှိနေကြောင်းနှင့် လေ့လာဆန်းစစ်မှုများကို မကြာမီအပြီးသတ်နိုင်ရန် မျှော်လင့်ထား ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand